Western News
Homeစစ်ရေးတောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား

တောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား

ရခိုင်ပြည် တောင်ကုတ်မြို့မှာရှိသည့် တောင်ကုတ်တက္ကသိုလ်မှာ အာဏာသိမ်း စစ်ကောင်စီက အမြောက်အထိုင်ချ တပ်စွဲထားပြီး အာရက္ခတပ်တော် AA အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ နောက်ဆုံးအပတ်က တောင်ကုတ်တက္ကသိုလ်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ခန့်မှာ လက်ရှိတွင် အင်အား ၁၀၀ ကျော်အထိ တိုးမြှင့်ကာ အမြောက်များဖြင့် အခိုင်အမာအထိုင်ချ တပ်စွဲလိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” စစ်ကောင်စီဟာ တောင်ကုတ်တက္ကသိုလ်ထဲမှာ အမြောက် ၃ ခုထက်မနည်း အထိုင်ချတပ်စွဲထားတယ်။ တက္ကသိုလ်က မြို့အဝင်မှာဆိုတော့ စစ်ကောင်စီအတွက် ခုခံတိုက်ခိုက်ဖို့ အကောင်းဆုံး နေရာပဲလေ။ တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ မောင်းတံဂိတ်မှာလည်း ဗန်ကာတွေ အများကြီးတူးထားတယ်။ ” ဟု ပြောသည်။

တောင်ကုတ်တက္ကသိုလ်ထဲ အမြောက်တပ်မစွဲခင် ဇွန်လ ၁၇ ရက် နေ့လယ်က ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး တစ်လုံးပစ်ခတ်ခဲ့၍ တက္ကသိုလ်သင်တန်းရေးရာဌာနမှူးအိမ်နှင့် ၎င်း၏ကား ပျက်စီးသွားကြောင်း သိရသည်။

တောင်ကုတ်တက္ကသိုလ် ဆရာမတစ်ဦးက ” တက္ကသိုလ်ထဲ သူတို့ (စစ်ကောင်စီတပ်သား) ဝင်ချင်လို့ ဝန်ထမ်းတွေနဲ့ ပါချုပ်ကို နှင်ထုတ်တာပါ။ လက်နက်ကြီးပစ်ခတ်ပြီး နှင်ထုတ်တာပါ။ အဲဒီနေ့က ဘာတိုက်ပွဲမှလည်းရှိတာမဟုတ်ဘူး။ ဒီအတိုင်း အုန်းခနဲဆို ကျရောက်ပေါက်ကွဲတော့ အားလုံးထွက်ပြေးကြတာပေါ့။ မကြာဘူး ရက်ပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေရာယူလိုက်တယ်။ ” ဟု ပြောသည်။

တောင်ကုတ်-အမ်းလမ်းမပေါ် တောင်ကုတ်မြို့အထွက် တောင်ကုတ်တက္ကသိုလ်နှင့် မဝေးသည့် ရာဘာတောင် (ခေါ်) ဦးထွန်းလှိုင်တောင်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် တပ်စွဲနေရာယူထားကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။

မေ၊ ဇွန်လအတွင်း ကြိုကြားတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောင်ကုတ်မြို့ထဲက လူနေအိမ် အထပ်မြင့်အဆောက်အဦးများ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦးအချို့တွင် AA အား တိုက်ခိုက်ရန် ပုန်းခေါ်နေရာယူခဲ့သည်ဟု မြို့ခံများက ပြောသည်။

အသက် ၄၀ အရွယ် မြို့ခံတစ်ဦးက ” တောင်ကုတ်တက္ကသိုလ်ထဲ လက်နက်ကြီးကျပြီးနောက်ပိုင်း မြို့အနီးမှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိတယ်။ AA ကလည်း အဲဒီအချိန်က တောင်ကုတ်မြို့အပါအဝင် စစ်တွေ၊ သံတွဲ၊ ဂွ၊ အမ်း စတဲ့ မသိမ်းရသေးတဲ့ စစ်ကောင်စီရှိတဲ့ မြို့တွေကို ဝိုင်းရံပိတ်ဆို့ထားတယ်လို့ ကြေညာခဲ့တယ်လေ။ အဲဒါကို စစ်ကောင်စီတပ်သားတွေက တောင်ကုတ်မြို့ထဲ ဝင်တိုက်လာရင် ပြန်ခုခံမယ်ဆိုပြီး လူနေအိမ်တွေ၊ ဘာသာရေး၊ ပညာရေးအဆောက်အဦးတွေမှာ နေရာယူခဲ့ကြတယ်။ အခု တော့ မတွေ့ရတော့ဘူး။ ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ၁၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ရင်းများသည် မြို့အစပ်နှင့် လူနေကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြုလုပ်လျှက်ရှိနေသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီကလည်း စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးချောင်းထိုးကျေးရွာက အသက် ၂၅ နှစ်ကျော်အရွယ် မွေးကင်းစမိခင် အမျိုးသမီးတစ်ဦး နေရာ၌ သေဆုံးသွားခဲ့ရပြီး စစ်ကောင်စီဗုံးကြောင့် တောင်ကုတ်မြို့နယ်တွင် သေဆုံး ၆ ဦးထက်မနည်းရှိပြီဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular