Western News
Homeစစ်ရေးမွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား

မွန် ကိုယ်စားပြု ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေး မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြိုးစား

(မြန်မာ မြောက်ပိုင်းနှင့် ရခိုင်ဒေသက အောင်ပွဲများကို MSFC က ဂုဏ်ပြု)

မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တစ်ခု ထွက်ပေါ်ရေး ကြိုးစားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ကြေညာလိုက်သည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ ကျရောက်သည့် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီက ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

မွန်လူမျိုးတို့၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရန် အစဉ်ဦးထိပ်ထားပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် မွန်လူမျိုးတို့ကို ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်တခု ထွက်ပေါ်နိုင်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ အားထုတ်ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ထို့ပြင် အခြားသော တော်လှန်ရေးအစုအဖွဲ့များ၊ စိတ်တူပန်းတိုင်တူ အဖွဲ့အစည်းများနှင့် လက်ရှိ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို တိုက်ဖျက်သည့် တော်လှန်ရေးလုပ်ငန်းစဉ်များတွင် တတပ်တအားပါဝင်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။

သမိုင်းအစဉ်အလာ ကြီးမား သော မွန်ပြည်သူလူထုတရပ်လုံးကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းထားသည်။

မွန်ခေါင်းဆောင်များက ၁၉၄၈ ခုနှစ်မှသည် ဒီမိုကရေစီကာလ၊ စစ်အုပ်ချုပ်ရေးကာလ၊ တစ်ပါတီအုပ်ချုပ်ရေးကာလများတွင် အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုအတွင်း မွန်ပြည်တစ်ရပ် ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

၇၇ နှစ်တာ ကာလအတွင်း တော်လှန်ရေးအသီးအပွင့် တချို့ ရရှိခဲ့သည်ဆိုသော်ငြားလည်း မွန်ပြည်သူများလိုအပ်သည့် နိုင်ငံရေးပန်းတိုင်၊ အမျိုးသားရေးပန်းတိုင်ကား မရောက်ရှိသေးကြောင်း MSFC က ပြောသည်။

လက်ရှိ နိုင်ငံတော်အာဏာကို အတင်းအဓမ္မသိမ်းယူပြီး ဖက်ဆစ်အာဏာရှင်နည်းနှင့် ပြည်သူ များကို နည်းမျိုးစုံဖြင့် ဖိနှိပ်ညှင်းပန်းအုပ်ချုပ်နေသည့် စစ်ကောင်စီ (စကစ) သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးနှင့် နိုင်ငံတကာရေးရာများတွင် ဘေးကြပ်နံကြပ်နှင့် ဖြတ်သန်းနေရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး စစ်အာဏာရှင်အား အပြတ်အသတ် တိုက်ခိုက်ခြင်းကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရခိုင်ဒေသများတွင် မြို့သိမ်းတိုက်ပွဲ ဆက်တိုက်ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံမြောက်ပိုင်းနှင့် ရခိုင်ဒေသက အောင်မြင်မှုများအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် တော်လှန်ရေးအင်အားစုများကို အထူးပင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် ဆက်စပ်နေသည့် တော်လှန်ရေးအင်အားစုများအနေဖြင့် အခြားသော နွေဦးတော်လှန်ရေးအင်အားစု တိုင်းရင်းသားအင်အားစုများနှင့်အတူ စစ်အာဏာရှင်အား ဆန့်ကျင်တွန်းလှန်လျက်ရှိကြောင်း သိရသည်။

တော်လှန်ရေးအင်အားတောင့်တင်းလာရေး ရေရှည်တည်တန့်ရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ပြည်သူများ ဝိုင်းရံနေခြင်းသည် စစ်အာဏာ ရှင်စနစ်အား အပြီးအပိုင်ဖျက်သိမ်းရေးတွက် ပြည်သူများက တတပ်တအား ပါဝင်နေပြီဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular