Western News
Homeသတင်းတော်လှန်ရေးကာလ ရှည်ကြာလျှင် လူထုယုံကြည်မှု လျှော့ကျမည်ဟု AA ကို ဒေါက်တာအေးမောင် သတိပေး

တော်လှန်ရေးကာလ ရှည်ကြာလျှင် လူထုယုံကြည်မှု လျှော့ကျမည်ဟု AA ကို ဒေါက်တာအေးမောင် သတိပေး

Western News| အောက်တိုဘာ ၁၈

လက်နက်ကိုင်တော်လှန်ရေးသမိုင်း ပိုရှည်ကြာလျှင် လူထုယုံကြည်မှုလျှော့ကျသွားမည်ဟု ရက္ခိုင့်တပ်တော် ULA/AA ကို ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဌ ဒေါက်တာအေးမောင်က သတိပေးပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် NCA ၈ နှစ်ပြည့်အခမ်းအနားပွဲတွင် ဒေါက်တာအေးမောင်က သတင်းထောက်များ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

“AA မှာ လက်နက်မော်ဒန်လေးတွေရှိနိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေးသမိုင်းရှည်ကြာသည်နှင့်အမျှ လူထုသည် ယုံကြည်မှု လျှော့ကျလာနိုင်တယ်။ တော်လှန်ရေးဆိုတာ အချိန်တိုတိုလေးအတွင်းမှာ သူ့ရဲ့ပန်းတိုင်းကို ရောက်သွားရင် အောင်မြင်တယ်။ ဥပမာ ခင်ဗျားတော့ ချေဂွေဗားရားတော့ ခေတ်မှာ ကက်စထရိုတော့ကိုကြည့်။ ကြာလာရင် လူထုက ယုံကြည်မှုဘာတို့ ကျကျသွားတယ်။ တော်လှန်ရေးသမိုင်းက ရှည်သွားတာပေါ့။ အဲလိုမဖြစ်အောင် သူတို့တွေ ကြိုးစားရမှာပေါ့။ ကျနော်တို့က သူတို့ဘက်ကို ဝင်စဉ်းစားတာပေါ့” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA အနေဖြင့် မည်သည့်အတွက်ကြောင့် လက်နက်ကိုင်ရသလဲဆိုသည်ကို ထည့်သွင်းစဉ်းစားပြီး သိအောင်လုပ်ရန် လိုအပ်ကြောင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA ထဲတွင် ပါဝင်ရန် ခေါ်ယူနေ၍ ရက္ခိုင့်တပ်တော် ULA/AA သည်လည်း NCA ထဲတွင် ပါဝင်ရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“ဝ လိုမျိုးတည်ဆောက်နိုင်သလား၊ အခြေခံဥပဒေထက် ကျော်လွန်ပြီး ကိုယ်ဒေသ ဖွံ့ဖြိုးရေး၊ လူမျိုးတွေအတွက် တည်ဆောက်နိုင်သလား၊ အခြေခံဥပဒေအရ မေးရမယ့် မေးခွန်းဖြစ်တယ်။ ကျနော်တို့ ဘယ်လိုဖြေရှင်းကြမလဲ ဟုတ်လား။ ဝ ဟာ လက်နက်ကိုင်တပ်ဖွဲ့ရှိတယ်။ ပြည်နယ်တစ်ခုရဲ့ အခွင့်အရေးလည်း ပြည့်ပြည့်ဝဝရှိတယ်။ ကျနော်တို့က အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်လို့ ပါးစပ်က ဘယ်လောက်ပဲပြောပြော ပြည်ထောင်စုရဲ့ မူအတိုင်းပဲ ရခိုင်တို့၊ မွန်တို့၊ ရှမ်းတို့က သွားနေရတယ်။ အဲဒီနှစ်ခုရဲ့ ခြားနားချက်ကို လက်နက်ကိုင်ခေါင်းဆောင်တွေက သိမှာပေါ့။ ဒုတိယတစ်ချက်က ဘယ်ကြောင့်ပေါ်ပေါက်လာသလဲဆိုတဲ့ အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းတွေ၊ ရည်မှန်းချက်တွေ ရှိမှာပေါ့။ အဲဒီရည်မှန်းချက်တွေကို သူက ဘယ်လောက်ပေးမယ်။ ကိုယ်က ဘယ်လောက်ပေးမယ် စဉ်းစားဖို့လိုတယ်။ ငြိမ်းချမ်းရေးရဖို့အတွက် NCA မထိုးတဲ့တိုင်အောင် ဒီလို NCA ပွဲမှာ ပါဝင်သင့်တယ်။ ပါဝင်မှလည်း လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေကို ပြည်သူကို ချပြလို့ရမှာပေါ့။ ငြိမ်းချမ်းရေးကိုမလိုတဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့ကိုမဆို အမြဲတမ်းတိုက်တယ် ခိုက်တယ်ဆိုတာကို ပြည်သူက ကြာရှည်လက်ခံဖို့ ခက်တယ်။ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းဖို့က ငြိမ်းချမ်းရေးပဲ။ AA အပါအဝင် လက်နက်ကိုင်တွေဟာ ငြိမ်းချမ်းရေးတွေ့ဆုံပွဲကို မသွားလိုကို မရဘူး။ ဒါမှ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ရှေးတိုးနောက်ဆုတ် လုပ်လို့ရမှာဖြစ်တယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် ULA/AA သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး မြန်မာစစ်တပ်နှင့် ရခိုင်ပြည်အတွင်း အပစ်အခတ်ရပ်စဲထားသည်မှာ လက်ရှိအချိန်အထိဖြစ်ပြီး AA ကမူ အပစ်အခတ်ရပ်စဲမှုက ဆက်လက်ရှိနေသေးသည်ဟု ပြောဆိုထားသည်။

AA သည် ရခိုင်ပြည်တွင် စစ်တပ်တစ်ခုတည်းသာ ရှိရမည်ဆိုသည့် မူဖြင့် သွားနေပြီး ရခိုင်ပြည်လူထုများ၏ အကျိုးစီးပွားအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နှင့် သယံဇာတများအား စီမံပိုင်ခွင့်အပါအဝင် ကိုယ်ပိုင် တရားစီရင်ပိုင်ခွင့်တို့ကို ကြိုးပမ်းနေခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော် AA သည် မြန်မာစစ်တပ်နှင့် ရခိုင်ပြည်အတွင်း အပစ်အခတ်ရပ်စဲထားသော်လည်း ကချင်ပြည်နယ်တွင် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မြန်မာစစ်တပ်အား တိုက်ခိုက်နေကြောင်း သိရသည်။

ယင်းအပြင် ရက္ခိုင့်တပ်တော် ULA/AA သည် NCA ထဲတွင် ပါဝင်ခြင်းမရှိသော်လည်း တရုတ်၊ ဂျပန်ကြားဝင်မှုတို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှတစ်ဆင့် မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီနှင့် ငြိမ်းချမ်းဆွေးနွေးမှုများရှိနေသည်။

ရက္ခိုင့်တပ်တော် ULA/AA သည် အာရက္ခလမ်းစဉ် အမည်ဖြင့် ရခိုင်ပြည်၏ တော်လှန်ရေးကို ဦးဆောင်နေသော်လည်း အချိန်ကာလသတ်မှတ်ချက်များကို ရခိုင်လူထုထံသို့ တရားဝင်ချပြခြင်းများ မရှိသေးပေ။

တော်လှန်ရေးကာလ မည်သည့်အချိန်တွင် ပြီးဆုံးမည်၊ လက်ရှိတွင် တော်လှန်ရေး ရည်မှန်းချက်များ မည်မျှအထိ ရရှိထားပြီ အပါအဝင် လက်ရှိဆောင်ရွက်နေမှုအခြေအနေနှင့် စစ်ကောင်စီနှင့်ဆက်ဆံရေး အခြေအနေများကို ရခိုင်ပြည်သူများထံသို့ ချပြရန် လိုအပ်နေခြင်းဖြစ်သည်။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular