Western News
Homeဆောင်းပါးနိမ့်ရာမှ ပိုနိမ့်ရာသို့

နိမ့်ရာမှ ပိုနိမ့်ရာသို့

Western News-ဧပြီ ၆ ရက်

ဤကမ္ဘာတွင်မျိုးဆက်ပေါင်းများစွာအသက်ရှင်နေထိုင်လာသည့် လူသားများ၏ အသက်ရှင်နေထိုင်မှုပုံစံများမှာ ခေတ်စနစ်များအလိုက် တစ်ဆင့်ချင်းတိုးတက်ပြောင်းလဲလာသည်ကို ငြင်းဆိုနိုင်ဖွယ်မရှိပေ။ လူသားများမှာ ၎င်းတို့နေထိုင်ရသည့် ဘဝသက်တမ်းတစ်လျှောက်တွင် ရှိနေဆဲအခြေအနေထက် ပိုမိုမြင့်မားလာစေရန်သာ ရည်မှန်း၍ ဆက်လက်အသက်ရှင်သန်ကြပြီး ထိုသို့ဖြစ်မြောက်စေရန်လည်း နည်းအမျိုးမျိုးဖြင့် လုပ်ကိုင်တတ် ကြမြဲဖြစ်သည်။ ထိုအာသီသများကြောင့်ပင် လူတို့၏ လူနေမှုစနစ်များ တစ်ဆင့်ချင်း မြင့်မားလာခြင်း ဖြစ်သည်။

ကမ္ဘာ့သမိုင်းအချက်အလက်များအရဆိုလျှင် လူသားတို့သည် စနစ်တစ်ခု၏အပြောင်းအလဲအတွက် စစ်ပွဲများဖြင့် စတင်လေ့ရှိကြောင်းတွေ့ရသည်။ ဥပမာအနေဖြင့် ကျေးပိုင်ကျွန်ပိုင်စနစ်မှ မြေရှင်ပဒေသရာဇ်စနစ်သို့ ပြောင်းလဲရာတွင် ကျေးကျွန်များမှာ ၎င်းတို့၏ နိမ့်ကျသောဘဝအား တစ်ဆင့်မြင့်တက်ပြောင်းလဲရန် စတင်တော်လှန်တိုက်ခိုက်ကာ ကျေးကျွန်စနစ်အား ပြောင်းလဲစေခဲ့ခြင်း မျိုးဖြစ်သည်။ ထိုအဖြစ်များမှာလည်း လက်ရှိအခြေအနေထက် တိုးတက်မြင့်မားလိုသော စိတ်ဆန္ဒများကြောင့်ပင်ဖြစ်သည်။

လက်ရှိတွင် ထိုသို့ နိမ့်ရာမှ မြင့်ရာသို့ပြောင်းလဲခြင်းပုံစံမျိုးနှင့် ဆန့်ကျင်စွာ လူတစ်စု၏ ဘဝနေထိုင်မှု အခြေအနေများမှာ လက်ရှိနိမ့်ကျသည့်အခြေအနေမှ ပို၍နိမ့်ကျသောအခြေနေတစ်ရပ်သို့သာ ပြောင်းလဲလာ နေကြောင်း တွေ့ရသည်။ မည်သည့်အရာမျိုးပင်မဆို အပြောင်းအလဲ ဖြစ်ပေါ်ခြင်းမှာ သက်ရောက်မှုတစ်ခုခု ရှိနေခြင်းမျိုးကြောင့်ပင်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ပြောင်းလဲမှုမှာလည်း သက်ရောက်မှု တစ်ချို့ကြောင့် ဖြစ်လာခြင်းဖြစ်သည်။

လူတန်းစားအချို့၏ အခြေအနေအား ပြောင်းလဲစေသည့် အဆိုပါသက်ရောက်မှုကြီးမှာ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် အခြေနေများပင်ဖြစ်ပြီး ထိုအခြေအနေများထဲမှ ကုန်စျေးနှုန်းမြင့်တက်လာမှုမှာ အဆိုးဝါးဆုံးသက်‌ရောက်မှုကြီးတစ်ခုပင်ဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်မှုများကြားမှ ပေါက်ဖွားလာသော ကုန်စျေးနှုန်းများအဆမတန်မြင့်မာလားခြင်း၊ ငွေကြေး လည်ပတ်မှုဆိုင်ရာ အခက်အခဲများ၊ ကျပ်ငွေစျေးနှုန်း ကျဆင်းလာခြင်းနှင့် တစ်ခြားဒေသအလိုက်ပြဿနာများမှာ အခြေခံလူတန်းစားအချို့အတွက် ရှိရင်းစွဲအတိုင်း ဆက်လက်အသက်ရှင်သန်ရန်ပင် ခက်ခဲမှုများရှိလာကြသည်။

ဖေဖော်ဝါရီလအစပိုင်းလောက်မှစ၍ လက်ရှိအချိန်ထိ ကုန်စျေးနှုန်းမှာ တစ်ဆင့်ချင်းမြင့်တက်လာနေပြီး စားသောက်ကုန်၊ လူသုံးကုန်၊ စက်သုံးဆီ အစရှိသည့်အရာများမှာ ၁ နှစ်ကျော်ကာလအတွင်း စျေးနှုန်းအတက် သို့သာဦးတည်လျှက်ရှိသည်။ ထိုအခြေအနေများတွင် ပုံမှန်ဝင်ငွေဖြင့် လည်ပတ်နေရသည့် မိသားစုဝင်များ အနေဖြင့်လည်း ဝင်ငွေထွက်ငွေမမျှတမှုနှင့် ကြုံတွေ့လာရပြီး ကြုံရာကျပန်းအလုပ်ဖြင့် ဝင်ငွေပုံမှန် မရှိသည့် လူတန်းစားများ၏ အခြေအနေမှာမှု ဆိုနိုင်ဖွယ်မရှိတော့ပေ။ ထိုသို့သောသက်ရောက်မှုများကြောင့် မြို့ပြများတွင် ခိုးဝှက်လုယက်မှုများ များပြားလာခြင်း၊ အလှူခံဦးရေတိုးပွားလာခြင်း၊ အလုပ်လက်မဲ့များပြားလာြခင်း စသည့် ရလာဒ်များမှာ ပိုမိုတိုးမြင့်လာနေတော့သည်။ ထိုအခက်အခဲအပြင် လက်ရှိခေတ်စနစ်အရ ငွေကြေးလည်ပတ်မှု ပိုင်းတွင် Mobile Banking စနစ်များကို တွင်ကျယ်စွာအသုံးပြုမှုရှိလာကြရာ အဆိုပါစနစ်များမှာလည်း ဘဏ်မှ ငွေထုတ်ယူရရှိမှုနည်းပါးမှုတို့ကြောင့် ငွေကိုငွေဖြင့် ရာခိုင်နှုန်းပေး၍ပြန်ဝယ်ယူနေရရာ လူတစ်ယောက်အတွက် ကုန်ကျစရိတ်ပိုမိုများပြားမှုရှိလာတော့သည်။

နိုင်ငံတွင် ယခင်ထက်ကုန်ထုတ်လုပ်မှုကျဆင်းလာမှုကြောင့် ကျပ်ငွေစျေးနှုန်းကျဆင်းခဲ့ရာ နိုင်ငံခြားမှ တင်ပို့ ကုန်များမှာ ထိုတွင်တစ်ဆင့်စျေးနှုန်းမြှင့်မားသွားပြီဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံမှ ထုတ်ကုန်ဟူသည်မှာလည်း မရှိသလောက်ရှားပါးသည့်အတွက် လူသုံးကုန်ပစ္စည်းတိုင်းလိုလိုမှာ စျေးနှုန်းများမြင့်မားလာခဲ့တော့သည်။ ထိုသို့ ရှိသမျှအရာတိုင်းနီးပါး စျေးနှုန်းများတိုးလာသော်လည်း နိုင်ငံသားတိုင်း၏ ပျမ်းမျှဝင်ငွေမှာ ရှိရင်းစွဲအတိုင်းသာ ရှိနေပြီး ထိုအထဲမှ တစ်နိုင်တစ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများပင် လက်ရှိဖြစ်ပေါ်နေသည့်အခြေနေများကြောင့် လုပ်ငန်း ရပ်တန့်ရမည့်အနေအထားဖြင့်ပင်ကြုံတွေ့နေကြရသည်။

လက်ရှိစက်သုံးဆီစျေးမြင့်တက်လာမှုအခြေအနေများကြောင့် စက်သုံးဆီဖြင့်သာလည်ပတ်ရသည့် တစ်ချို့သော လုပ်ငန်းများ အခက်ခဲဖြစ်လာမှုများရှိသည်။ ဥပမာအနေဖြင့် ကယ်ရီဆွဲသူများ၊ လိုင်းကားဆွဲသူများ၊ ရေကြောင်းခရီးသည်တင်ယာဥ်များ၏ အခြေအနေများဖြစ်သည်။ ၎င်းတို့၏ အခက်အခဲမှာ စက်သုံးဆီစျေးနှုန်း အတိုင်း ဝန်ဆောင်ခစျေးနှုန်း တိုးကောက်ရန်မှာလည်း မဖြစ်နိုင်သည့်အနေအထားမျိုးကြောင့် လုပ်ငန်းများ ရပ်တန့်ရမည့် အခြေနေမျိုးတွင်ရှိ နေကြခြင်းဖြစ်သည်။ လုပ်ငန်းတစ်ခုရပ်တန့်လျှင် အဆိုပါလုပ်ငန်းရှင် အပါအဝင် အမှီပြုလုပ်ကိုင်နေသည့် တစ်ယောက်ချင်းစီတိုင်းအား သက်ရောက်မှုများရှိလာတော့မည်မှာ မလွဲပင်ဖြစ်သည်။ နောက်ဆုံးရလဒ်အနေဖြင့် အလုပ်လက်မဲ့များပြားလာကာ ပိုမိုနိမ့်ကျသောဘဝများသို့ ‌ရောက်ရှိသွားမည့်အခြေနေမျိုးတွင် ရှိနေကြသည်။

ကျေးဇူးရှင်များဟု တင်စားခေါ်ဝေါ်ကြပြီး အဖိနှိပ်အခံရဆုံးဖြစ်သည့် တောင်သူလယ်သမားများ၏ အခြေအနေ မှာလည်း လက်ရှိအခြေအနေများကြောင့် မိမိတို့လယ်ယာများကိုပင် ထွန်ယက်စိုက်ပျိုးနိုင်မှုမရှိတော့သည့် အခြေအနေများအထိဖြစ်နေကြရသည်။ စိုက်ပျိုးရေးလုပ်ရာတွင် အထွက်နှုန်းကောင်းစေရန် မရှိမဖြစ် အသုံးပြုရသည့် မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် ထွန်ယက်ရိတ်သိမ်းရာတွင် စက်သုံးဆီဖြင့်လည်ပတ်ရသည့် ရိတ်သိမ်းခြွေလှည့်စက်များ အသုံးပြုရသည့်အလျောက် အဆိုပါအရာများ၏ စျေးနှုန်းများမှာ အဆမတန်ထိုး တက်နေရာ သီးနှံမှရရှိသည့် ဝင်ငွေဖြင့်မကာမိအောင်ရှိနေကြသည်။

၂၀၂၁ ခုနှစ်မတိုင်မီနှစ်များတွင် မြေဩဇာတစ်အိတ်ကို ၂၀၀၀၀ ကျော်မှ ၃၀၀၀၀ ကျော်အထိသာကုန်ကျမှုရှိခဲ့ သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ၄၀၀၀၀ ကျော်မှ လက်ရှိတွင် ၁ သိန်း နီးပါးအထိမြင့်တက်လျှက်ရှိသည်။ ထိုနည်း၎င်းပင် စက်သုံးဆီစျေးနှုန်းမှာလည်း တစ်လီတာကို ၁၅၀၀ ကျပ် ခန့်လောက်မှ ၂၅၀၀ ကျပ်ခန့်အထိဆက်တိုက်မြင့်တက်နေပြီး တစ်ချို့နယ်မြို့များတွင် တစ်လီတာစျေးနှုန်း ၃၀၀၀ ကျပ် မှ ၄၀၀၀ ကျပ် ကြားအထိပင်ရှိနေပြီဖြစ်သည်။ ထိုသို့ စိုက်ပျိုးစရိတ်ကြီးမားလာ‌သော်လည်း တောင်သူ လယ်သမားတို့၏ သီးနှံစျေးနှုန်းများမှာ ယခင်ဖြစ်ပေါ်သည့် စျေးနှုန်းများထက်မြင့်လာခြင်းမျိုးမရှိခဲ့ပေ။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မိုးစပါးနှင့် ၂၀၂၂ ခုနှစ် နွေစပါးတို့အတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့မှ အခြေခံစျေးနှုန်းသတ်မှတ်ချက်မှာ စပါးတင်း ၁၀၀ အား စျေးနှုန်း ၅ သိန်း ၄ သောင်းကျပ်သာ သတ်မှတ်မှုရှိခဲ့သည်။ ထိုစျေးနှုန်းမှာ ကုန်စျေးနှုန်းမြင့်တက်မှုကြားမှ လယ်သမားများ၏ အကျိုးစီးပွားအား ကာကွယ်ခြင်းမဖြစ်နိုင်သည်မှာ သေချာသလောက်ရှိနေသည်။

ဤသို့ဖြင့် မိမိတို့လယ်ယာမြေများအား ပုံမှန်ထွန်ယက်စိုက်ပျိုးနေရာမှ ထွန်ယက်နိုင်ခြင်းမရှိတော့ဘဲ စွန့်ခွာလာရသည့် လယ်သမားအချို့၊ တစ်ပိုင်တစ်ပိုင်လုပ်ငန်းများအား ရသလောက်လည်ပတ်နေသည့် လုပ်ငန်းရှင်အဖြစ်မှ ရပ်တန့်ရတော့မည့်သူတစ်ချို့၊ ဝင်ငွေထွက်ငွေမျှတစွာအသုံးပြုနေရသည့်ကြားမှ တဟုန်ထိုးမြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် ခက်ခဲစွာလှုပ်ရှားရုန်းကန်နေရသူတစ်ချို့နှင့် ကြုံရာ ကျပန်းဖြင့် ထမင်းနပ်မှန်ခဲ့ရာမှ ထမင်းပင်နပ်မမှန်နိုင်တော့သည့် ဆင်ရဲသားလူတန်းစားအချို့ တို့ကြားမှ ထပ်မံပေါက်ဖွားလာတော့မည့် နောက်ဆက်တွဲအဖြစ်အပျက်များမှာ ရလာဒ်ကောင်းတစ်ခုဖြစ်လာမည်မဟုတ် သည်မှအသေအချာပင်ဖြစ်သည်။

ဤသို့အဖြစ်အပျက်များတွင် အစိုးရဟူသည့် အခန်းကဏ္ဍတစ်ခုပျောက်ဆုံးနေသည်ကို တွေ့ရမည်ဖြစ်သည်။ အစိုးဟူသည်မှာ ပြည်သူများ၏ အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးရသည့် လူအုပ်စုတစ်စုဖြစ်သည်။ သို့သော် လက်ရှိမြန်မာနိုင်ငံ၏ မဏ္ဍိုင် ၃ ရပ်အား တာဝန်ယူထားသည့် စီမံအုပ်ချုပ်ရေးကောင်စီမှာ ဖော်ပြပါအခြေနေများ နှင့်ဆက်စပ်၍ ပြည်သူများအကျိုးစီးပွားဖြစ်မြောက်ရန် လုပ်ဆောင်နိုင်မှုပိုင်းတွင် လက်ရှိအဖြစ်အပျက်များအား ယှဉ်တွဲကြည့်လျှင် အလွန်အားနည်းမှုရှိကြောင်း တွေ့မြင်ကြရမည်ဖြစ်သည်။

၎င်းပြဿနာများအပြင် လက်ရှိအစိုးရမှ တာဝန်ယူထားသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် လျှပ်စစ်မီးဖြန့်ဖြူမှုပိုင်းတွင်ပင် များစွာလစ်ဟင်းမှုများရှိနေပြီး ယခင် ၂၄ နာရီ ရရှိသည့် လျှပ်စစ်မီးမှာ လက်ရှိ တစ်ရက်တွင် တစ်ကြိမ်ထက်မနည်းပြတ်တောက်မှုဖြစ်နေကာ အချိန်အားဖြင့် ၁၀ နာရီခန့်လောက် ပြတ်တောက်မှုဖြစ်လျှက်ရှိသည်။ ထိုသို့ပြတ်တောက်မှုဖြစ်နေသော်လည်း လျှပ်စစ်မီတာ ကြေးကိုမှု ပုံမှန်အတိုင်းသာ ပေးဆောင်နေကြရဆဲဖြစ်သည်။ ထိုအခြေအနေကြောင့် လျှပ်စစ်မီးဖြင့် လည်ပတ်နေရသည့် လုပ်ငန်းများ အခက်အခဲဖြစ်လျှက်ရှိပြီး ယနေ့ခေတ်စနစ်အရ တစ်နေ့တာအတွင်း လျှပ်စစ်မီးမရှိဘဲ လည်ပတ်ရန် ခက်ခဲမှုရှိလာကြသည့်အလျောက် လျှပ်စစ်မီးပြတ်တောက်မှုမှာလည်း ပြည်သူများ၏ ဘဝနေထိုင်မှုပုံစံအား တစ်ဆင့်နိမ့်ကျမှုကိုဖြစ်စေသည်။

ယခုကဲ့သို့ လျောကျလာသည့် အခြေအနေအား လုပ်ပိုင်ခွင့်ရှိသူတစ်စုမှ ဖြစ်လာမည့်အခြေအနေနှင့် အကြောင်းပြချက်တစ်ချို့သာတင်ပြ ပြောဆိုမှုများရှိပြီး တာဝန်ယူမှုနှင့် ပတ်သက်၍ မည်သို့ထိန်းကျောင်း လုပ်ဆောင်နေကြောင်းနှင့် လုပ်ဆောင်မည့်အကြောင်းရင်းများကိုမူ လက်ရှိအချိန်ထိတစ်စွန်းတစ်စမျှ ပြောကြားလာခြင်းပင် မရှိသေးသည့်အလျောက် နောင်တွင်လည်း ထိုအတိုင်းသာဆက်သွားနေပါမူ ပြည်သူတစ်ချို့မှာ ဆိုးရွားသော သက်ရောက်မှုများကြားတွင် နိမ့်ရာမှ ပိုနိမ့်ရာသို့ ပို၍ နိမ့်ရာဆီသို့ ဆက်သွားနေရ ဦးမည်သာဖြစ်သည်။

မော်ရေးသားသည်။
Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular