Western News
Homeစစ်ရေးAA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးသည့် မာန်အောင်ဒေသမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ

AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့နှင့်နီးသည့် မာန်အောင်ဒေသမှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာ

(မာန်အောင်ကျွန်းကို စစ်ကောင်စီက အင်တာနက် စတင်ဖြတ်တောက်ထား)

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရမ်းဗြဲမြို့ မြစ်ကမ်းနှင့်နီးသည့် မာန်အောင်ဘက်ခြမ်းတွင် အာဏာသိမ်း စစ်ကောင်စီက ကျေးရွာများအတွင်း စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ရမ်းဗြဲမြစ်ကမ်းနှင့်နီးသော မာန်အောင်မြို့နယ် အစွန်အဖျားရှိ ကျေးရွာများနှင့် ပင်လယ်ကမ်းအနီးကို ရာချီပါသော အင်အားများဖြင့် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု အမည်မဖော်လိုသည့် မာန်အောင်ဒေသခံ အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“မြို့အစွန်ကျေးရွာတွေမှာ အဓိကခြေချ လှုပ်ရှားလာကြတာတွေတွေ့ရပါတယ်။ အရင်က တပ်ဖွဲ့တစ်ခုပဲချထားတဲ့နေရာမှာ ၂ ခုကနေ ၃ ခုအထိချထားလာတယ်။ ပြီးတော့ ကျေးရွာတွေတွင်းမှာ နေရာယူထားလာကြတယ်။ တပ်စခန်းမချတဲ့ ကျေးရွာတွေဆိုရင်လည်း မကြာမကြာကင်းလှည့်ပြီး သွားလာကြတာတွေ လုပ်လာတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးလှုပ်ရှား ကင်းလှည့်နေသည့် ကျေးရွာများမှာ မာန်အောင်မြို့နယ် ဇေယျာကုန်းခင်၊ အနောက်ဇီးတော၊ ခအုန်းမော်ရွာနှင့် ပင်လယ်ကမ်းအနီးတို့တွင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာများသည် ရမ်းဗြဲမြို့နှင့် တစ်ဖက်ကမ်းတွင်ရှိပြီး ရမ်းဗြဲမြို့နှင့်အလွန်နီးကပ်ကြေင်း စုံစမ်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးခြင်းနှင့်အတူ အဆိုပါကျေးရွာများအနီးတို့တွင် စစ်ဆေးရေးဂိတ် ၄ ခုထက်မနည်းကို တိုးချထားကြောင်း နောက်ထပ် မာန်အောင်ဒေသခံ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ဂိတ်တွေတိုးချပြီး စောင့်ကြည့်ရေးတွေ ပို့တဲ့နေရာတွေက ရမ်းဗြဲကမ်းနဲ့ နီးတဲ့ဒေသတွေပါ။ ဒါက ဒီလ အတောအတွင်းမှာပဲ စလှုပ်ရှားလာကြတာ” ဟုပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် စစ်မဖြစ်သေးသော ရခိုင်တောင်ပိုင်းဒေသက မာန်အောင်မြို့ မာန်အောင်ကျွန်းမှာ စစ်အင်အား၊ လူအင်အား၊ လက်နက်အင်အားတို့ကို ယခင်ထက် ပိုမိုဖြည့်တင်းထားပြီး ရမ်းဗြဲကျွန်းကို စောင့်ကြည့်လျှက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယင်းအပြင် မာန်အောင်ကျွန်းတွင် စစ်ကောင်စီက အင်အာနက်ဖြတ်တောက်မှုများကို နေရာအလိုက် ကန့်သတ်ပိတ်ပင်မှုများပြုလုပ်လာပြီး ဒေသခံများမှာ သတင်းအချက်အလက်ရယူရေး ခက်ခဲနေကြသည်ဟု ဆိုကြသည်။

ထပ်ပြီး မာန်အောင်ဒေသခံတစ်ဦးက ” အခု အင်တာနက်တွေ ပိတ်ပင်ခံလာရတယ်။ ပြီးခဲ့တဲ့လ ဩဂုတ်လ တတိယအပတ်ကနေစပြီး အင်တာနက်ဖြတ်တောက်ထားတာပါ။ ဖုန်းလိုင်းတွေကလည်း အရင်ကလို သိပ်မကောင်းတော့ဘူး။ သတင်းအချက်အလက် ရယူဖို့ အရမ်းခက်ခဲနေပါတယ်။ စစ်ကောင်စီက ဒီမာန်အောင်ကျွန်းကို မျက်စိတ်ပိတ် နားပိတ်ထားချင်တဲ့ သဘောရှိနေပါတယ်။ ” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် တိုက်ပွဲများကို အကြောင်းပြ၍ ရခိုင်ပြည်အား ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ထားကာ ပြည်မမြို့များနှင့် အဆက်အသွယ်ဖြတ်ထားပြီး မာန်အောင်ကျွန်းတစ်ခုလုံးကိုလည်း ကုန်စည်စီးဆင်းမှု လမ်းကြောင်းများအားလုံးကို ပိတ်ပင်ထားသည်။

မာန်အောင်မြို့သည် ယခင်က ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့ကတစ်ဆင့် ကုန်စည်စီးဆင်းမှု ပြုလုပ်ပြီး လက်ရှိတွင် ရမ်းဗြဲမြို့သည် AA ထိန်းချုပ်မှုအောက်သို့ အပြည့်အဝရောက်ရှိသွားပြီးနောက် တောင်ကုတ်မြို့မှာလည်း စစ်ရေးတင်းမာနေသည့်အတွက် စစ်ကောင်စီက လုံးဝအဆက်အသွယ်လုပ်ခွင့်မပေးဘဲ စားနပ်ရိက္ခာဖြတ်တောက်မှုကိုလည်း ပိုလုပ်လာသည်။

လက်ရှိတွင် စစ်ကောင်စီက စားနပ်ရိက္ခာများကို တိုက်ရိုက်ကိုင်တွယ်ကာ ခွဲတမ်းစနစ်ဖြင့် ဖြန့်ဝေနေ၍ ဒေသခံပြည်သူများမှာ လုံလောက်သော အခြေခံစားသောက်ကုန်များကို မရရှိကြဘဲ အခက်အခဲဖြစ်နေကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular