Western News
Homeစစ်ရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမှာ အရပ်သား ၁၀ ဦးနှင့် စစ်သုံ့ပန်း ၇ ဦးသေဆုံး

လေကြောင်းတိုက်ခိုက်မှုကြောင့် ပေါက်တောမှာ အရပ်သား ၁၀ ဦးနှင့် စစ်သုံ့ပန်း ၇ ဦးသေဆုံး

(သေဆုံးသူများထဲ AA အကျဉ်းစခန်းထိန်းသိမ်းရေး တာဝန်ရှိသူများလည်း ပါဝင်)

ရခိုင်ပြည် ပေါက်တောမြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေသခံအရပ်သား ၁၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၇ ဦး သေဆုံးသွားကြောင်း AA က ယမန်နေ့ စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည်။

စစ်သုံ့ပန်းများနှင့် ကျေးရွာသားများအား ဆေးကုသပေးနေသော ပေါက်တောမြို့နယ် ရှင်ရွာကျေးရွာကို စက်တင်ဘာလ ၈ ရက် ညနေ ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၀ ဦးနှင့် စစ်သုံ့ပန်း ၇ ဦးသေဆုံးခဲ့ကာ ၁၀ ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

သေဆုံးသွားသော စစ်သုံ့ပန်းများထဲတွင် ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများ၊ စစ်ဆေးနေသူတချို့နှင့် ပြစ်ဒဏ်ကျခံနေရသူတချို့ပါဝင်ကြောင်း AA က ဆိုသည်။

သေဆုံးသူ ဒေသခံများထဲတွင် AA ၏ အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့၊ ကျန်းမာရေးဝန်ထမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူများ၊ ကလေးငယ်များ ပါဝင်ကြောင်း သိရသည်။

ပေါက်တော မြို့ခံတစ်ဦးက ” စစ်ကောင်စီဟာ ကြွက်မနိုင် ကျီမီးရှို့ ဆိုသလို လုပ်နေတယ်။ ရခိုင်မှာ စစ်ရှုံးနေပြီဆိုတာကိုလည်း ဝန်မခံသေးဘူး။ အရပ်သားတွေရှိတဲ့နေရာ၊ ဆေးရုံဆေးခန်းတွေကို တမင် ဗုံးကြဲတိုက်ခိုက်နေတာ။ စစ်ကောင်စီဟာ လေကြောင်းအားကိုးနဲ့ ပြည်သူတွေကို သတ်နေတာဖြစ်တယ်။ ” ဟု ပြောသည်။

သေဆုံးသွားသူ အရပ်သားထဲက တစ်ဦးဖြစ်သူ၏ မိသားစုဝင်အမျိုးသမီးတစ်ဦးက အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာ တာဝန်ရှိသူများနှင့် ကုလအဖွဲ့အစည်းက ပြင်းပြင်းထန်ထန် အရေးယူပေးရန် တောင်းဆိုထားသည်။

” စစ်ကောင်စီဟာ ပေါက်တော တစ်ခုတည်းမဟုတ်ဘူး ရခိုင်တပြည်နယ်လုံးကို လေကြောင်းဗုံးကြဲတိုက်ခိုက်နေတယ်။ အရင်လို တိုက်ပွဲရှိတာလည်းမဟုတ်ဘူး။ အခု ကျမတို့ မိသားစုဝင်တွေ သေဆုံးခဲ့ရပြီ။ အပြစ်မဲ့အရပ်သားတွေပါ။ စစ်ကောင်စီရဲ့ နေ့စဉ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ က တာဝန်ရှိသူတွေနဲ့ UN အဖွဲ့တွေက ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ကလည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့ရသည်။

ရခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) သည် အရပ်သားများနေထိုင်ရာ မြို့/ရွာများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ဈေးများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားသည်။

ထိုတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးနေရသည်ဟု AA က ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မြန်မာစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်က ဆုံးရှုံးသွားသောနယ်မြေများကို ပြန်လည်ရယူသွားမည်ဖြစ်ကြောင်းနှင့် သတင်းရရှိမှုအပေါ်မူတည် လိုအပ်သလို တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

Western News MM
Western News MMhttps://westernnewsmm.com/
Western News is a Myanmar-based news outlet that monitors and investigates injustices and human rights
RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular