Western News
Homeစစ်ရေးစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တောင်ကုတ်ကို ဗုံးကြဲ၊ မွေးကင်းစမိခင်တစ်ဦး သေဆုံး

စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် တောင်ကုတ်ကို ဗုံးကြဲ၊ မွေးကင်းစမိခင်တစ်ဦး သေဆုံး

ရခိုင်ပြည် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေပြီး ယနေ့ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီကျော်က တိုက်ခိုက်သော ဗုံးကြောင့် မီးချောင်းထိုးကျေးရွာမှ မွေးကင်းစမိခင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရသည်။

သေဆုံးသူ အမျိုးသမီးက အသက် ၂၅ နှစ်ကျော်အရွယ် ဒေါ်ချေမဖြစ်ပြီး လသားအရွယ် ကလေး ၁ ဦးနှင့် ၅ နှစ်အောက် ကလေး ၁ ဦး ကျန်ခဲ့ကြောင်း စုံစမ်းသိရသည်။

အသက် ၅၀ အရွယ် တောင်ကုတ်ဒေသခံတစ်ဦးက ” ဒေါ်အချေမက နေရာ၌ သေဆုံးသွားတာ၊ သူ့မှာ ၁ လသား ကလေး တစ်ယောက်နဲ့ ၅ နှစ်အောက် ကလေးတစ်ယောက် နှစ်ယောက်ကျန်ခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲလည်းမရှိဘဲ စစ်ကောင်စီက ဒီအတိုင်း ဗုံးလာကြဲတာ။ ” ဟု ပြောသည်။

ဒဏ်ရာရသူများ၏ အမည်နှင့် အရေအတွက် ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဖုန်းလိုင်းဆက်သွယ်ရေးခက်ခဲနေ၍ အတိအကျမသိရသေးပေ။

မီးချောင်းထိုးကျေးရွာသည် တောင်ကုတ်မြို့ထဲနှင့် နှစ်မိုင်ခန့်ဝေးကွာပြီး အရပ်သားနေကျေးရွာကို စစ်ကောင်စီလေတပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်ပြီး ဒုတိယအကြိမ်တွင် ရွာထဲ ကျရောက်ပေါက်ကွဲခဲ့သည်။

အမျိုးသမီးတစ်ဦး သေဆုံးသွားသည့်အပြင် လူနေအိမ်လည်း ၅ အိမ်ထက်မနည်း ပျက်စီးသွားကြောင်း တောင်ကုတ်မြို့ခံများက ပြောသည်။

နောက်ထပ် တောင်ကုတ်မြို့ခံ စစ်ရေးသိသူတစ်ဦးက ” စစ်ကောင်စီက တောင်ကုတ်မြို့နယ် အထူးသဖြင့် မြို့အနီးတစ်ဝိုက်ကို ဗုံးဆက်တိုက်ကြဲနေတာ တစ်ပတ်လောက်ရှိနေပြီ။ တောင်ကုတ်မြို့အနီးအနားက ကျေးရွာတွေ၊ တောင်တန်းတွေကို တိုက်ခိုက်နေတာ။ စစ်ကောင်စီကတော့ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ AA ရှိမယ်ထင်တဲ့ နေရာတွေကို ပစ်တယ်လို့ သတင်းလွှင့်မှာ။ ဒီမှာက AA ရှိလား၊ မရှိဘူးလား မသိဘူး။ အခု အပြစ်မဲ့ ပြည်သူတွေ အမျိုးသမီးတွေ သေပြီ။ ” ဟု ပြောသည်။

စစ်ကောင်စီသည် တောင်ကုတ်မြို့ ဝင်အတိုက်မခံရအောင် မြို့အနီးအနားမှာ AA ရှိနိုင်သည့် နေရာများကို တိုက်ခိုက်နေသည်ဟု ဆိုသော်လည်း အရပ်သားနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေ၍ အရပ်သားပြည်သူများ သေဆုံးနေကြရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၃ နာရီကလည်း တောင်ကုတ်မြို့နှင့် ၁၀ မိုင်ဝေးကွာသည့် မိုးတောင်တန်းကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ကာ မိုးတောင်တန်းရှိ မိုးပညာဒါနပရဟိတကျောင်း (ဘကကျောင်း) မှာ မီးလောင်ပျက်စီးသွားခဲ့ရသည်။

ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်၌ ဗုံးစထိမှန်၍ တောင်ကုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ရသည်။

ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီခွဲအချိန်ကလည်း တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ တောင်ကုတ်တက္ကသိုလ်ထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တိုက်ခဲ့ပြီး တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကား ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကလည်း တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားခဲ့ရသည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ၁၅ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ရင်းများသည် မြို့အစပ်နှင့် လူနေကျေးရွာများရှိရာသို့ လက်နက်ကြီးများ ယနေ့အချိန်အထိ အဆက်မပြတ်ပစ်ခတ်နေကြောင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular