Western News
Homeမိုးလေဝသရခိုင်မြောက်ပိုင်း မိုးသည်း လေးမြို့မြစ်ရေတက်လာ

ရခိုင်မြောက်ပိုင်း မိုးသည်း လေးမြို့မြစ်ရေတက်လာ

ရခိုင်ပြည် မြောက်ပိုင်းဒေသမှာ ပြီးခဲ့သည့် ၃ ရက်ခန့်ကစ၍ မိုးဆက်တိုက်ရွာသွန်းနေပြီး ယနေ့အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။

လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေမှာ အနည်းငယ် ရေတက်လာနေပြီး တကျော့ပြန် ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

မြောက်ဦးဒေသခံတစ်ဦးက ” မိုးက ရွာနေတာ ၃ ရက်ရှိပြီး ဆက်တိုက်ပဲ။ နေပူဖို့ အလားအလာတောင် မမြင်ရဘူး။ မှောင်မဲနေတာ။ လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေကလည်း တောင်ကျရေတွေကြောင့် နည်းနည်းတက်လာနေတယ်လို့ သိရတယ်။ လေးမြို့မြစ်မှာဆို အနိမ့်ပိုင်းက ရွာတွေက သတိထား စောင့်ကြည့်ပြီး ရွှေ့ပြောင်းဖို့ အဆင့်သင့်လုပ်ထားတယ်လို့ သိရတယ်။ ” ဟု ပြောသည်။

တောင်သူလယ်သမားများမှာလည်း စပါးစိုက်ပျိုးပြီးသည့်အချိန်ဖြစ်၍ နောက်ထပ်တစ်ကြိမ် စပါးခင်းများအား ရေလွှမ်းမိုးသွားမည်ကို အလွန်စိုးရိမ်နေကြသည်။

ကျောက်တော်ဒေသခံ လယ်သမားတစ်ဦးက ” ဩဂုတ်လ ရေကြီးတုန်းက ရေမြုပ်သွားတဲ့ စပါးခင်းအားလုံးတောင် ပြန်မစိုက်နိုင်ခဲ့ဘူး။ အခုတခါ စပါးခင်တွေ ရေလွှမ်းမိုးရင်တော့ ကျနော်တို့ တောင်သူတွေ တော်တော် ဒုက္ခရောက်မှာ။ ရခိုင်ပြည်သူတွေလည်း ထမင်းငတ်ကြမှာ။ ဒီအချိန်က စပါးစိုက်ပျိုးလို့ပြီးကြပြီ။ သွင်းအားစုတွေက ဈေးကြီးနဲ့ ပျက်စီးသွားရင် နောက်တစ်ခေါက် ပြန်စိုက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ” ဟု ပြောသည်။

ယခုနှစ် ဇူလိုင်၊ ဩဂုတ်လတုန်းက ရခိုင်ပြည် သံတွဲ၊ ဂွ၊ တောင်ကုတ် ဒေသများနှင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့် ဒေသများတွင် မိုးသည်း၍ မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

ယခုတခါ ရခိုင်၊ ချင်း၊ မကွေးဒေသတို့တွင် လာမည့် ၃ ရက်အတွင်း လေပွေလှိုင်းနှင့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးခြင်း၊ တောင်ကျရေကြောင့် ချောင်း၊ မြစ်ရေမြင့်လာခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်သည်ဟု မိုးဇ/လ ပညာရှင်များက ပြောဆိုထားကြသည်။

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular