Western News
Homeကျန်းမာရေးပေါက်တောက မွတ်ဆလင် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများနှင့် စားနပ်ရိက္ခာပြတ်လပ်နေ

ပေါက်တောက မွတ်ဆလင် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများနှင့် စားနပ်ရိက္ခာပြတ်လပ်နေ

ရခိုင်ပြည် ပေါက်တောမြို့နယ်တွင်ရှိသော မွတ်ဆလင်များနေထိုင်ကြသည့် ဒုက္ခသည်စခန်း ၅ ခုမှာ ဆေးဝါးများမရှိခြင်းနှင့် စားနပ်ရိက္ခာများ ပြတ်လပ်သွား၍ ဒုက္ခသည် ၃ ပုံ ၂ ပုံက အငတ်ဘေးကို ရင်ဆိုင်နေရသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။

ဒုက္ခသည်စခန်း ၅ ခုမှာ ဆင်တက်မော်၊ ကြိမ်နီပြင်၊ အနောက်ရွဲ၊ ငှက်ချောင်း (၁)၊ ငှက်ချောင်း (၂) တို့ဖြစ်ပြီး မွတ်ဆလင်ဒုက္ခသည် အရေအတွက် ၃၀,၀၀၀ (သုံးသောင်း) ကျော်ရှိကြောင်း အမည်မဖော်လိုသည့် အသက် ၅၀ ကျော်အရွယ် စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

” ၂၀၂၃ နိုဝင်ဘာ တိုက်ပွဲစဖြစ်ကတည်းက ရိက္ခာတွေ ထောက်ပံ့ကြေးမရတော့ဘူး။ WFP က နှစ်လစာပဲ ထောက်ပံ့ပေးခဲ့ပြီးတော့ နောက်မထောက်ပံ့ပေးတော့ပါ။ အခု နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများကြီးပဲ။ ဆေးဝါးကလည်းမရှိ။ လူဦးရေ ၃ ပုံ ပုံလို့ ၂ ပုံက ထမင်းငတ်နေတယ်။ WFP အပါအဝင် အကူအညီပေးတဲ့အဖွဲ့တွေ ပြန်လည်ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်။ ” ဟု ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းများရှိ လူဦးရေ ၃ သောင်းကျောင်ထဲက ထမင်းနပ်မှန်နေသည့် လူဦးရေ ၁ သောင်းကျော်မှာလည်း ဆန်ကွဲသာ စားနေရပြီး ကလေးတွေကို ဦးစားပေးထားကြောင်းနှင့် ကျန် ၂ သောင်းမှာ အိုးခွက်ပန်ကန်များနှင့် အသုံးအဆောင်ပစ္စည်းများအား ရောင်းချ၍ လည်ပတ်နေရသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောဆိုကြသည်။

ဆေးဝါးများမရှိ၍လည်း ကလေး၊ လူကြီး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် ဒုက္ခသည်များမှာ ကျန်းမာရေးမကောင်းခြင်း၊ ရာသီတုပ်ကွေးများ ခံစားနေကြရသည်ဟု နောက်ထပ် အမည်မဖော်လိုသည့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

” ကျမမှာ မိသားစုတစ်စုလုံး နေမကောင်းဖြစ်နေကြတယ်။ ဖျားတဲ့သူကဖျား၊ ဝမ်းလျှော့တဲ့သူက ဝမ်းလျှော့၊ ရာသီတုပ်ကွေး သွေးလွန်တုပ်ကွေးဖြစ်တဲ့သူကဖြစ်နဲ့ တော်တော်လေးကို စိတ်ဆင်းရဲနေရပါတယ်။ ဒီကြားထဲ ထမင်းနပ်မှန်စားရဖို့ မနည်းရုန်းကန်နေရတယ်။ ကျမလိုပဲ တခြားမိသားစုတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အားဆေးလည်း မသောက်ရဘူး။ ကာကွယ်ဆေးတွေလည်း မသောက်ရဘူး။ တော်တော်လေးကို ဒုက္ခရောက်နေကြရပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲမဖြစ်ခင်က WFP ကလည်း စားနပ်ရိက္ခာများ ပုံမှန်ထောက်ပံ့ခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း နိုင်ငံတကာအဖွဲ့အစည်းများက ပုံမှန်ကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် WFP အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများမှာ စစ်တွေမြို့တွင် ရုံးစိုက် လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြသော်လည်း ပေါက်တောမြို့နယ်သို့ လာရောက်ကူညီပေးခြင်းမရှိတော့ကြောင်း မွတ်ဆလင်ဒုက္ခသည်များက ပြောဆိုကြသည်။

ယင်းအပြင် နိုင်ငံတကာကူညီရေးအဖွဲ့ LWF က ကူညီပေးနေသော ပညာရေးကဏ္ဍမှာလည်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ယာယီရပ်ဆိုင်းထားပြီး လက်ရှိတွင် ကလေးငယ်များ ပညာမသင်ကြားရကြောင်း သိရသည်။

ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းများမှာ UN နှင့် NGO/INGO အဖွဲ့များ၏ ကူညီထောက်ပံ့ခြင်းများဖြင့် စားဝတ်နေရေးကို လည်ပတ်ခဲ့ရာ ယခု အကူအညီများ မရရှိတော့၍ မွတ်ဆလင်ဒုက္ခသည်မှာ အပြင်ထွက်လုပ်ကိုင်စားသောက်ရန် အမည်သည့်အလုပ်မှ မလုပ်တတ်တော့သည့်အတွက် အခက်အခဲကြုံနေရသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောဆိုကြသည်။

ပင်လယ်ထွက် ငါးရှာစားသောက်နေထိုင်ကြရန် စီစဉ်ကြသော်လည်း စစ်တွေမြို့အနီး သွားလာနေသည့် စစ်ကောင်စီ စစ်သင်္ဘောများကြောင့် ပင်လယ်မထွက်နိုင်ကြဘဲ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ကို စိုးရိမ်နေရသည်ဟု သိရသည်။

ပေါက်တောမြို့နယ်သည် စစ်တွေမြို့ ကုလားတန်မြစ်ကမ်း တစ်ဖက်ကမ်းတွင်တည်ရှိသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular