Western News
Homeစီးပွားရေးရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ

ရခိုင်မှာ ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၅ သောင်းအထိ ဈေးကြီးနေ၍ ကျောင်းသားများအခက်ကြုံနေ

ရခိုင်ပြည်က မြို့ ၈ မြို့ဖြစ်သည့် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော ဒေသတို့တွင် ကျောင်းသုံး ဗလာစာအုပ် တစ်ဒါဇင်ကို ကျပ် ၃၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ အထိ ဈေးကြီးနေ၍ ကျောင်းသားကျောင်းသူများမှာ စာအုပ်မဝယ်နိုင်သည့် အခက်အခဲကို ကြုံတွေ့နေရသည်ဟု ကျောင်းသားမိဘများထံမှ သိရသည်။

အဆိုပါဒေသက မိဘများမှာ ကလေးငယ်များအား ကျောင်းဆက်လက်ထားရန် ခက်ခဲနေကြောင်းနှင့် အိမ်တစ်အိမ်တွင် ကျောင်းတက်ရမည့်အရွယ် ၂ ဦးကနေ ၃ ဦးအထိရှိနေသော်လည်း စာရေးကိရိယာများဈေးကြီး၍ ကလေးငယ် တစ်ဦးကိုသာ ကျောင်းထားပေးနိုင်တော့သည်ဟု အမည်မဖော်လိုသည့် ကျောက်တော်ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“ဒီနှစ်တစ်ယောက်က Grade- 9 တက်ရမှာ၊ တစ်ယောက်ကတော့ မူလတန်းအရွယ်ပါ။ ဒီနှစ်မှာက ကျောင်းလခမပါသေးဘဲ စာအုပ်ဖိုးနဲ့တင်မလွယ်တော့ နှစ်ယောက်လုံးထားဖို့ မတတ်နိုင်ဘူး။ ဒါကြောင့် အကြီးကောင်ကို ကျောင်းထုတ်ထားလိုက်ရတယ်။ အငယ်လေးကိုပဲ စာဆက်သင်နေရတယ်” ဟု ပြောသည်။

ဗလာစာအုပ် ၁၂ အုပ်ပါသော တစ်ဒါဇင်ကို ကျပ် ၅ သောင်းအထိ ဈေးကြီးနေခြင်းမျိုးမဟုတ်ဘဲ အခြားသော စာရေးကိရိယာများလည်း ဈေးကြီးနေပြီး ဘောပင်အမျိုးအစားပေါ်လိုက်၍ အချောင်း ၃၀ ပါတစ်ဘူးကို ကျပ် ၃၀,၀၀၀ မှ ကျပ် ၅၀,၀၀၀၊ မှင်ဖျက်တစ်ခုကို ကျပ် ၃,၀၀၀၊ ခဲတံတစ်ချောင်းကို ကျပ် ၈၀၀ မှ ကျပ် ၁,၀၀၀ အထိ ဈေးရှိနေခြင်းဖြစ်သည်။

ယင်းအပြင် မူလတန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၅,၀၀၀၊ အလယ်တန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၅၀,၀၀၀ မှ ကျပ် ၆၀,၀၀၀ နှင့် အထက်တန်း ပုံနှိပ်စာအုပ်တစ်စုံကို ကျပ် ၈၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ အထိ ဈေးကြီးနေခြင်းလည်းဖြစ်သည်။

စာရေးကိရိယာများမှာ စျေးကြီးသည့်အပြင် အလွယ်တကူဝယ်ယူ၍လည်း မရနိုင်ကြောင်း ရသေ့တောင်ဒေသခံတစ်ဦးက ဆိုသည်။

“စျေးကလည်း အရင်ကထက် မြင့်ပါတယ်။ အရင်တုန်းကလိုမျိုးလဲ စာအုပ်ဆိုင်တွေမှာ လိုချင်တဲ့အချိန် လိုချင်သလောက် ဝယ်လို့မရပါဘူး။ ပစ္စည်းရောက်တဲ့အချိန် သွားမဝယ်ဖြစ်လိုက်ရင် နောက်ရဖို့က မသေချာတော့ဘူး။ စားသောက်ကုန်လိုမျိုးပဲ စာအုပ်တွေ၊ ဘောပင်တွေ၊ ကျောင်းသုံးစာအုပ်တွေကို ကလေးတွေအတွက် လုယက်ပြီး ပြေးဝယ်ရတယ်။ ” ဟု ပြောသည်။

အဆိုပါ မြို့ ၈ မြို့အပြင် ရမ်းဗြဲဒေသမှာလည်း ယင်းကဲ့သို့ ဈေးကြီးနေကြောင်းနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များတွင် ကျောင်းဖွင့်ထားသော်လည်း ဒေသခံပြည်သူများမှာ စစ်ရှောင်သွားကြပြီဖြစ်၍ ကျောင်းတက်ရောက်သူ အလွန်နည်းပါးကြသည်။

မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ရမ်းဗြဲနှင့် ပလက်ဝဒေသတို့တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီး၊ ဒရုန်းများအန္တရာယ်တို့ကြောင့် စာသင်ကျောင်းများဖွင့်လှစ် စာသင်ကြားခြင်းကို အာရက္ခတပ်တော် AA က ယာယီရပ်ဆိုင်းထားသည်။

သို့သော်လည်း ကျောင်းနေအရွယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေးအတွက် စာသင်ကျောင်းမှာမဟုတ်ဘဲ ဘေးကင်းလုံခြုံမည့်ဟုထင်သည့် နေရာများတွင် စာသင်ဝိုင်းများ အုပ်စုလိုက်ခွဲတမ်းချကာ ကျူရှင်ပုံစံမျိုးဖြင့် ဆရာ/ဆရာမများက ပညာသင်ကြားနိုင်သည်ဟု AA က အဆိုပါ မြို့ ၁၀ မြို့တွင် သတ်မှတ်ပေးထားသည်။

၆၀ ဦးရှိသော ကျောင်းသားကျောင်းသူ အုပ်စုတစ်အုပ်စုကို ဆရာ/ဆရာမ အနည်းဆုံး ၆ ဦးက ပညာသင်ကြားရပြီး ကျောင်းသား၊ ကျောင်းသူများမှ အခကြေးငွေပေးသော ကျောင်းလခများကို အဆိုပါ ဆရာ/ဆရာမများက အညီအမျှခွဲယူကြသည့် ပုံစံမျိုးဖြင့် ရခိုင်ပြည်အတွင်း ပညာသင်ကြားအစီအစဉ်ကို စတင်နေကြကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular