Western News
Homeစစ်ရေးစစ်တွေမြို့မှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားလာနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP များ ပါဝင် ပတ်သက်နေ

စစ်တွေမြို့မှာ နေအိမ်ဖောက်ထွင်းခံရမှု ပိုမိုဆိုးရွားလာနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ALP များ ပါဝင် ပတ်သက်နေ

စစ်ကောင်စီအုပ်စိုးထားသည့် ရခိုင်ပြည် စစ်တွေမြို့အတွင်း ရပ်ကွက်အများအပြားတွင် နေအိမ်များ ဖောက်ထွင်းခံရမှုများ ရှိနေပြီး တန်ဖို့ရှိပစ္စည်းများ နေ့စဉ်လိုလိုပျောက်ဆုံး ဆုံးရှုံးများ ရှိနေကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

ယင်းအထဲတွင် မင်းဂံ၊ စက်ရုံစု၊ ကုန်တန်း၊ ကျည်းပင်တန်း၊ ရွှေပြား၊ ဓညဝတီ၊ ကသဲရပ်ကွက်စသော နေရာများအတွင်း နေအိမ်အများအပြား ဖောက်ထွင်းခံရမှုများရှိနေပြီး နေအိမ်အုပ်နံရံများလည်း ဖျက်ဆီးခံရမှုများရှိနေကြောင်း သိရသည်။

အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက “စစ်တွေမြို့ ရပ်ကွက်တိုင်းလိုလို ကတော့ နေ့စဉ်ဖောက်ထွင်းခံရတာတွေ၊ ပစ္စည်းအခိုးခံရတာတွေက သုံးမှုကနေ လေးမှုအထိ ရှိနေတယ်။ များသောအားဖြင့်ကတော့ မြို့စွန်ရပ်ကွက်တွေက အဖြစ်များတယ်။ နေအိမ်က ပစ္စည်းတွေပါ ဖျက်ဆီးပစ်ကြတယ်။ တစ်ချို့ နေအိမ်အသစ်စက်စက် ဆောက်ခါစပဲ ရှိသေးတယ်။ အကုန် ဖျက်ဆီးပစ်ခဲ့ကြတာ”ဟု ပြောသည်။

ပစ္စည်းခိုးယူသူများသည် အုပ်စုဖွဲ့များဖြစ်ကြပြီး အဖွဲ့အလိုက် သုံးယောက်မှ ၆ ယောက် ၈ ယောက်အထိ ရှိကြောင်း ယင်းအထဲတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

စစ်တွေမြို့တွင် အမှတ် ၁ ရဲစခန်းနှင့် မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၅၀ ကျော်အရွယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးခံရထဲတွင် ALP တပ်ဖွဲ့ဝင်များပါဝင်ပြီး ဖောက်ထွင်းခိုမှုများတွင်လည်း ရဲတပ်ဖွဲ့ဝင်များပါရှိကြောင်း Western News ကို ပြောပြသည်။

“အိမ်တွေ ဖောက်ထွင်းခံရမှုတွေ အဖမ်းခံရတဲ့အထဲမှာ ထောင်ထွက်တွေများတယ်။ လွတ်ငြိမ်ချမ်းသာနဲ့ လွတ်လာတာတွေ၊ လွတ်ရက်စေ့ပြီးတော့ လွတ်လာသူတွေ၊ ပြီးတော့ ဒီအတိုင်းလွတ်လာသူတွေက တော်တော်များတယ်။ ဖမ်းလို့ရတယ်။ ပြီးတော့ ရဲစခန်းရောက်ရင် ငွေပေးပြီးတော့ ပြန်လွှတ်လိုက်တယ်။ ပြီးခဲ့တဲ့အပတ်ကဆိုရင် အဖမ်းခံရတဲ့အထဲမှာ ALP တပ်ဖွဲ့ဝင် ၃ ယောက်ပါတယ်။ သူတို့လူ အဖမ်းခံရထဲပါတော့ သွားထုတ်ကြတယ်။ ရဲတပ်ဖွဲ့ကလည်း ထုတ်ပေးလိုက်တာပဲ။ ပြီးတော့ နေအိမ်တွေ ဖောက်ထွင်းခံရတဲ့အထဲမှာ အဖမ်းခံရတဲ့အထဲမှာ ထပ်လာပြန်ရော၊ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က အလိုတူ ပါနေတာကို ” ဟု ပြောသည်။

စစ်တွေမြို့အတွင်း နေအိမ်အများအပြား ဖောက်ထွင်းခံရမှုတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုပြည်လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း Western News က သီးခြား အတည်ပြု၍ မရရှိသေးပေ။

စစ်တွေမြို့အတွင်းက အဆင့်မြင့်တိုက်ခန်းများအပါအဝင် ဆင်ခြေဖုံရပ်ကွက်များနှင့် စစ်ကောင်စီများနေထိုင်သည့် နေရာများကိုပါ ဝင်ရောက်ဖောက်ထွင်းခံရမှုများ ရှိနေကြောင်း မျက်မြင်များ၏ ပြောဆိုချက်အရ သိရသည်။

စစ်ကောင်စီ သူခိုး၊ ဓါးမြ၊ ရန်ကို ကာကွယ်ခြင်းမဟုတ်ဘဲ အေအေတပ်ဖွဲ့ဝင်များ ရေလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာမှာကို စိုးရိမ်မှုကြောင့် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျောက်တွင် သံစည်းရိုးများ ကာရံထားကြောင်း စစ်တွေ ဒေသခံများက ပြောဆိုသည်။

စစ်တွေမြို့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ရပ်ကွက်ထဲက လူတွေအိမ်တွေ ဝင်ရောက်ပြီးဖောက်ထွင်းဖို့ဆိုတာ တော်ရုံနဲ့ မရပါဘူး။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေနဲ့ ပေါင်းမှ လုပ်လို့ရတာပါ။ သူတို့မပါဘူးဆိုရင် ရပ်ကွက်အတွင်းနေအိမ်ဖောက်ထွင်းဖို့ တော်ရုံမလွယ်လှပါဘူး။ အခု စစ်တွေမြို့ရပ်ကွက်တိုင်း နေအိမ်တော်တော်များများ အဖောက်ခံရတယ်။ တစ်ချို့နေအိမ်တွေဆိုရင် ရစရာမရှိအောင် မွှေနှောက်ပြီး ဖျက်ဆီးသွားခဲ့တယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ကျရောက်ခဲ့သော AA ၏ ၁၅ နှစ် မွေးနေ့ တပ်ချုပ်က ပေးပို့သည့် သဝဏ်လွှာမှာ ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကျောက်ဖြူနှင့် စစ်တွေမြို့ ဒေသခံများ တိမ်းရှောင်ရန် ပြောဆိုပြီးနောက် ဒေသခံအများအပြားသည် အလုံးအရင်းဖြင့် ထွက်ခွာခဲ့ကြသည်။

မကြားသေးခင်က နေအိမ်ဖောက်ထွင်းခံရသည့် စစ်တွေမြို့ မင်းဂံရပ်ကွက်က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ” ကျနော်အိမ်ဆိုရင် နှစ်ခါ ဖောက်ထွင်းခံရပြီး၊ ပထမတော့ အိမ်က လျှစ်စစ်ပစ္စည်းတွေ၊ ဆိုလာပြားတွေ ယူတယ်။ ပြီးတော့ ဒယ်အိုး၊ ဒယ်ခွပ်တွေ အကုန်ယူတယ်။ နောက်တစ်ခါ အိမ်ရှေ့တံခါးမကြီးကို ဖြုတ်ယူသွားတယ်။ ရေခဲ့သေတ္တာတွေ၊ တီဗီ၊ ဆောင်ဘောက်တွေ အကုန်ဖောက်ထွင်းခံရတယ်။ ယူသွားလို့ မရတဲ့ ပစ္စည်းတွေဆိုရင် အကုန် ဖျက်ဆီးပြီးတော့ ထားခဲ့တယ်။” ဟု ပြောသည်။

စစ်တွေမြို့ဒေသခံအများအပြားက နေရပ်စွန့်ခွာနေအချိန်တွင် ခိုးဆိုးလုယက်သည့် အုပ်စုများနှင့် နေအိမ်များ ဖောက်ထွင်းနေသည့် အစုအဖွဲ့များက အခွင့်ကောင်းယူပြီးတော့ ယင်းကဲ့သို့ နေအိမ်များ ဖောက်ထွင်းမှု ပြုလုပ်လာခြင်း ဖြစ်သည်။

“စစ်ကောင်စီက စစ်တွေမြို့ကို ဒီကိစ္စနှင့်ပတ်သက်ပြီး သိပ်ပြီးတော့ အရေးတယူကိုင်တွေရှိနေတာ မရှိပါဘူး။ ရပ်ကွက်နေ လူတွေက ကိုယ့်အသိစိတ်နဲ့ ကာကွယ်နေရတဲ့အပိုင်းတွေ ဖြစ်လာတယ်။ စစ်ကောင်စီက လုပ်နေတာတစ်ခုကတော့ ရှိနေတယ်။ အဲ့ဒါကတော့ ကမ်းနားတစ်လျှောက် ကိုရီယာဆိပ်ကမ်းတစ်လျှောက် ခြံစည်းရိုးကာတွေ ရှိတယ်။ ဒါကလည်း AA ဝင်ရောက်လာမှာစိုးလို့ ကာနေတာဖြစ်တယ်။ သူခိုး၊ ဓါးမြရန်ကို ကာနေတာမဟုတ်ဘူး။ ဒီရန်ကို စစ်ကောင်စီက မကာကွယ်ရာမက နေအိမ်တွေ ဖောက်ထွင်းတဲ့အထဲမှာ သူတို့လူတွေ ပါနေတာကို တွေ့ရတယ်”ဟု ပြောသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular