Western News
Homeစစ်ရေးဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ

ဘူးသီးတောင်၊ မောင်တောဟာ ရခိုင်ရဲ့ ဘိုးဘွားပိုင်မြေဖြစ်တယ် အင်္ဂါဂြိုဟ်က လာပြောရင်လည်း သိမ်းမှာပဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်ထဲက ကောက်နုတ်ချက်အချို့

အာရက္ခတပ်တော် AA ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဧရာဝတီသတင်းဌာန တွေ့ဆုံမေးမြန်းခြင်း ဒုတိယပိုင်းအစီအစဉ်မှာ ဘူးသီးတောင်၊ မောင်တောသည် ရခိုင်၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး အင်္ဂါဂြိုဟ်က လာပြောလျှင်လည်း သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေက ရခိုင်ပြည် မောင်တောမြို့ နတ်မြစ်ကမ်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စစ်ရှောင်ရန် စောင့်ဆိုင်းနေသည့် မွတ်ဆလင် လူအုပ်ကို အာရက္ခတပ်တော် AA က ဒရုန်းနှင့်ပစ်ခတ်သည်ဟု ဖြစ်စဉ်ထဲပါ မွတ်ဆလင်အချို့နှင့် ပြည်ပရောက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူအချို့က စွပ်စွဲပြောဆိုထားကြသည်။

အဆိုပါစွပ်စွဲပြောဆိုချက်များကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယခုလို တုန့်ပြန်ပြောဆိုထားသည်။

“တကယ်လို့များဗျာ၊ ကျနော်တို့က သူတို့ (မွတ်ဆလင်) ကို သတ်ဖို့၊ ဖြတ်ဖို့ပေါ့ ရည်ရွယ်ချက်ရှိတယ်ဆိုခဲ့ရင် မောင်တောမြို့ရဲ့ ရှေ့ဘက် နတ်မြစ်ကမ်းခြေကို သွားပြီးမှ နိုင်ငံတကာက မြင်နိုင်တဲ့နေရာမှာ ကျနော်တို့ သတ်စရာလိုပါ့မလား။ ဘူးသီးတောင်နဲ့ မောင်တောကြားမှာ မေယုတောင်တန်းရှိတယ်။ ကျနော်တို့ ရဲဘော် ၅ ထောင်လောက်ကို ပိတ်ဝိုင်းပြီးမှ ဘယ်သူမှ ထွက်လို့မရအောင် လုပ်ချင်ရင် လုပ်လို့ရတာပဲ။ ဒါပေမယ့် ကျနော်တို့က တောထဲက လူတွေကိုတောင် ထမင်းထုပ်နဲ့ ကယ်ပြီးမှ သူတို့ရွာတွေကို ပို့ခဲ့တဲ့လူက လူရှေ့သူရှေ့မှာ သွားသတ်ပါမလား။ ဒါဖြစ်နိုင်ခြေနော် စဉ်းစားဖို့အတွက် ပေးတာ။ ဒါမျိုး ကျနော်တို့ သွားသတ်လိုက်ရင် အဲဒီသတ်လိုက်ခြင်းရဲ့ အကျိုး၊ ဆိုးကျိုးက ဘယ်သူ့ဆီကို ရိုက်ခတ်မလဲ၊ ကောင်းကျိုးက ဘယ်သူ့ဆီကို ရောက်သွားမလဲ။ ကျနော်တို့ရဲ့ ရန်သူ (စစ်ကောင်စီ) ကပဲ အောင်ပွဲခံသွားမှာပေါ့။ ဆိုတော့ သူက တကယ့်လုပ်တဲ့ပုံစံတွေက ဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် ရွာတွေကို မီးရှို့ချင်တာ။ သူ့ရဲ့လူတွေကို လွှတ်ပြီးမှ မီးရှို့လိုက်။ ပြီးမှ မီးရှို့ပါတယ်ဆိုတဲ့ ကြေညာချက်ကို သူ့ကိုထောက်ခံနေတဲ့ မွတ်ဆလင်အဖွဲ့အစည်းတွေကို သူ့ရဲ့ Community Base ကနေ ထုတ်ခိုင်းလိုက်။ ရတယ်။ အခုလည်း ဒီအတိုင်းပဲလုပ်နေတာပဲ” ဟုပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ ညနေက ဖြစ်စဉ်မှာ AA က ဒရုန်းဖြင့် ပစ်ခတ်သည်ဆိုသည့် ပြောဆိုချက်မှာ သေချာစဉ်းစားရန်လိုအပ်ပြီး ဒရုန်းလာသည့် လမ်းကြောင်းကို မြင်နိုင်သူသည် သာမာန် ရဲဘော်ထက် အဆင့်မြင့်သော တိုက်ခိုက်သမားဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ဖြစ်စဉ်ထဲပါဝင်ခဲ့သည့် မွတ်ဆလင်လူငယ်အချို့နှင့် ပြည်ပရောက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူအချို့က ဒရုန်းမှာ AA ရှိသည့်နေရာမှ လာရောက်ခြင်းဖြစ်သည်ဟု ပြောဆိုချက်အပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒရုန်းကိုတင်တယ်ချတယ်ဆိုတာက သမရိုးကျ တင်လို့ချလို့မရဘူး။ ကိုယ်ဘယ်နားမှာ ရှိတယ်ဆိုတာကို မသိအောင်အတွက် အမျိုးမျိုးလှည့်စားမှုတွေနဲ့ ဒီနားက ကိုယ်ရှိတယ်ဆိုရင် တခြားနေရာက တင်ရတယ်။ မဟုတ်ရင် ဒရုန်းအတက်အဆင်းလုပ်တဲ့နေရာကို လေယာဉ်ပေါ်ကနေ ချက်ချင်း လာပစ်မယ်။ ဒရုန်းက ကျနော်တို့ရှိတဲ့နေရာက တက်လာပါတယ်ဆိုတော့ ကျနော်တို့ရှိတဲ့နေရာကို တစ်ယောက်မှ ပြန်မဖော်ဘူး”

ထို့အပြင် ဘူးသီးတောင်၊ မောင်တောဒေသသည် ရခိုင်တိုင်းရင်းသားလူမျိုးများ၏ ဘိုးဘွားပိုင်မြေဖြစ်ပြီး စစ်ကောင်စီပဲ ဖြစ်ဖြစ်၊ မည်သူပဲဖြစ်ဖြစ် အင်္ဂါဂြိုလ်က လာလျှင်လည်း သိမ်းမည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ဘူးသီးတောင်၊ မောင်တောဒေသကို မွတ်ဆလင်လူမျိုးများအတွက် မွတ်ဆလင်တက်ကြွလှုပ်ရှားသူများက Safe Zone အဖြစ်သတ်မှတ်ရန်နှင့် မွတ်ဆလင်တို့ ပိုင်သည့်မြေဟု သတ်မှတ်နေခြင်းအပေါ် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယင်းကဲ့သို့ တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘူးသီးတောင်ကို ဝင်လာတဲ့အချိန်မှာ သူက (မွတ်ဆလင်တက်ကြွလှုပ်ရှားသူများ) မှန်းထားတဲ့ နယ်မြေတွေကို AA ဝင်လာတာကို လုံးဝ မရှုစိမ့်ဘူး။ ဒါ မရှုစိမ့်တာက သူရဲ့အပိုင်းပဲ။ ကျနော် စောစောက ပြောသလို ဒါ ရခိုင်ပြည်မှာ လူတွေ နေလို့ရပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ရပါတယ်။ ဒါက ကျနော်တို့ရဲ့ ဘိုးဘေးပိုင်းတဲ့ နယ်မြေပဲ သိမ်းမှာပဲ။ ဘယ်သူဘာပြောပြောဗျာ၊ အင်္ဂါဂြိုဟ်က လာပြောရင်းလည်း သိမ်းမှာပဲ။ သိမ်းတာကတော့ မယုံမရှိနဲ့။ ကာကွယ်ပေးသင့်တယ်လို့ ကျနော်တို့အစိုးရတစ်ရပ်အနေနဲ့ ခံယူပြီးမှလည်း ပြည်သူတစ်ယောက်ချင်းစီကို မခွဲခြားဘဲနဲ့ ကူပေးမှာပဲ။ စစ်ဖြစ်ပြီဆိုတော့ နေရာတိုင်းမှာ အိုးအိမ်ပျက်စီးတာတွေရှိတယ်။ ကျနော်တို့ ရခိုင်ရွာတွေမှာဆိုရင် မြို့တစ်မြို့မတိုက်ခင် သတင်းပေါက်ကြားမှာစိုးလို့ ကျနော်တို့ မပြောဘူး။ တိုက်ခါနီးမှ မြန်မြန်ပြေးတော့ဆိုပြီး အဝတ်တစ်ထည် ကိုယ်တစ်ခု ပြေးရတာများတယ်။ မွတ်ဆလင်တွေ အများနေတဲ့ ဒေသတွေမှာဆိုရင် အဲဒီလိုမျိုး အတင်းအကျပ်ရွှေ့ပြောင်းတယ်၊ သေနတ်ပစ်ပြီးမှ စစ်ပွဲမှာ ညှပ်တယ်လို့ အပြစ်ဖော်ပြီး တိုက်ခိုက်မှာကို စိုးရိမ်လို့ ကြိုပြီးမှ အသိပေးတာ အဲဒီနှစ်မြို့ (ဘူးသီးတောင်နဲ့ မောင်တော) ပဲရှိတယ်။ ကျနော်တို့ မြို့ပေါင်းများစွာကို တိုက်ခိုက်ခဲ့တယ်။ မတိုက်ခင် ထွက်ပြေးပြေးကြပါ။ ကျေးဇူးရှင်တို့ဆိုတာ အဲဒီနှစ်မြို့ပဲ။ ဘာဖြစ်လို့ဆိုတော့ သူတို့အကြောင်းတွေကို သိနေလို့။ ဒါတောင်မှ ငါတို့ ဘယ်ကို ပြေးရမလဲပေါ့။ ကျနော်တို့ တော်လှန်ရေးလုပ်တာ ရဲဘော်တွေမှာတောင် ဘောင်းဘီ ဖင်အပေါက်နဲ့ သေနတ်ပစ်နေရတာ။ ခေါင်းအုံးတောင်မရှိဘူး။ အဲဒီအချိန်မှာ လူ့အခွင့်အရေး ဘယ်ကိုရွှေ့ရမလဲဆိုတာက အသက်မသေတဲ့နေရာပေါ့ဗျာနော်။ အသက်လုပြီးပြေးပါ တိုက်ပွဲမရှိတဲ့နေရာတွေကို။ ရောက်တဲ့နေရာတွေမှာ ကျနော်တို့မှာ ရှိတဲ့ဟာနဲ့ ဖြေရှင်းပေးပါမယ်။ ဆန်ရှိရင်ဆန်၊ ဆေးရှိရင် ဆေး၊ ရေ။ နေမကောင်းရင် ဆေးကုပေးပါမယ်။ ဒါကတော့ အဲဒီ မောင်တောတစ်မြို့တည်းမဟုတ်ဘူး။ ကျန်တဲ့မြို့တွေမှာလည်း အကုန်လုံး ဒီပုံစံနဲ့ပဲ ဖြေရှင်းခဲ့ရတယ်”

လက်ရှိတွင် ဘူးသီးတောင်၊ မောင်တောဒေသက တိုက်ပွဲကြား ပိတ်မိနေခြင်းနှင့် စစ်ပွဲဇုန်ဧရိယာအတွင်းက မွတ်ဆလင် ၂၆,၀၀၀ ကျော်ကို ကယ်ထုတ်ထားပြီး ကျန်ရှိနေသေးသည့် မွတ်ဆလင်များကိုလည်း ဆက်လက် ကယ်ထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း AA က ထုတ်ပြန်ထားသည်။

ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့များကို AA က သိမ်းပိုက်ထားပြီး သံတွဲ၊ ငပလီနှင့် ဂွ၊ မောင်တောမြို့များကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular