Western News
Homeနိုင်ငံရေးမွန်ပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း ပစ်သတ်ခံရပြီးသေဆုံး

မွန်ပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း ပစ်သတ်ခံရပြီးသေဆုံး

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့က သတင်းထောက်နှစ်ဦး သတင်းသွားယူရင်း မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ပစ်သတ်မှုကိုခံရပြီး နေရာ၌ သေဆုံးသွားကြောင်း The Nation Voice က ပြောသည်။

သေဆုံးသွားသူ သတင်းထောက်နှစ်ဦးမှာ The Nation Voice က သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူ (အလွတ်တန်းသတင်းထောက်) တို့ဖြစ်ပြီး စစ်ရေးသတင်းရင်းမြစ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း The Nation Voice အယ်ဒီတာချုပ် ကိုနေအောင်က ပြောသည်။

” မနက်ပိုင်း ၉ နာရီလောက်မှာ သတင်းထောက် ကိုထက်မြတ်သူရဲ့ နေအိမ်မှာ ကျနော်တို့ Nation Voice က သတင်းထောက် ကိုဝင်းထွဋ်ဦးကလည်း ရောက်နေတာပေါ့နော်။ အဲမှာ ကျိုက်ထိုရဲ့ တော်လှန်ရေးအဖွဲ့ဝင်တချို့လည်း ရောက်နေပါတယ်။ ဒီကာလမှာက သတင်းကိစ္စနဲ့ သွားလာလှုပ်ရှားကြတာများပါတယ်။ သတင်းရင်းမြစ်တွေနဲ့ တွေ့ဖို့က ပိုတောင်မှပဲ လုပ်ဖို့ လိုအပ်တယ်ပေါ့နော်။ အဲဒီအချိန်မှာ စစ်တပ်က လာပြီး ပစ်သတ်သွားတာပါ။ ” ဟု ပြောသည်။

ကိုထက်မြတ်သူနေအိမ်မှာ ကျိုက်ထိုတော်လှန်ရေးအဖွဲ့ဝင်များ ရောက်နေသည်ဟု သတင်းကြောင့် မြန်မာစစ်တပ် (စစ်ကောင်စီ) က အိမ်ကိုတန်းလာပြီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

The Nation Voice သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူအပါအဝင် ကျိုက်ထိုတော်လှန်ရေးတပ်ဖွဲ့ဝင် (ခန့်မှန်း) နှစ်ဦး စုစုပေါင်း ၄ ဦးကို မသေမချင်း မြန်မာစစ်တပ်က (စစ်ကောင်စီ) က ပစ်သတ်ခဲ့ကြောင်း ကိုနေအောင်ကဆိုသည်။

The Nation Voice သတင်းထောက် ကိုဝင်းထွဋ်ဦးမှာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး မိသားစုဝင်များက ဘာသာရေးထုံးတမ်းအရ လုပ်ခွင့်မရဘဲ အလောင်းများအားလုံးကို စစ်ကောင်စီတပ်သားများက မီးရှို့အလောင်းဖျောက်လိုက်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

” သေဆုံးသူ ၄ ဦးစလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယူသွားပြီး မီးရှို့အလောင်းဖျောက်လိုက်တာပါ။ ဘယ်ကိုယူသွား၊ ဘယ်မှာ မီးရှို့တာ အတိအကျ မသိရသေးပါဘူး။ ကိုဝင်းထွဋ်ဦး မိသားစုဝင်တွေက ဘာမှ မလုပ်သေးပါဘူး။ သူတို့ရဲ့ ဘာသာရေးထုံးတမ်းအရ သေသွားသူကို မီးရှို့လို့မရပါဘူး။ ” ဟု ပြောသည်။

ယင်းနေ့ ဩဂုတ်လ ၂၁ ရက်နေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကိုထက်မြတ်သူအပါအဝင် ကိုဝင်းထွဋ်ဦးတို့နေအိမ်ကို ဝင်ရောက်စီးနင်းမွှေနှောက်ပြီး ပတ်သက်သမျှပစ္စည်းများအားလုံး သိမ်းဆည်းယူဆောင်သွားကြောင်း သိရသည်။

ကျိုက်ထိုဒေသခံတစ်ဦးက ” ကိုထက်မြတ်သူနဲ့ ကိုဝင်းထွဋ်ဦးတို့ မိသားစုဝင်တွေဟာ အခု စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ထောက်လှမ်းရေးတွေ၊ သတင်းပေးတွေရဲ့ စောင့်ကြည့်မှုကို ခံနေရပါတယ်။ နောက်ထပ် ဘာတွေ ဆက်ဖြစ်ကြမလဲ မသိဘူး။ ” ဟု ပြောသည်။

သတင်းသမားနှစ်ဦးကို မပြောမဆိုဘဲ မြန်မာစစ်တပ် (စစ်ကောင်စီ) က ပစ်ခတ်သတ်ဖြတ်ခြင်းသည် မြေပြင်ရှိ သတင်းသမားများအားလုံးကို စိုးရိမ်မှုမြင့်တက်စေပြီး ခြိမ်းခြောက်သည့်ပုံစံမျိုးဖြစ်ကြောင်း The Nation Voice သတင်းဌာနက အယ်ဒီတာချုပ် ကိုနေအောင် ဆိုသည်။

” ကျနော်တို့ တော်တော်လေး တုန်လှုပ်သွားတယ်။ ပြောရရင် သတင်းမီဒီယာလုပ်ငန်းဆိုတာက အကြမ်းဖက်မှုမဟုတ်ပါဘူး။ ဥပဒေမဲ့ အလုပ်လည်းမဟုတ်ပါဘူး။ ဒီလိုမျိုး သတင်းသမားတွေကို မပြောမဆိုနဲ့ ပစ်သတ်သွားတယ်ဆိုတဲ့ဟာမျိုးက လက်လွတ်စပယ် လုပ်ကြတဲ့ ကိစ္စမျိုးဖြစ်တဲ့အတွက် ကျနော်တို့ တော်တော်လေးလည်း စိတ်လည်းမကောင်းဘူး၊ တော်တော်လေးလည်း ခံပြင်းရပါတယ်။ နောက်ပြီးတော့ မြေပြင်မှာလုပ်နေရတဲ့ သတင်းသမားတွေ အားလုံးရဲ့ လုံခြုံရေးကို ခေါင်းလောင်းထိုးလိုက်တာပါပဲ။ တခြားသော သတင်းထောက်တွေအတွက်လည်း စိုးရိမ်ရပါတယ်။ ” ဟု ပြောသည်။

အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ (အသက် ၂၈ ) ၏ သတင်းအတွေ့အကြုံကို စုံစမ်းနေဆဲဖြစ်ပြီး ကိုဝင်းထွဋ်ဦး (အသက် ၂၆) က The Nation Voice က သတင်းထောက်ဖြစ်ကာ ဒေသတွင်း လူမှုစီးပွားနှင့် စစ်ရေး၊ နိုင်ငံရေးသတင်းများကို ရေးသားတက်ဆက်နေသည့် သတင်းထောက်တစ်ဦးဖြစ်သည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular