Western News
Homeသတင်းစစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်နှင့် ဆေးကုသခွင့် ကန့်သတ်ထားဆဲ

စစ်တွေ အကျဉ်းထောင်တွင် အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်နှင့် ဆေးကုသခွင့် ကန့်သတ်ထားဆဲ

Western News| အောက်တိုဘာ ၁၇

ရခိုင်ပြည် စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားများအား ထောင်ဝင်စာ တွေ့ခွင့်ကန့်သတ်ခံ ထားရဆဲဖြစ်ပြီး ဆေးကုသမှုမှာလည်း မရရှိကြောင်း အကျဉ်းကျခံ နေရသူများ၏ မိသားစုဝင်များက ပြောသည်။

ထိုသို့ ထောင်ဝင်စာ တွေ့ခွင့်ကန့်သတ်ထံထားရမှုမှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ်ကာလအတွင်းမှ စတင်၍ ဖြစ်ပြီး ၃ နှစ်ကျော်ခန့်အကြာ လက်ရှိအချိန်ထိ အဆိုပါကန့်သတ်ချက်မှာ ဆက်လက်တည် ရှိနေခြင်းဖြစ်သည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ဝန်ကြီးဟောင်းများအားလည်း ထောင်ဝင်စာ တွေ့ခွင့်မရကြောင်း ထိုသို့တွေ့ခွင့်မရခြင်းမှာ အကျဉ်းထောင်မှ ချမှတ်ထားသည့် ကန့်သတ်ချက် တစ်ခုဖြစ်ပြီး အကျည်းကျခံနေရသူများအားလုံးမှာ မိသားစုဝင်များနှင့် တွေ့ခွင့်ကို ပိတ်ပင်ခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း နေထိုင်နေရသူများမှာ အစားသောက်နှင့် ဆေးဝါး ရရှိမှုပိုင်းတွင် အဆင်မပြေမှုတို့အများအပြားရှိနေကြပြီး မကျန်းရေးမကောင်းသည့်အခါတွင်းလည်း ဆေးကုသမှုတွင် ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ ကိုဇော်မိုးထက်မှာ စစ်တွေအကျဉ်းထောင်သို့ပြောင်းရွှေ့ခံရပြီး ထောင်ဝင်စာသွားတွေ့ခဲ့မှုအခြေနေအား မိသားစုဝင်တစ်ဦးက ယခုကဲ့သို့ပြောသည်။

“သူအကျဉ်းထောင်ပြောင်းသွားကတည်းက ၂ ခါသွားတွေ့ပါတယ်။ ၂ ခါလုံးတွေ့ခွင့်မရခဲ့ပါဘူး။ အစားအသောက် တွေပို့ရတာတွေက သိပ်ပြီးတော့လည်း အဆင်မပြေလှပါဘူး ” ဟုပြောသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့တကျော့ပြန် တိုက်ပွဲဖြစ်ပွားစဥ်က ၎င်းမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မဖြင့် ထောင်ဒဏ် ချမှတ်ခံထားရဆဲ ဖြစ်သည်။

ယင်းအပြင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်၍ နှစ်ရှည်ထောင်ဒဏ်များအပြင် မူးယစ်ဆေးဝါးဖြင့်ပါ ထောင်ဒဏ်ချမှတ်ခံထားရသူ မခိုင်ခိုင်စံနှင့် ကိုမောင်ဘုတို့အား ထောင်ဝင်စာသွားတွေ့ခဲ့သည့်နှင့်ပတ်သက်၍ လည်း မိသားစုဝင်များက ယခုကဲ့သို့ဆိုသည်။

“ရသေ့တောင်ကနေ တွေ့ခွင့်ရလို့ ရငြားသွားခဲ့တာ တွေ့ခွင့်မရပါဘူး။ အဆင်ပြေနိုင်တဲ့ အစားအသောက်လေးတွေ လုပ်ပြီး ထောင်အဝလောက်မှာပဲ ထောင်ဝန်ထမ်းကို ပေးခဲ့ရတယ်။ ကျန်းမာရေးအခြေနေတွေ ဘယ်လိုရှိနေ လဲဆိုတာလည်း မသိရဘူး ” ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ပြည်နယ် သတင်းပြန်ကြားရေး ဦးလှသိန်း အား ဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

အကျဉ်းသားများအား ထောင်ဝင်စာတွေ့ခွင့် ကန့်သတ်ပိတ်ပင်ထားမှုမှာ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းဖြစ်ပြီး မိသားစုအနေဖြင့်တွေ့ ခွင့်ရမည့်ကိစ္စကို တာဆီးထား၍မရဟု ရခိုင့်လူ့အခွင့် အရေးကာကွယ် မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒီအချက်ကို ခွင့်ပြုပေးရမယ်။ ကိုဗစ်ဖြစ်တုန်းက ပိတ်လိုက်တာဟာလည်းမဖြစ်သင့်ဘူး။ သူတို့ဆီမှာ လိုအပ်တဲ့ ကာကွယ်မှုတွေစနစ် တကျစီစဥ်ထားပြီးပဲ တွေ့ခွင့်ရအောင်လုပ်ထားရမှာ။ အဲ့လို တွေ့ခွင့်မပေးတာဟာ အကျဉ်းထောင်ရဲ့ လူ့အခွင့်ရေး စံချိန် စံညွှန်းအချက် ၁၂ ချက်ထဲက အချက်တွေနဲ့ငြှိနေတယ်။ အကျဉ်းသားဟာ မိသားစုနဲ့ တွေ့ကိုတွေ့ခွင့်ရကိုရရမယ်။ တွေ့ခွင့်မရဘူးဆိုရင် ဒါဟာအပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေး ကြေညာစာတမ်းကို ချိုးဖောက်တာပဲလို့ ပြောရမယ်” ဟုပြောသည်။

ရခိုင်တွင် စစ်တွေ အကျဉ်းထောင်၊ ဘူးသီတောင် အကျဉ်းထောင်၊ ကျောက်ဖြူ အကျဉ်းထောင် စသည့်ဖြင့် သံတွဲအကျဉ်းထောင် အသီးသီးရှိပြီး အကျဉ်းထောင်မရှိသည့် မြို့နယ်များမှ အကျဉ်းသားများကိုမူ စစ်တွေ အကျဉ်းထောင်သို့ အဓိကပို့ဆောင်လေ့ ရှိတတ်သည်။

ရခိုင်တွင် ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်က အကျည်းထောင်၊ အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၃၁၇ ဦး၊ ဧပြီလအတွင်းက ၁၇၃ ဦး၊ သြဂုတ်လအတွင်းက ဦးရေ ၆၀ ကျော် စသည်ဖြင့် စစ်ကောင်စီမှ အသီးသီး လွှတ်ပေးမှုရှိထားသည်။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular