Western News
Homeနိုင်ငံရေးမြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိဟု စစ်ကောင်စီခန့်မှန်း

မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိဟု စစ်ကောင်စီခန့်မှန်း

မြန်မာနိုင်ငံမှာ လူဦးရေ ၅၆ သန်းရှိကြောင်းနှင့် အိမ်ထောင်စု ၁၃ သန်းရှိသည်ဟု အာဏာသိမ်း စစ်ကောင်စီက ခန့်မှန်းထားကြောင်း ဝါဒါဖြန့်နိုင်ငံပိုင်သတင်းစာက ယနေ့ ဩဂုတ်လ ၂၈ ရက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာများကို ၁၀ နှစ်တစ်ကြိမ်စီစာရင်းကောက်ယူလေ့ရှိပြီး ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်ရှိခဲ့သည်။

ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန် စစ်ကောင်စီက ပြင်ဆင်နေပြီး ၂၀၂၄ ခုနှစ်တွင်ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက် ကောက်ယူမည်ဖြစ်သည်ဟု ပြောဆိုထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း တစ်သိန်းတစ်သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင် (၄၂,၀၀၀) ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရေး အိမ်ထောင်စုမေးခွန်းပုံစံမှာ မေးခွန်း ၆၈ ခုနှင့် အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည်ဟု စစ်ကောင်စီက ကြွေးကြော်နေသည်။

သို့သော်လည်း နိုင်ငံတစ်ဝှမ်း နေရာအနှံ့တွင် ဒေသမတည်ငြိမ်မှုများ ဖြစ်ပေါ်နေပြီး အာဏာသိမ်း စစ်အုပ်စုကို ပြည်သူများနှင့်အတူ တော်လှန်ရေးအင်အားစုများက နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်နေကြ၍ စစ်ကောင်စီ၏ သန်းခေါင်းစာရင်း အစီအစဉ်မှာ အောင်မြင်မည်မဟုတ်ဟု သုံးသပ်သူများရှိနေကြသည်။

ယင်းအပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အများအပြားမှာ ရရာနည်းလမ်းများဖြင့် ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာမှုများလည်းရှိနေသည်။

အာဏာသိမ်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအစီအစဉ်ကို ကုလသမဂ္ဂအဖွဲ့တစ်ခုဖြစ်သည့် UNFPA က အကူအညီမပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်များက တိုက်တွန်း တောင်းဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရန် ယခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို ဖြစ်အောင်အကောင်အထည်ဖော်နေပြီး ရရှိလာသော လူဦးရေအချက်အလက်များကို ရွေးကောက်ပွဲအတွင်း အသုံးချရန်စီစဉ်ခြင်းဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုနေကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်က အာဏာသိမ်းစစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပကာ နိုင်ငံရေးထွက်ရှာရန် ပြင်ဆင်နေ၍ တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ရေးကိုအရှိန်မြှင့်တင်ကြရန် တိုက်တွန်းနေသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular