Western News
Homeဆောင်းပါးမန္တလေး နန်းတွင်း စစ်ကြောရေးမှ ငရဲခန်းများ

မန္တလေး နန်းတွင်း စစ်ကြောရေးမှ ငရဲခန်းများ

Western News| စက်တင်ဘာ ၄

“တိုက်ပိတ်ထားတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ အစ်မကိုစော်ကားရင် ညီမကဘေးကနေ ထိုင်ကြည့်နေရတယ်။ နောက်တစ်နေ့ညီမကိုစော်ကားရင် အစ်မကဘေးကနေ ထိုင်ကြည့်နေရတဲ့ အဆင့်ပေါ့နော်။ တယောက်နဲ့ တယောက်ဘယ်လိုမှ မကူညီနိုင်ပဲ အော်ဟစ်သံတွေပဲကြားနေရတယ်”လို့ မဖြူညို (နာမည်လွှဲ)က ပြောရှာပါတယ်။

“ရင်ဘတ်တွေ၊ နားတွေကို ဆေးလိပ်မီးစတွေနဲ့ ရှို့တယ်၊ လက်သည်းအရေခွံတွေကို ဓားနဲ့ပါးပါးလေးလှီးတယ်”ကိုမြတ်နိုင်(နာမည်လွှဲ) က ပြောပါတယ်။

■ ဖမ်းဆီးခံရတဲ့နေ့

စစ်အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးဆန္ဒပြတဲ့ အထဲက မကြာသေးခင်က ပူပူနွေးနွေး လက်ထပ်ထားတဲ့ ဇနီးမောင်နှံ နှစ်ယောက်လည်း စစ်အာဏာရှင် ဆန်ကျင့်ရေးမှာပါဝင်လာပါတယ်။ ရန်ကုန်လှည့်တန်း၊ ကမာရွက်စတဲ့ နေရာတွေမှာ သူတို့နှစ်ယောက်ဟာ ဦးဆောင်ဆန္ဒပြရာမှာပါဝင်ခဲ့ပြီး အစိုးရဝန်ထမ်းတွေကို CDM လုပ်ဖို့ ဦးဆောင် လှုပ်ရှားတဲ့ဇနီးမောင်နှံလည်းဖြစ်ပါတယ်။

“ကျွန်တော်အမျိုးသမီးဆိုင်ကို သတင်းပေါက်ပြီး သိသွားတယ်တဲ့ အတွက် ဆက်နေလိုမရတော့ဘူးပေါ့ဗျာ။ ကျွန်တော်က ကမာရွတ်အထိုင်ဆိုတော့ ကမာရွတ်က ရဲတပ်ဖွဲ့အဖွဲ့စည်းတွေက ဝင်စီးတယ်။ အမျိုးသမီးရဲ့ အပ်ချုပ် (ဒီဇိုင်နာ) ဆိုင်မှာ ရှိတဲ့ လက်ဝတ်လက်စား၊ စာရွက်စာတန်းတွေ၊ ဒီဇိုင်းနာနဲ့ ပတ်သတ်တဲ့ အပ်ချုပ်ပစ္စည်းတွေ အကုန်ယူပြီး ဝင်မွှေတယ်။ အမျိုးသမီးနဲ့ ပတ်သတ်တဲ့ဆိုင်တွေ အကုန်သိမ်းခံလိုက်ကတယ်။ကျွန်တော်တို့ကိုလည်း ဖမ်းဝရမ်းထုတ်တယ်၊ ကျွန်တော်တို့ထွက်ပြေးတယ် မမိဘူးပေါ့ဗျာ”လို့ ကိုမြတ်နိုင်က ပြောပါတယ်။

ကိုမြတ်နိုင်ဟာ တောင်ကိုးရီယားမှာ ၅နှစ်ကြာ အလုပ်ကိုင်ပြီးနောက် မိမိနိုင်ငံကို ပြန်ရောက်စဉ် အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပြီး အာဏာသိမ်း ဆန့်ကျင့်မှုမှာ ပူးပေါင်းပါဝင်လာခဲ့သူပါ။ သူ့ရဲ့ဇနီးဖြစ်သူဖြူညိုမှာ ရန်ကုန်မြို့က လှည့်တန်းမှာ ကိုယ်ပိုင် ဖက်ရှင်ဆိုင်ဖွင့်လှစ်ထားသူတစ်ဦးဖြစ်ပြီး စီးပွားရေး ပြေလည်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ စစ်အာဏာရှင် ကျရှုံးရေး လှုပ်ရှားမှုတွေကို ရပ်တန့်မသွားဘဲ မန္တလေး ဆန္ဒပြပြမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဘေးပတ်ဝန်တစ်ချို့ရဲ့ တိုင်းကြားမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ အောက်တိုဘာ၃ ရက်နေ့မှာ မန္တလေးပြည်ကြီးတံခွန်မှာ သူတို့ဇနီးမောင်နှံ နှစ်ယောက် ဖမ်းဆီးလိုက်ရပါတော့တယ်။

“သူတို့က အိမ်နောက်၊ အိမ်ရှေ့ အကုန်လုံးပိတ်ပြီး၊ ယူနီဖောင်း အပြည့်စုံနဲ့ သေနတ်တွေမောင်းတင်ပြီးလာဝင်ဖမ်းတယ်။ စစ်သားတွေများတယ်၊ ရဲကတယောက်နှစ်ယောက်ပဲ ပါတယ်။ အမျိူးသားကိုလည်းထိုးကြိတ်တယ်။ ဓားတွေနဲ့ လည်ပင်းကိုထောက်တယ်။ ရိုက်နှက်ပြီးဖမ်းတယ်။ ညီမကိုလည်း အင်္ကျီကိုဆွဲဆောင့်၊ ဒူးတွေထောက်ခိုင်း၊ လက်နောက်ပြန်ကြိုးတွေတုပ်ပြီး ကားပေါ်ဆွဲတင်တယ်။ ကားပေါ်ရောက်တော့လည်း အမျိုးသားကို ထပ်ပြီးထိုးကြိတ်တယ်”လို့ မဖြူညိုက ပြောပါတယ်။

■ မန္တလေး နန်းတွင်း စစ်ကြောရေးမှ ငရဲခန်းများ

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ ညချင်းတွင်းမှာ မန္တလေး လေးမျက်နှာနန်းတွင် စစ်ကြောရေးစခန်းကို အပို့ခံလိုက်ရပါတယ်။ စစ်ကြောရေးမှာ ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရပြီး အရှင်လုလု ငရဲမှာ နေခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။

“ဖမ်းဆီးခေါ်သွားပြီး တစ်ညလုံးနှိက်စက်တယ်၊ အခန်းကျဉ်းလေးထဲမှာ လက်နှစ်ဖက်ကို ဘယ်တစ်ဖက်၊ ညာတဖက်ကြိုးချည်ထားပြီး ခြေထောက်ကိုလည်း ကြိုးတုတ်ထားတယ်။ ပြီးရင် သုံးမြောင်တုံးတွေနဲ့ ခြေထောက်ဆန့်လျက်သားကို ဒူးရိုးတွေ၊ ပေါင်အရိုးတွေပေါ်ကို လိုက်လိမ့်တယ်။ တစ်ညလုံးပေါ့ဗျာ ညှဉ်းပန်းနှိပ်စက်တာ၊ ကျနော်လည်း သတိလစ်သွားလိုက်၊ သူတို့ကပြန်နိုးလိုက် ရေတွေနဲ့လောင်း၊ အမျိုးမျိုးနှိပ်စက်တယ်။ နားရွက်တွေ၊ ရင်ဘက်တွေကို ဆေးလိပ်မီးစ တွေနဲ့ရှို့တယ်။ လက်သည်းတွေ၊ နားရွက်အနောက်တွေဆိုရင် ဓားတွေနဲ့ ပါးပါးလှီးတယ်။ စိတ်ဒဏ်ရာ အဆိုးဆုံးအခြေအနေကတော့ ကျနော့်အမျိုးသမီးကို မင်းပြောရင်ပြော၊ မပြောရင်မင်းမိန်းမကို မင်းအရှေ့မှာ မုဒိန်းကျင့်မယ်ဆိုပြီးခြိမ်းခြောက်တာအဆိုးဆုံးပဲ၊ ပြောရုံတင် မဟုတ်ဘူးဗျ ကျနော် အရှေ့မှာ အမျိုးသမီးကို ဖမ်းချုပ်ပြီး ကိုယ်ထိလက်ရောက် လုပ်နေတာတွေ တွေ့ရတော့ စိတ်ပိုင်းဆိုင်ရာ တော်တော်ထိခိုက်ရတယ်” လို့ ကိုမြတ်နိုင်က ဆက်လက်ပြောပါတယ်။

သူတို့နှစ်ဦးဟာ မန္တလေး လေးမျက်နှာနန်းတွင်း စစ်ကြောရေးမှာ ၁၄ရက်ကြာတဲ့အထိ ညှဉ်းပန်းနှိက်စက်မှုတွေ ခံခဲ့ရပါတယ်။

“စစ်ကြောရေးမှာ ၁၄ရက်ကြာတယ်၊ အဲ့ဒီ ၁၄ရက်အတွင်းမှာ တကယ်လူ့ငရဲရောက်နေသလိုပဲ တစ်နေ့တမျိုး မရိုးရအောင် နှိပ်စက်ခံခဲ့ရတယ်။ နေရတဲ့ အခန်းကအရမ်းကျဉ်းတယ်၊ နှိပ်စက်ခံထားရတော့ မအိပ်နိုင်ဘူး၊ သုံးယောက်တစ်ခန်းနေရတယ်။ အခန်းကျဉ်းတော့ဘေးတစောင်းအိပ်ခဲ့ရတယ်။ လွှတ်မြောက်လာတဲ့ အချိန်မှာလည်း စိတ်ဒဏ်ရာတွေအများကြီး ကျန်ခဲ့တယ်။ ညဘက်ဆိုင်ကယ်သံတွေ၊ သော့သံတွေ ကြားရင် လင်မယားနှစ်ယောက် အမှောင်ထဲကနေ အိပ်နေရင်း ထကြည့်တယ် စိတ်ကအလိုလို ကြောက်စိတ်တွေဝင်တယ်” လို့ ကိုမြတ်နိုင်က ပြောပါတယ်။

၁၄ ရက်ကြာတဲ့အထိ ညှဉ်းပန်းနှိက်စက်မှု ခံရပြီး တစ်ချို့ အမျိုးသမီးတွေဆိုရင် အဓမ္မပြုကျင့်ပြီး သတ်ပစ်လိုက်တဲ့ သူတွေ အများအပြားလည်းရှိကြောင်းလည်း ဖွင့်ဟ ပြောဆိုလာပါတယ်။

“သူတို့က စစ်နေရင်းနဲ့လည်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ကြတယ်၊ ရင်ဘက်တွေကိုင်တာ၊ ပြီးရင်ဘယ်ယောင်္ကျားနဲ့ ဘယ်လိုအိပ်ခဲ့ဖူးလဲ၊ ငါနဲ့အိပ်မလားမေးတယ်။ နောက်ထပ်စစ်ကြောရေးမှာဆိုရင် ညီမနှစ်ယောက်ကို ဖမ်းမိတယ်။ တိုက်ပိတ်ထားတဲ့အခန်းကျဉ်းကျဉ်းလေးထဲမှာ အစ်မကိုစော်ကားရင် ညီမက ဘေးကနေထိုင်ကြည့် နေရတယ်။ နောက်တစ်နေ့ညီမကိုစော်ကားရင် အစ်မကဘေးကနေထိုင်ကြည့်နေရတဲ့ အဆင့်ပေါ့နော်။ တယောက်နဲ့ တယောက်ဘယ်လိုမှ မကူညီနိုင်ပဲ အော်ဟစ်သံတွေပဲကြားနေရတယ်။ CDMဆရာဝန်မ တယောက်ဆိုရင် နန်းတွင်း စစ်ကြောရေးမှာပဲ စစ်သားလေးယောက်လောက်ရှိတယ် မုဒိန်းကျင့်ပြီး လက်စဖျောက်သတ်လိုက်တယ်ပေါ့နော် ညီမကိုယ်တိုင် မတွေ့လိုက်ပေမဲ့ ညီမထက်အရှေ့ရောက်တဲ့အမတွေ ပြောပြလို့သိရတယ်”လို့ မဖြူညိုက ပြောပါတယ်။

“အထဲမှာအဆိုးဆုံးအခြေအနေတွေက အများကြီးပေါ့ဗျာ၊ ကျနော်တို့က အခန်းကျဉ်းလေးထဲမှာတခန်းကို ၃ယောက်နေရတယ်။ အဲ့ဒီထဲမှာကျနော်က အငယ်ဆုံးပေါ့၊ အထဲမှာမူလတန်းကျောင်းအုပ်ဆရာတယောက်နဲ့ အကိုတစ်ယောက်ပါတယ်၊ ညှဉ်းပန်းနှိက်စက်များများလာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မခံနိုင်တော့ဘူး။ ညမှောင်တဲ့အချိန်မှာ သူရဲ့ရှိတဲ့ပုဆိုးကိုချွတ်တယ်။ နံရံမှာရှိတဲ့ သံငုတ်မှာ သူပုဆိုးကိုချည်ပြီး အဆုံးစီရင်ဖို့လုပ်တယ်။ အဲ့ဒီအချိန်မှာကျနော်တို့ကလည်း အရမ်းနှိက်စက်ခံထားရတော့ ခန္ဓာကိုယ်ကဆန့်နေပြီ၊ အတင်းရုံးကန်ထပြီး ကျောင်းဆရာနဲ့ နှစ်ယောက်သူတို့ဝိုင်းဆွဲတာပေါ့။ အဆိုးအခြေအနေဆိုပေမဲ့ တယောက်ကို တယောက်အားပေးရတာပေါ့ဗျာ”လို့ ကိုမြတ်နိုင်က ပြောပါတယ်။

နန်းတွင် စစ်ကြောရေးမှာ ညဖက် ထုတ်ပြီး စစ်ဆေးတာနဲ့ နေ့ခင်းဖက်ထုတ်ပြီး စစ်ဆေးတာ နှစ်မျိုးရှိပါတယ်။ ညဖက် ထုတ်ပြီး စစ်ဆေးတဲ့သူတွေကတော့ အသက်ရှင် ပြန်လာဖို့ လမ်းစက နည်းပြီး စစ်ဆေးပြီး လက်လွန်သေဆုံးသူတွေ များပြားလွန်တယ်လို့ ကိုမြတ်နိုင် ဆက်လက်ပြောပါတယ်။

“ကျနော်တို့ဘေးခန်းမှာဆို သားဖနှစ်ယောက်နဲ့ တူတယောက်ဆိုရင် ညဖက်ခေါ်ထုတ်တယ်၊ အခန်းတွေက အရမ်းမှောင်နေပေမဲ့ သူတို့ကို ခေါ်ထုတ်တယ်ဆိုတာ သိရတယ်။ အခန်းရဲ့ တဖက်မှာ ရိုက်နှက်ပြီးစစ်မေးတယ်။ သူတို့ကသောက်စားထားတော့စိတ်ရှိတိုင်း အုပ်စုလိုက် ဝိုင်းရိုက်တယ်။ တကယ့်ငရဲခန်းလိုပဲ ပထမတော့ ဆူညံသူတွေ၊ အော်သံတွေကြားရတယ်။ နောက်ပိုင်း ၁၅မိနစ်လောက်မှာ သူတို့မအော်နိုင်တော့ဘူး ထင်ပါတယ်။ အသံကလုံးဝကို ပျော့သွားပြီး ငြီးသံတွေပဲကြားရတော့တယ်။ ပုံမှန်ဆိုရိုက်နှက် စစ်မေးပြီးအခန်းထဲပြန်သွင်းတယ်။ အဲ့ဒီညမှာပြန်မသွင်းလာဘူး။ ကျနော် စိတ်ထင်တာပေါ့နော် သူတို့ သတိလစ်သွားတယ်ပဲထင်တာ။ အဲ့ဒါနဲ့ ကျနော်လည်း ထမင်းလာပို့ နေကြစစ်သားလေး မေးကြည့်တော့ မင်းနဲ့ ဘာဆိုင်လဲ မင်းသိစရာလိုဘူးဆိုတော့ ကျွန်တော်လည်းသူတို့ဆုံးသွားပြီဆိုတာ သဘောပေါက်လိုက်တယ်။ အရင်ကလည်းဒီလိုလုပ်ရပ်တွေ ခဏခဏရှိတယ်လို့ သိရတယ်”လို့ ကိုမြတ်နိုင်က ပြောပါတယ်။

■ စစ်ကောင်စီ၏ ထုတ်ပြန်ချက်

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ စစ်ကောင်စီပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုရာမှာ ထောင်နဲ့ အချုပ်ခန်းတွေမှာ အကျဉ်းသားတွေကို ညှဉ်းပန်းနှိက်စက်တာမရှိကြောင်းနဲ့ စစ်ကြောရေးတွေမှာလည်း အမျိုးသမီးတွေ အဓမ္မ ပြုကျင့်တာတွေမရှိကြောင်း ပြောဆိုထားပါတယ်။

■ ထောင်ဒဏ်ချမှတ်ခြင်း လွှတ်မြောက်လာခြင်း

သူတို့ဇနီးမောင်နံနှစ်ယောက်ဟာ စစ်ကြောရေးမှာ ၁၄ ရက်ကြာနေခဲ့ရပြီး မန္တလေး အိုးဖိုထောင် ပို့ဆောင်ခံလိုက်ရပါတယ်။ စစ်ကောင်စီက သူတို့နှစ်ယောက်ကို အမှု ၅ခုနဲ့ တရားစွဲဆိုခဲ့ပြီး အဲ့ဒီမှာ ၅၀၅(က) (ခ)၊၅၁၊ ၅၂၊ ၁၇ တို့နဲ့ တရားစွဲခဲ့ပါတယ်။ ဒါပေမဲ့ အမှုတစ်ခုနဲ့ သာ ပြစ်မှုထင်ရှားတာကြောင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၅ရက်နေ့မှာ မန္တလေး အိုးဘိုထောင် ပြည်ကြီးတံခွန် ထောင်တရားရုံးကနိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့၂၀၂၃ခုနှစ်၊ မေလ ၃ရက်နေ့မှာ အမျိုးသားနဲ့ အတူ လွှတ်ငြိမ်းနဲ့ ပြန်လွှတ်ခဲ့ပါတယ်။

■ ဆက်လက် တိုက်ပွဲ ဝင်မည်

နောက်ထပ် အဖမ်းခံရမယ်ဆိုတဲ့ အသိစိတ်နဲ့ မန္တလေးမှာ ဆက်မနေရဲ့တော့ နယ်စပ်တစ်နေရာကို ရွှေ့ပြောင်း လာခဲ့ကြပါတယ်။ နယ်စပ်တစ်နေရာကိုရောက်တဲ့အခါမှာလည်း စစ်အာဏာရှင်အမြစ်ပြုတ်ရေးကို ဆက်လက် လှုပ်ရှားသွားမယ်လို့ ကိုမြတ်နိုင် ကပြောဆိုလာပါတယ်။

“ကျနော်ကတော့ ရှေ့ဆက်ပြီး တက်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်ကျရှုံးရေးအတွက် တက်နိုင်ဘက်ကနေပါဝင်သွားဖို့ ရှိပါတယ်။ လက်ရှိမှာတော့သပိတ်တွေမှာလည်း ပါဝင်နေတယ်။ နိုင်ကျဉ်းတွေနဲ့ ပတ်သတ်ပြီးလည်း တောင်းဆိုမှုတွေ၊ ထောင်ဝင်စာတွေ့တာတွေ၊ လိုအပ်တဲ့ အစားအသောက်ပို့တဲ့ နေရာတွေမှာလည်းတက်နိုင်သလောက် ဦးဆောင်လုပ်ပေးနေပါတယ်။ လိုအပ်တဲ့နေရာ ဘယ်နေရာမဆို လုပ်ပေးဖို့အဆင်သင့်ပါပဲ”လို့ ကိုမြတ်နိုင်က ပြောပါတယ်။

“ကျမကတော့ လိုအပ်ရင်လိုအပ်တဲ့နေရာကနေ ဆက်ပြီးတော့ ပါဝင်ပူးပေါင်းသွားမှာပါ။ စစ်အာဏာရှင် အမြန်ကျရှုံးမှ ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်မြောက်မှာဆိုတော့ ဒီတော်လှန်ရေးအမြစ်ပြတ်တဲ့ အထိဆက်လုပ်သွားမှာပါ”လို့ ဖြူညို(နာမည်လွှဲ) ကပြောပါတယ်။

အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၄၄၇၃ ဦးရှိပြီး အဲ့ဒီအထဲမှ ၁၉၉၅၄ ဦးမှာထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။ ထိန်းသိမ်းခံနေရသူတွေထဲက (၇၁၉၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဩဂုတ် ၂၉ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းတဲ့ အချိန်ကစလို့ ဇူလိုင်လ ၂၇ ရက်နေ့ထိ အမျိုးသမီး စုစုပေါင်း ၃၆၄၇ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။ အဲ့ဒီထဲမှာ အမျိုးသမီး ၈၃၅ ဦး ဟာမတရားပြစ်ဒဏ်ချမှတ်ခြင်းကို ခံနေကြရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ကထုတ်ပြန်ထားပါတယ်။

Western News မှ ယမင်း ရေးသားသည်။
ဓါတ်ပုံ- BBC

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular