Western News
Homeနိုင်ငံရေးစစ်ကောင်စီသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

စစ်ကောင်စီသည် တိုင်းပြည်ကို အဆုံးစွန်ထိ ဆွဲချနေကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

အာဏာသိမ်းစစ်ကောင်စီ (မြန်မာစစ်တပ်/စစ်အုပ်) သည် ပြည်သူကိုချနင်းသော နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို ၎င်းတို့နှင့်အတူ အဆုံးစွန်ထိ ဆွဲချနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေးရှုံးနိမ့် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည်ကို သူတို့နဲ့ အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံ ရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” ဟု ပြောသည်။

ယခု နှစ်ဆန်းပိုင်းက အသက် ၃၅ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုသော ဥပဒေတစ်ခုကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး လူငယ်လူရွယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် စေခိုင်းခဲ့သည်။
သို့သော် လက်ရှိတွင် ယင်းလူငယ်လူရွယ်များအပြင် အာဏာသိမ်း စစ်အုပ်စုသည် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်အဖွဲ့” ကို ဖွဲ့စည်းပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၅ နှစ်အထိ အရပ်သားအမျိုးသားများကို ရက်တိုစစ်သင်တန်းပေးရန် စီစဉ်နေသည်။

“ရပ်ကွက်နဲ့ ကျေးရွာတွေက ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့တွေမှာ မဖြစ်မနေပါဝင်ခိုင်းဖို့ စီစဥ်ဆောင်ရွက်လာပြန်ပါတယ်” ဟု ပြောသည်။

ငွေကြေးတန်ဖိုး ကျဆင်းမှုများနှင့်အတူ အထွေထွေအကြပ်အတည်းကို မွန်းကြပ်စွာ ရင်ဆိုင် နေရသည့် ပြည်သူများကို ဒုက္ခများအထပ်ထပ်ပေးနိုင်ရန် အချိန်နှင့်အမျှ စဥ်းစားနေသော စစ်ကောင်စီကို အမြန်ဆုံး နိဂုံးချုပ်ပေးနိုင်မှသာ ပြည်သူများ အသက်ဝဝ ပြန်ရှုနိုင်ကြမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။

စစ်ကောင်စီ (မြန်မာစစ်တပ်/စစ်အုပ်စု) အမြန်ဆုံးပြိုလဲ နိဂုံးချုပ်နိုင်ရန်အတွက် တော်လှန်ရေးအင်အားစုများအားလုံး စုစုစည်းစည်းနှင့် အသင့်အနေအထားရှိရေးကို ပြင်ဆင်ထားရမည်ဟု လည်းတိုက်တွန်းထားသည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အုပ်စု မပြိုလဲစေရန်အတွက် စစ်ရေး၊ နိုင်ငံရေး ထွက်ပေါက်ဖြစ်သည့် အတုအယောင် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်လာမည်ဖြစ်၍ NUG လက်နက်ကိုင်များအပါအဝင် တော်လှန်ရေးအင်အားစုများအားလုံး စစ်ရှိန်မြှင့်နိုင်သမျှမြှင့်ပြီး နိုင်ငံရေးပြင်ဆင်ထားကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular