Western News
Homeမိုးလေဝသရခိုင်တောင်ပိုင်း တကျော့ပြန် ရေစတင်ကြီးနေ

ရခိုင်တောင်ပိုင်း တကျော့ပြန် ရေစတင်ကြီးနေ

ဇူလိုင်လမှာ ရေကြီးခဲ့သည့် ရခိုင်ပြည် တောင်ပိုင်းဒေသက သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ရမ်းဗြဲဒေသတို့တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး တကျော့ပြန် ရေစတင်ကြီးနေပြီဟု ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်လာကာ သံတွဲမြို့ပေါ်က ရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာအချို့မှာ ရေကြီးနေပြီဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

“သံတွဲမြို့လယ်ချောင်းက ရေတွေ အနိမ့်ပိုင်းရပ်ကွက်တွေ ဝင်ပြီး ရေပြန်ကြီးနေပြီ။ တချို့နေအိမ်တွေဆို နစ်မြုပ်သွားပြီ။ လေယာဉ်ကြောက်ရမလား၊ ရေမြုပ်တာ ရွှေ့ရမလား။ တော်တော်လေးကို ဒုက္ခရောက်နေကြပါပြီ။” ဟု ပြောသည်။

အလားတူ တောင်ကုတ်မြို့တွင်လည်း မိုးသည်း၍ ချောင်းရေမြင့်တက်လာကာ မြို့ပေါ်ရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာများသို့ ရေဝင်ရောက်နေပြီး နေအိမ်အချို့ နစ်မြုပ်နေကြသည်။

တောင်ကုတ်ဒေသခံတစ်ဦးက “ပြီးခဲ့တဲ့ နှစ်ရက်ကနေ မိုးသည်းနေတာ။ ဒီနေ့မှာ မိုးပိုများတော့ ချောင်းရေမြင့်လာပြီး မြို့ထဲ ရေစတင်ဝင်လာတယ်။ ဈေးတွေ၊ ချောင်းနဲ့နီးတဲ့ အနိမ့်ပိုင်းက နေအိမ်တွေဆို နစ်မြုပ်သွားပြီ။ ရေက မြို့လယ်အထိ ရောက်လာနေပါပြီ။” ဟု ပြောသည်။

ရခိုင်အလယ်ပိုင်း အမ်းမြို့နယ်တွင်လည်း မိုးသည်းပြီး တောင်ကျရေကြောင့် ချောင်းရေမြင့်တက်ကာ ကျေးရွာအချို့ ရေနစ်မြုပ်နေကြပြီဟု သိရသည်။

“ရူးစံပြကျေးရွာမှာ တောင်ကျရေကြောင့် ချောင်းရေမြင့်တက်လာလို့ ရွာထဲ ရေကြီးနေပါပြီ။ နေအိမ်အနိမ့်တွေက ဒီကနေ့ နစ်မြုပ်သွားပါပြီ။ အနိမ့်ပိုင်းက သူတွေက နေအိမ်အမြင့်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘေးကင်းရာနေရာမှာ ရေဘေးရှောင်နေကြရပါတယ်။ မြေပြိုတာတွေလည်း ရှိနေတယ်။ ထိခိုက်သေဆုံးမှုကတော့ မရှိသေးဘူး။” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

အမ်းမြစ်ရေမှာလည်း မိုးရေနှင့် တောင်ကျရေကြောင့် တဖြေးဖြေးမြင့်တက်လာကာ အမ်းမြစ်တစ်လျှောက်ရှိ အမ်းမြို့မှ တပ်တောင်မြို့အထိ ပြောင်းချောင်း၊ ချင်းကုန်း၊ ငလက်ကျ၊ ခရမ်းကျွန်း၊ လောင်းစပ်၊ ရေအေး၊ ပြုတ်ကျွန်း၊ ညောင်ချောင်း၊ စခန်းမော်၊ ပျက်၊ မယ်ဇလီကိုင်း၊ ဝက်မီးတို၊ တိုက်မော်၊ မော်ကြီး၊ ကံဇလီ၊ မွန်လှ၊ ကျားခြေရာ၊ လောင်းဒုံးကွင်း၊ မရမ်းတောင်၊ တပ်တောင်၊ ဟင်းရွက်မော်၊ တောင်ဖီလာ၊ အဝပြင် စသည့် ကျေးရွာများမှ အနိမ့်ပိုင်းနေအိမ်များ စတင်ပြောင်းရွှေ့နေကြပြီဟု စုံစမ်းသိရသည်။

စစ်ကောင်စီ မိုး/ဇလနှင့် တစ်သီးပုဂ္ဂလ မိုးလေဝသပညာရှင်များက ရခိုင်ပြည်မှာ စက်တင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အတွင်း မိုးရေချိန်များပြားခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုကျနိုင်ကြောင်း သတိပေးထုတ်ပြန်ထားကြသည်။

ရခိုင်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှ ယနေ့ စက်တင်ဘာ ၁၂ ရက်မှ ၁၃ နှစ်ရက် ဆက်တိုက် မိုးကြီးနိုင်ပြီး ယောချောင်း၊ စလင်းချောင်း၊ နွယ်တမယ်ချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ စပွတ်ချောင်း၊ မင်းတုန်းချောင်းများသည် တောင်ကျရေ အရှိန်အဟုန်ပြင်းမည်ဟု ဆိုသည်။

ချောင်းအနီး မြေနိမ့်နေရာဒေသ နေထိုင်ကြသူများအနေဖြင့် မြေမြင့်ဘေးကင်းလုံခြုံသည့် နေရာများကို ပြောင်းရွှေနေထိုင်ကြရန် မိုးလေဝသပညာရှင် ဒေါ်စုစုစံက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular