Western News
Homeမိုးလေဝသပဲခူး ထန်းတပင်မှာ ရေဘေးသင့်ပြည်သူ ၁၀၀ ကျော်ပိတ်မိနေ အရေးပေါ်ကယ်ဆယ်ရေးလိုအပ်

ပဲခူး ထန်းတပင်မှာ ရေဘေးသင့်ပြည်သူ ၁၀၀ ကျော်ပိတ်မိနေ အရေးပေါ်ကယ်ဆယ်ရေးလိုအပ်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ထန်းတပင်တံတားပေါ်နှင့် တံတားဘေးတွင် ရေဘေးသင့် ပြည်သူ ၁၀၀ ကျော်ပိတ်နေပြီး အရေးပေါ်ကယ်ဆယ်ရေး အကူအညီများ လိုအပ်နေကြောင်း ရေဘေးသင့်ပြည်သူများက ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထန်းတပင်မြို့နယ်နှင့် တောင်ငူမြို့နယ်အစပ်ရှိ စစ်တောင်းမြစ်ရေ မြင့်တက်လာပြီး သာဂရနှင့် ချစ်ကြည်စုတံတားရှိ တာတံမံ ကျိုးပေါက်ခဲ့ကြောင်း သိရသည်။

စစ်တောင်းမြစ်ဘေးက မြင်းစု၊ လေးအိမ်စု၊ ခေါင်ရမ်း၊ အောင်းကြီး၊ ကုလားရွာ၊ ရွာသစ်၊ သာဂရ စသည့်ကျေးရွာများမှာ ရေနစ်မြှုပ်သွားခဲ့ကြောင်း ရွာသားများက ပြောသည်။

“ညီမတို့ရွာက စစ်တောင်းမြစ်နဲ့ ကပ်လျက်ဆိုတော့ ပိုဆိုးတာပေါ့၊ အခုတော့ လူတွေက ထန်းတပင် တံတားဘေးက လမ်းမတွေပေါ်မှာပေါ့။ တံတားပေါ်နဲ့ တံတားဘေးက လမ်းပဲလွတ်တယ်၊ ကျန်တဲ့ နေရာတွေက အကုန်ရေမြုပ်နေတာ။ ရွာတွေရော၊ လမ်းတွေရော အကုန်မြုပ်နေတာ။ အခုတော့ မိုးတွေတအားရွာနေတော့ တဲလည်းထိုးမရတော့ မိုးရွာထဲမှာပဲ နေနေကြရတာ။ ” ဟု ရေဘေးသင့် ရွာသားတစ်ဦးက ဆိုသည်။

ကလေး၊ လူကြီး အားလုံး ၁၀၀ ကျော်ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးကို မျှော်နေကြသည်ဟု နောက်ထပ် ရွာသားတစ်ဦးက ပြောသည်။

” ကလေးတွေရော၊ တချို့လူတွေကလည်း ကူးသွားခင်တယ်၊ လက်ရှိဒီနားမှာလမ်းပေါ်မှာရှိနေတာက လူဦးရေ ၁၀၀ ကျော်လောက်ရှိအုံးမယ်။ တောင်ငူဘက်ကို ကူးကြတာ၊ တောင်ငူကိုကူးဖို့ ရေကအရမ်းများလို့ ဘယ်လိုမှကူးလို့မရဘူး။ မြင်းစုကနေ တောင်ငူအထိ ကားတစ်လမ်းလုံး ရေကျော်နေတာ၊ အဲဒါကို လှေနဲ့ကူးပေးတာ၊ အဲဒီလှေက အခုတော့ လေတွေမိုးတွေ တအားတိုက်နေတော့ ဘယ်လိုမှ မကူးပေး တော့တာ၊ အဲဒါကြောင့် ကူးလို့မရတော့တာ။” ဟု ဆိုသည်။

ရေနစ်မြှုပ်သွားသော လေးအိပ်စုကျေးရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး စစ်တောင်းမြစ်ဘေးကပ် လျက်ဖြစ်သဖြင့် တစ်ရွာလုံးနီးပါး နစ်မြှုပ်သွားကြောင်း သိရသည်။

အလားတူ ခေါင်ရမ်းကျေးရွာသည်လည်း အိမ်ခြေ ၂,၀၀၀ ကျော်ရှိပြီး ရေနစ်မြှုပ်သွားကြောင်းနှင့် ပြည်သူအများစုမှာ ရေဘေးလွတ်သည့် နီးစပ်ဆွေမျိုးသားချင်းများရှိသော နေရာများသို့ တိမ်းရှောင်နေခြင်းဖြစ်ကြောင်း သိရသည်။

“သာဂရနဲ့ ချစ်ကြည်စုကြားမှာရှိတဲ့ တမံကလည်းကျိုးသွားလို့၊ အစကတည်းက ရေကလည်း တက်နေတာ၊ ၅ ပေလောက်ရှိမယ်၊ အခုအဲဒီကရေ ထပ်လွှတ်လိုက်တော့ အရပ်နဲ့တောင် မလွတ်တော့ဘူး။ ၆ ပေကျော်၊ ၇ ပေလောက်ရှိသွားတော့ အိမ်တွေရော မြုပ်သွားကုန်တာ၊ တစ်ရွာလုံး နေလို့မရလို့ ထွက်လာကြရတာ၊ အခုတော့လက်ရှိ‌ တော့လမ်းပေါ်မှာပဲ။ ဒီကနေ ကူးဖို့ကလည်း ကယ်ဆယ်ရေးက ဘယ်လိုမှ မလာတော့ဘူး။” ဟု ရေဘေးသင့်သူများက ပြောသည်။

ရေလှိုင်ကြီးပြီး ရေစီးပြင်းသောကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့များမှာ မလာရောက်ကြ၍ မနက်ဖြန်မှ လာရောက်ကယ်ဆယ်ကြမည်ဟု ပြောထားကြောင်းနှင့် ဖြစ်သလို လမ်းမပေါ်မှာပဲ ကယ်ဆယ်ရေးအဖွဲ့ကို မျှော်ရင်း အိပ်ရတော့မည်ဟု သိရသည်။

(ရန်ကုန်ခေတ်သစ် မီဒီယာသည် Western News ၏ မိတ်ဖက်အဖွဲ့ဖြစ်သည်)

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular