Western News
Homeစစ်ရေးစစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

စစ်ကောင်စီ ပစ်ခတ်၍ ကျိန္တလီမြို့မှာ အရပ်သား ၁၁ ဦးသေ၊ ၁၁ ဦးဒဏ်ရာရ

ရခိုင်ပြည် ဂွမြို့နယ် ကျန္တလီမြို့ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကြဲချနေ၍ ယမန်နေ့က အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြို့ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။ ကျိန္တလီမြို့ အားလုံးပျက်စီးသွားပြီ။ မနေ့က အရပ်သား ၁၀ ကျော် သေပြီး ၁၀ ကျော် ဒဏ်ရာ ရကြတယ်လို့ ပြောတယ်။ ” ဟု ပြောသည်။

သေဆုံးသွားသူများမှာ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်ပြီး အသက် ၆၀ ကျော် လူကြီး လေးဦးပါဝင်သည်။

၎င်းတို့မှာ မငြိမ်းရတီ (၁၂ နှစ်)၊ မောင်လှမင်းထွန်း (၁၅ နှစ်)၊ ဒေါ်လှဆန်း (၃၀ နှစ်)၊ ဒေါ်ညွန့်တင် (၆၃ နှစ်)၊ ကိုပြည့်ဖြိုးအောင်(၂၉ နှစ်)၊ ဦးကျော်စိန် (၆၃ နှစ်)၊ ဒေါ်ကြူကြူဝင်း (၆၁ နှစ်)၊ ဦးမင်းထွန်း သိန်း(၃၈ နှစ်)၊ မဇင်မျိုးထွန်း (၂၁ နှစ်)၊ ဒေါ်လှလှဝင်း (၆၅ နှစ်) နှင့် ဒေါ်ခင်မိုးဝေ (၃၇ နှစ်) တို့ဖြစ်ကြောင်း APM က ဖော်ပြထားသည်။

ဒဏ်ရာရသူများမှာ ဒေါ်ခင်လပြည့်၊ ဒေါ်မေမြင့်၊ နံ့သာဖြူ၊ အိရွှီစင်၊ ဒေါ်စီစီ၊ ဒေါ်ခင်လှ၊ ဦးတင်အုန်း၊ တင်ဇော်ထွေး၊ သျှင်မွေလ၊ ခင်ဇော်ထွေးနှင့် မောင်ဝင်းတင်တို့ ဖြစ်ကြသည်။

ယင်းအပြင် စစ်ကောင်စီ ဗုံးသီးများမှာ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံသို့လည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံတခုလုံး ပျက်စီးသွားကြောင်း သိရသည်။

ကျိန္တလီမြို့ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီဖြစ်ကြောင်းနှင့် ကျိန္တလီမြို့ထဲ စစ်ကောင်စီသားများမှာ ဂွမြို့အနီး ကုလားပြင် (ရတနာမြိုင်) တံတားထိပ်သို့ တပ်ဆုတ်ခွာကြောင်း ဒေသခံများက ပြောသည်။

ကုလားပြင်တံတားထိပ်တွင် စစ်ကောင်စီတပ်သားများက ခံစစ်ပြင်ဆင်ကာ ကျိန္တလီမြို့ထဲ လက်နက်ကြီးများ နေ့စဉ် အဆက်မပြတ် ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း နေ့စဉ် ဗုံးလာကြဲနေကြောင်း စစ်ရေးသတင်းရင်းမြစ် အသက် ၃၅ နှစ်အရွယ် ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။

” ကျိန္တလီက တပ်ဆုတ်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကုလားပြင် တံတားထိပ်က တပ်စခန်းနဲ့ ပူးပေါင်းနေတယ်။ အဲဒီတံတားမှာ ခံစစ်သေချာပြင်ဆင်ပြန် AA ထိုးစစ်ကို ခုခံနေကြတယ်။ ကျိန္တလီမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်နေတာပဲ။ ” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်မှုကြောင့် ကျိန္တလီမြို့ထဲက ပြည်သူအများစု စစ်ရှောင်နေကြရသလို ဂွမြို့က ဒေသခံပြည်သူများလည်း ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့သည် ရခိုင်ပြည်၏ အဆုံးမြို့တစ်မြို့ဖြစ်ပြီး သံတွဲမြို့ကို ထိန်းချုပ်ပြီးနောက် ဂွမြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular