Western News
Homeကျန်းမာရေးဝမ်းရောဂါကြောင့် သေဆုံးသူ ၅ ဦးရှိလာ၍ မောင်တောက စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးအကူအညီလိုနေဟု အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကို AA...

ဝမ်းရောဂါကြောင့် သေဆုံးသူ ၅ ဦးရှိလာ၍ မောင်တောက စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးအကူအညီလိုနေဟု အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာကို AA အကူအညီတောင်း

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် မောင်တောဒေသတွင် ဝမ်းပျက်ဝမ်းလျှော့ရောဂါကြောင့် သေဆုံးသူ ၅ ဦးအထိရှိလာနေ၍ စစ်ရှောင် ၂၀,၀၀၀ အတွက် ဆေးဝါးများ အရေးတကြီးလိုအပ်နေသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန် အကူအညီတောင်းခံထားသည်။

မောင်တောဒေသတွင် ဝမ်းပျက်ဝမ်းလျှော့ ရောဂါဖြစ်ပွားမှု တိုးလာခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့များက ဆေးဝါးကူညီပေးကြရန် ULA/AA မှ ဖွဲ့စည်းထားသော အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ တစ်ဆင့် AA က အကူအညီတောင်းခံနေသည်။

“ယခုအချိန်တွင် မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ထိုသူများအတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့်သက်ဆိုင်သော ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်လိုအပ်သောဆေးဝါးများမှာ အရေးတကြီးလိုအပ်လျက်ရှိနေပါသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

မောင်တောဒေသက ပိတ်မိနေသော ဒေသခံပြည်သူများကို စစ်ပွဲနှင့်ကင်းလွတ်ရာသို့ အချိန်မီကယ်ထုတ်ပြီး ရွှေ့ပြောင်းနေရာချထားခြင်းများကို ဆက်တိုက်ပြုလုပ်ပေးလျက် ရှိကြောင်း AA က ဆိုသည်။

ယမန်နေ့အထိ ကယ်ထုတ်လာသည့် စစ်ပွဲရှောင်အရေအတွက်မှာ နှစ်သောင်း (၂၀၀၀၀) နီးပါး အထိ ရှိလာခဲ့ပြီး ကယ်ထုတ်သည့်လုပ်ငန်းများကို ဆက်လက်ပြုလုပ်လျက်ရှိနေဆဲဟု သိရသည်။

လက်ရှိအချိန်သည် မိုးရာသီကာလဖြစ်၍ မိုးရာသီတွင်အဖြစ်များသော ဝမ်းပျက်၊ ဝမ်းလျှောခြင်း ရောဂါမှာ နေရာအချို့၌ ဖြစ်ပေါ်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းများကလည်း ဒေသခံပြည်သူများမှာ ရေကြီးခြင်းဒဏ်ကို ခံစားခဲ့ရသည်ဟု AA ပြည်သူ့ကျန်းမာရေးဌာနကဆိုသည်။

“ရေကြီးခြင်း၏ နောက်ဆက်တွဲဖြစ်သော သောက်သုံးရေမသန့်ခြင်းများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှုန်းမှာ ယခုရက်ပိုင်းအတွင်း ပိုမို မြင့်တက်လျက်ရှိသည့်အပြင် သေဆုံးသည့်အရေအတွက်မှာ (၅) ယောက်အထိ ရှိခဲ့ပြီးဖြစ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လက်ထဲရှိ ဆေးဝါးများဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို လူမျိုးမရွေး၊ ဘာသာမရွေး ကုသပေးလျက်ရှိကြောင်း ဆိုသည်။

သို့သော်လည်း ရခိုင်ပြည်မှာ စစ်ဘေး၊ ရေဘေးများကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဆေးဝါးဆိုင်ရာ လိုအပ်မှုများရှိနေသေးကြောင်း AA က ထုတ်ပြန် အကူအညီတောင်းခံနေခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular