Western News
Homeစီးပွားရေး၂၀၂၁ ရခိုင်နိုင်ငံရေးကို ပြန်ကြည့်ခြင်း

၂၀၂၁ ရခိုင်နိုင်ငံရေးကို ပြန်ကြည့်ခြင်း

Western News-ဒီဇင်ဘာ ၂၉ ရက်

ဆောင်းပါး အနှစ်ချုပ်
ဤဆောင်းပါးသည် ကုန်ဆုံးတော့မည့် ၂၀၂၁ ခုနှစ်က ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လူမျိုးရေး၊ စစ်ရေး အပြောင်းအလဲ ဖြတ်သန်းခဲ့မှု အဆိုးအကောင်းတို့ကို ၁ နှစ်စာအချက်အလက်တို့ကို ခြုံငုံ ခြေရာကောက်ကာ ရေးသားထားခြင်းဖြစ်သည်။

နိဒါန်း
“သာလီစွပါ” ၂၀၂၁ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၂ နှစ်သစ်ကူး တော့မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီအနေဖြင့် တနိုင်ငံလုံရှိ လက်နက်ကိုင်အာင်အားစုများကို တိုက်ခိုက်နေရမှုကြောင့် အရူးမီးဝိုင်း ဖြစ်နေသည်။ သို့သော်လည်း အနောက်ဘက် ရခိုင်ဒေသတွင် လက်နက်ကိုင်ပဋိပက္ခများ မရှိခဲ့ပဲ တည်ငြိမ်နေသည့် ရလာဒ်ရှိနေသည်။ ယင်းကြောင့် ၂၀၂၁ ခုနှစ်က ရခိုင်တွင် ဘာဖြစ်ခဲ့သလဲ။ ဘာကြောင့် အေးချမ်း နေသလဲ ဆိုသည်က စိတ်ဝင်စားစရာရှိလာနေသည်။

ရခိုင် ၂၀၂၁ အဖွင့်

၂၀၂၁ ခုနှစ်အစသည် ရခိုင်တွင် လာခြင်းကောင်းခဲ့သည်။ အကြောင်းမှာ ၂၀၂၁ နှစ်ဆန်း တရက်နေ့ (ဇန်နဝါရီလ ၁ ရက်နေ့) တွင် NLD ပါတီ ကိုယ်စားလှယ် ၃ ဦးဖြစ်သည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ကို AA က လွှတ်ပေးခြင်းနှင့် စတင်ခဲ့သည်ကို တွေ့ရသည်။

ယင်းအပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရခိုင်တွင်၂ နှစ်ကျော်ကြာခန့် ပိတ်ဆို့ခံထားရသည့် ကမ္ဘာ့အရှည်ကြာ ဆုံးအင်တာနက် ဖြတ်တောက်မှုကိုလည်း ပြန်လည် ဖွင့်ပေးခဲ့သည်။

ရခိုင်သည် ကုန်လွန်ခဲ့သော၂၀၁၈၊ ၁၉၊ ၂၀ တို့တွင် စစ်ရေးပဋိပက္ခမီး အရှိန်ဟုန်တောက်လောင်ခဲ့သည့် ကာလတို့ကို ဖြတ်သန်းခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် တနှစ်တာကို ခြုံငုံပြီးပြောရလျှင် ၂၀၂၁ ခုနှစ်သည် ရခိုင်အတွက် နိုင်ငံရေး တည်ငြိမ်အေးချမ်းသည့် ကာလတခုဟု ပြောဆိုနေကြသည်။

ဘူးသီးတောင် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “ ခြုံပြောရမယ်ဆိုရင် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းတယ်။ နောက်ပိုင်းမှာ အင်တာနက်တွေဖွင့်ပေးတယ်။ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်လာတယ်။ နောက်ပြီးတော့ ဆာဆာကာဝါလည်း ရောက်ခဲ့တယ်။ ရခိုင်မှာ နှစ်ဘက်တိုက်ပွဲတွေကိုလည်း အတိုင်းအတာအရ ထိန်းထားနိုင်တယ်။ ဆိုတော့ ပြန်ကြည့်ရင် ရခိုင်မှာ နိုင်ငံရေး သဘောတရားအရ တည်ငြိမ်တော့ တိုးတက်တယ်လို့ ပြောလိုတာပါ ” ဟု ပြောသည်။

ယင်းနောက် မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာထားသည့် ULA/ AA ကို ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ အလားတူ NLD အစိုးရလက်ထက်က စာပေဟောပြောမှုကို အကြောင်ပြကာ အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခဲ့သည့် ရခိုင့်နိုင်ငံရေးသမား ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့မှာလည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှာ လွတ်မြောက်လာသည်။

ယင်းကြောင့် စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး ဆူပူမှုဖြစ်သည့်ကြားမှ ရခိုင်တို့မှာ အဆိုးထဲက အကောင်း လက္ခဏာ ရလာဒ်များဟု ပြောဆိုနိုင်သလို ထိုသို့ ရခိုင်ပြည်နယ် တည်ငြိမ်နေရခြင်းမှာ ULA/ AA ၏ သြဇာအရှိန်ကြောင့်နှင့်လည်း သက်ဆိုင်နေသည်ဟု နိုင်ငံရေးသမားတို့က ပြောဆိုနေကြသည်။

ရခိုင့် ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “ ကုန်လွန်ခဲ့တဲ့ နှစ်တွေကတော့ စစ်ဒဏ်ကို အလူးအလဲခံခဲ့ရတယ်။ အဲဒီကြားထဲက ဗမာပြည်တခုလုံးမှာ ဆူပူမှုဖြစ်နေတဲ့ အထဲမှာက ရခိုင် ပြည်တပြည်လုံးကတော့ တည်ငြိမ် နေတယ်လို့ ဆိုရမယ်။ ဒါတွေကလည်း ULA/AA ရဲ့ ထိန်းသိမ်းမှု၊ သြဇာအရှိန်အဝါကြောင့် ဖြစ်တယ် ” ဟု ဆိုသည်။

ပါတီနိုင်ငံရေးနှင့် အမျိုးသားရေးစိတ်ဓာတ်

၂၀၂၁ ခုနှစ်သည် ပါတီနိုင်ငံရေးထက် ပြည်သူတို့က တော်လှန်ရေး သို့မဟုတ် အမျိုးသားရေးနိုင်ငံရေး အာရုံစိုက်လာကြသည်။ ပါတီနိုင်ငံရေးမှာ ရခိုင် ပြည်သူတို့လိုချင်သည့် ကိုယ့်ကံကြမ္မကို ကိုယ်ဖန်တီးနိုင်စွမ်းမရှိ၊ ကိုယ်ပိုင်ပြဌာန်းခွင့်မရှိခြင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံအောက်က စစ်တပ်က အာဏာသိမ်းပိုင်ခွင့်ရှိသည်ဟူသော အားနည်းချက်တို့ရှိသည်ကို နားလည်းလာကြသည်။

ကျောက်တော်ဒေသခံ ကိုစိုးမင်းက “ အခုတော့ ပါတီနိုင်ငံရေးထက် ပြည်သူတွေက တော်လှန်ရေးကို စိတ်ဝ င်စားလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီနိုင်ငံရေးက ပြည်သူကို အရွေ့မပေးနိုင်ဆို ပြီး ထင်မြင်လာ ကြတယ်ပေါ့ ” ဟု ထင်မြင်ချက်ပေးသည်။

အလားတူ မြန်မာနိုင်ငံအနှံ့တွင်လည်း G- Z တို့ PDF လှုပ်ရှားမှုနှင့် အတူ ရခိုင်တွင် ရခိုင်အမျိုးသားနိုင်ငံရေး အားကောင်းသွားသည်။ ယခင်က တော်လှန်ရေးတွင် ထောက်ခံမှု နည်းခဲ့သည့် မာန်အောင်၊ တောင်ကုတ်၊ သံတွဲ အပါအဝင်၊ ရခိုင်ပြည်၏တောင်ဘက်ခြမ်းက ပြည်သူတို့ကလည်း အမျိုးသားရေး ထောက်ခံမှု များပြားလာခဲ့သည်ကို တွေ့ရသည်။

ဦးဖေသန်းက “ ဒါတွေကလည်း အမျိုးသားရေး စိတ်ဓာတ်ကို အားလွှမ်းပြီးတော့ UL/AA ရဲ့ လုပ်ဆောင်မှုအရှိန် အဝါတွေပါတယ်။ အမျိုးသားရေး စိတ်ဓာတ် ကိစ္စကိုလွှမ်းခြုံနိုင်ခဲ့တယ်။ အခုတောင်ပိုင်းဒေသမှာလည်း AA ရဲ့သြဇာလွှမ်းမိုးမှုရှိနေဆဲ။ အခုကလည်း ရခိုင်ပြည်သူတွေဟာ ပါတီနိုင်ငံရေးကို အားကုန် စိတ်ပျက်စေတယ် ” ဟု သုံးသပ်သည်။

CDM လှုပ်ရှားမှု ဘာကြောင့် အားနည်းခဲ့တာလဲ

စစ်တပ်အာဏာသိမ်းမှု အစပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်၊ အမ်းမြို့နယ်တို့တွင် ပြည်သူအချို့က ဆန္ဒထုတ်ဖော်မှုများရှိခဲ့သော်လည်း ဗမာပြည်နှင့် တခြားဒေသ လောက်အား မကောင်းခဲ့ပေ။
“ အစတုန်းကတော့ ရခိုင်မှာ PDF ၊ CDM လှုပ်ရှားမှုတွေ အနည်းငယ်ရှိခဲ့တယ်။ ဒါတွေကိုလည်း AA က ထိန်းချုပ်လိုက်တော့ တနိုင်ငံလုံးမှာ အအေးချမ်းဆုံး နယ်မြေတခု ဖြစ်သွားတာက ထူးခြားမှုပဲ။ ရခိုင်တွေ အတွက်လည်း ဒီအပြောင်းအလဲဟာလည်း အရေးပါခဲ့တယ်။ တကယ်လို့ PDF လှုပ်ရှားမှုတွေ ရခိုင်မှာ ရှိခဲ့ရင် ပဋိပက္ခတွေ ပိုပြီး ခက်ခဲစေမယ်ပေါ့ ” ဟု ဦးဖေသန်းက ပြောသည်။

CDM လှုပ်ရှားမှုနှင့် ပတ်သက်ပြီး AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ရခိုင်ပြည်နယ်ထဲမှာ CDM လှုပ်ရှားမှုနဲ့ လမ်းမထက်က ဆန္ဒပြပွဲတွေကို ငါတို့ မလိုလား၊ ငါတို့မှာ ရက္ခိတ လမ်းစဉ် ရည်မှန်း ချက်ရှိတယ်။ ပီပြင်တဲ့ ရည်မှန်းချက်နဲ့ အခိုင်အမာ လျှောက်လှမ်းချီတက်နေတဲ့ အချိန်မှာ အခြားပြဿနာတွေနဲ့ ရောထွေး ပြီးတော့ မဝေဝါးဖို့ လိုတယ်” ဟု ဧပြီလ ၁၀ ရက်နေ့ ၁၂ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ အခမ်း အနားသို့ ပေးပို့သော သဝဏ်လွှာတွင် ပြောဆိုခဲ့သည်။

ယင်းကြောင့် CDM လှုပ်ရှားမှုတို့မှာ ရခိုင်တွင် မရှိဖြစ်ခဲ့သည်။ သို့သော်လည်း ရခိုင်တွင် PDF နှင့် ဆက်စပ် သံသယဖြင့် ကျောင်းသား၊ လူငယ်များ၊ အမျိုးသမီးအချို့နှင့် လူမှုရေး တက်ကြွလှုပ်ရှားသူများကို စစ်ကောင်စီက ဖမ်းဆီးနေမှုတို့က ရှိနေသည်။

ဖမ်းဆီးခံရသူတို့မှာ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ် စသည့်မြို့နယ်တို့မှ ၈ ဦးအထိရှိလာနေပြီး PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက် ဥပဒေ ပုဒ်မ တို့ဖြင့် တရားစွဲဆိုထားသည်ကို တွေ့ရသည်။ ထို့ကြောင့် တခြားလူငယ်တို့လည်း PDF အကြောင်းပြချက်နှင့် စစ်ကောင်စီထံ ဖမ်းဆီးခံရမည်ကို စိုးရိမ်စရာရှိနေသည်။

၂၀၂၁ ရခိုင် မီဒီယာလမ်းကြောင်း

အလားတူ ရခိုင်ပြည်နယ်မှ တက်ကြွလှုပ်ရှားသူနှင့် လူငယ်တို့ကိုလည်း စစ်ကောင်စီအနေဖြင့် စောင့်ကြည့် နေမှုတို့ ရှိနေသည်။ ထိုအထဲတွင် မြို့နယ်အသီးသီးမှ လူမှုရေးလုပ်နေသည့် လူငယ်များ၊ အပြင် ရခိုင်မီဒီယာ သမားတို့လည်း ပါဝင်နေသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG)၏ အယ်ဒီတာတစ်ဦးနှင့် သတင်းထောက်တစ်ဦးကို ဆက်သွယ်ရေးပုဒ်မဖြင့် တပ်မတော်အရာရှိတဦးက အမှုဖွင့်ခဲ့သည်။ ဇန်နဝါရီ ၁၀ က ဖော်ပြခဲ့သော “ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သားများ ယူဆောင်သွား” ဆိုသော သတင်းကြောင့် စစ်တွေနယ် မြေရဲစခန်းတွင် အမှုဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ရခိုင်အခြေစိုက် သတင်းသမားတို့မှာ သတင်းဖော်ပြရာတွင် ပိုမိုကျပ်တည်းသွားခဲ့သလို အာဏာပိုင်တို့၏ စောင့်ကြည်မှုတို့ကိုလည်း ခံနေရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ညကလည်း ရခိုင်ပြည်နယ် အခြေစိုက် Western News နှင့် Narinjara သတင်းဌာနတို့ကို စစ်ကောင်စီတပ်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရခြင်းမှာ AA က ကျဆုံးခဲ့သည့်ဗိုလ်လောင်း ၈ ဦး၏ သတင်းရေးသားခဲ့သည်နှင့် ပတ်သက်၍ လာရောက်စုံးစမ်းခြင်းဖြစ်သလို ရခိုပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့် အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သတ်သော သတင်းများ ရေးသားခဲ့သည့်အပေါ် ယင်းသို့ လာရောက် စုံစမ်းစစ်ဆေးမှုများလုပ်ခြင်းဟု Western News သတင်းဌာနမှ ပြောဆိုထားသည်။

AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ခဲ့သော်လည်း တရားစွဲခံရသူတို့ မလွတ်လာနိုင်သေး၂၀၂၁ ဧပြီ ၂၆ ‌နေ့က အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသူ တောင်ကုတ် စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော် နှင့် တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ အပါအဝင် ၄ ဦးကိုလည်းကောင်း၊ မေလအတွင်း အသက်မပြည့်သေးသည့် လူငယ် ၂၆ ဦးလွတ်မြောက်လာခဲ့ကြသည်။

ယင်းအပြင် ဇွန် ၉ ရက်နေ့ကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့အမှု၊ ဗိုလ်ချုပ်ညီ ကိုအောင်မြတ်ကျော် အပါအဝင် ၁၀ ဦးတို့လည်း လွတ်မြောက်လာသလို စက်တင်ဘာလကလည်း စစ်ကောင်စီက AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးထားသူများအနက်မှ ၃၅ ဦး၏ အမှုကို ပိတ်သိမ်းခဲ့သည်။

ဆက်စပ်ပြီး အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက်နေ့က AA နှင့် ဆက်စပ် တရားရင်ဆိုင်နေရသူ ၆၁ ဦးကို စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

သို့သော်လည်း တချို့သော နာမည်ကြီး အမှုတို့မှာ အမိန့်မချဘဲ အချိန်ဆွဲထားသလို ဖြစ်နေသည့် အတွက် တရားရင်ဆိုင် နေရသူတို့မှာ လူ့အခွင့်အရေးအရ နစ်နာမှုများစွာရှိနေသည်။ နောက်ဆုံးအဆင့် အမိန့်ချရန်သာ ကျန်ရှိနေသော်လည်း ၆ ကြိမ်အထိ အမိန့်မချမှတ်ဘဲ ရုံးချိန်းများ ရွေ့ပြောင်းနေရသည့် လက္ကာကျေးရွာသား ၂၀ ကျော်အမှုတို့အပေါ် စစ်ကောင်စီ၏ တရားစီရင်ရေးအတွက် မေးခွန်းထုတ်စရာတွေဖြစ်လာသည်။

တရားရင်ဆိုင်နေရသူ ကိုဦးလှမောင်၏ မိခင် ဒေါ်စံသာနုက “ ၃ နှစ်တိုင် ပုဒ်မ ၃၊ ၄ ခုတပ်ပြီး အမှုအမျိုးမျိုးတွေနဲ့ တရားစွဲပြီးတော့ စစ်ဆေးတယ်။ အခုက အမှုစစ်လို့လည်း ပြီးသွာပြီ။ စစ်ဆေးပြီး ပြီးသွားတာက ၉ လပိုင်းက တည်းက ပြီးသွားတာ။ ဒီနေ့အထိ အမိန့်ချမယ်ဆိုပြီး ရုံးချိန်း ခေါ်တယ်မချဘူး။ မိသားစုတွေမှာ တမျှော်မျှော်နဲ့ ခံစားနေရတာ မရှိတော့ဘူး ” ဟု Western News သတင်းဌာနသို့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရင်ဖွင့် ပြောဆိုထားသည်။

ထို လက္ကာကျေးရွာသားတို့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခြင်းခံရမှုကြောင့် အမှု ရင်ဆိုင်နေရသည်မှာ လက်ရှိတွင် ၃ နှစ်ကျော်အချိန်ထိ ကြာမြင့်ပြီးလည်းဖြစ်သည်။ ထို့အတူ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသားတို့ အမှုမှာလည်း ယင်းအတိုင်းရှိနေသလို ရခိုင်စစ်ပွဲအတွင်း AA နှင့် ဆက်စပ် သံ သယဖြင့် အကျဉ်းထောင်တို့မှာ အမှုရင်ဆိုင်နေရသူ ၁၁၀ ကျော်အထိရှိ နေသေးသည်။

AA က စစ်သုံ့ပန်း ပြန်လွှတ်ပေး

၂၀၂၁ ခုနှစ်တွင် AA ဘက်ကလည်း တိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသည့် သုံ့ပန်းများကို ဒေသ ငြိမ်းချမ်းရေး အခြအနေအရ အသုတ်လိုက် မကြာမကြာ လွှတ်ပေးခဲ့မှုတို့ကို တွေ့ခဲ့ရသည်။

တပ်မတော်သား စစ်သုံ့ပန်း ၆ ဦးကို မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာမှာ ဇွန်လ ၁၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။ ယင်းသို့ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရခြင်းမှာ စစ်ကောင်စီနဲ့ AA အဖွဲ့တို့ကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးကြောင့်ဟု လို့လည်း AAအဖွဲ့ ပြောခွင့်ရ ခိုင်သုခကဆိုသည်။

ယင်းနောက်တခါ နိုဝင်ဘာလ ၁၅ ရက်နေ့က စစ်ကောင်စီတပ် ဆေးမှူး ဗိုလ်ကြီးရဲလင်းစိုး အပါအဝင် ၁၅ ဦးတို့ကို ပုဏ္ဏားကျွန်းမြို့မှ ပြန်လွှတ်ပေးခဲ့သည်။ ထိုသူတို့မှာ ကျန်းမာရေးအခြေအနေအရ ဆေးကုသဖို့ အရေးတကြီးလိုနေသဖြင့် လူသားချင်းစာနာတဲ့အနေဖြင့် လွှတ်ပေးခြင်းဖြစ်ကြောင်း AA က ဆိုသည်။

အင်အားပြိုင်သည့် ငြိမ်းချမ်းရေး

AA သည် ပြီးခဲ့သော ၂၀၁၉ ခုနှစ်ကို “မုန်တိုင်းကိုဖြတ်ကျော်ကြ” ဆိုကာ ၂၀၂၀ အာရကန်အိပ်မက် ဆိုသည့် ဆောင်ပုဒ်များဖြင့် စစ်ကောင်စီ၏ ပြင်းထန်သည့် တိုက်ခိုက်မှုကို ၂ နှစ်ကျော်ကြာ ခုခံ တိုက်ခိုက်ခဲ့သည်။ ယင်း တိုက်ပွဲကာလ အကျိုးဆက်အဖြစ် ကျေးရွာ ၄၈ ရွာမှ နေအိမ် နှစ်ထောင်ကျော်မီးလောင် မီးရှို့ခံရ၊ ပျက်စီးခဲ့သည်။ ထို့အပြင် ဒေသခံ လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့သလို လူပေါင်း ၇၀၀ ကျော်မှာလည်း ထိခိုက်ဒဏ်များ ရရှိခဲ့ကာ စစ်ဘေး ဒုက္ခသည် ၂ သိန်းကျော်အထိ မြင့်တက်ခဲ့သည်။

ယင်းတိုက်ပွဲများမှာ ရွေးကောက်ပွဲကို အကြောင်းပြုပြီး နှစ်ဘက်တပ်များက ငြိမ်းချမ်းရေးဘက်သို့ ချဉ်းကပ်နိုင်ခဲ့သလို နှစ်ဘက်ခေါင်းဆောင်တို့မှာ နားလည်မှု ကတိကဝတ်တို့ဖြင့် အပစ်အ ခတ်ရပ်စဲထားနိုင်ခြင်းမှာ ခိုင်မာမှုမရှိဟု ဆိုနိုင်သည်။

နေရာတိုင်းတွင် နှစ်ဘက် အာဏာယှဉ်ပြိုင်မှုတို့ကိုလည်း တွေ့ခဲ့ရသည်။ ဥပမာအားဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ဘဲငါးရာတောင်တက်ပွဲတော်ကို AA က လုံခြုံရေးယူပေးမှုနှင့် ပေါက်တော ဆံတော်ရှင်ဘုရားပွဲတွင် စစ်ကောင်စီက လမ်းပြုပြင်သည့် အကြောင်းပြချက်နှင့် ထိန်းချုပ်ရန်ကြိုးစားမှုတို့မှာ သိသာထင်ရှားသည့် အချက်များဖြစ်သည်။ ထို့အတူ တခြားသော ရခိုင်မှ ဇာတ်သဘင်ပွဲ၊ Live Show စတိတ်ရှိုး ပွဲတို့ကိုလည်း AA နှင့် စစ်ကောင်စီတို့က အပြန်အလှန် ထိန်းချုပ်မှုတို့ ရှိနေသည်။

ထိုအခြေအနေတို့ကြောင့် စစ်ကောင်စီနှင့် AA တို့မှာ ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေး ကဏ္ဍအပြင် လက်နက်၊ လူအင်အားတို့ဖြင့် အသင့်အနေ အထားရှိနေသဖြင့် လက်နက်ပြ၊ သြဇာထိန်းသည့် ငြိမ်းချမ်း ရေးနှစ်လို့ လည်း မှတ်ယူရမည်။

ဒုက္ခသည်များ အရေး

ယင်းသို့ ရခိုင်တည်ငြိမ်မှုတို့ကြောင့် စစ်ဘေးရှောင်စခန်း အသီးသီးတို့မှ ပြည်သူတို့မှာလည်း မိမိကျေးရွာသို့ ပြန်သွားသူ တသိန်းခန့် ရှိနေသည်။ သို့သော် တချို့ကလည်း စစ်ရေးတင်းမာမှုရှိမှု နှစ်ဘက်ထိပ်တိုက်ရှိနေသည့် နေရာတို့တွင် လုံခြုံရေးစိတ်ချမရသေးသဖြင့် မပြန်ဘဲ စခန်းအတွင်း ဆက်လက်နေထိုင်သူတို့လည်း ရှိနေသေးသည်။

ယင်းမှတခါ AA ၏ ထိန်းချုပ်မှုအောက်တွင် ရခိုင်နှင့် မွတ်ဆလင် လူ့အသိုင်းအဝိုင်းနှစ် ခုမှာ နှစ်ဘက်အသိုက်ဝန်းကြား အတွေးအခေါ်များ မြင့်လာသည်။ အပြုသဘောဆောင်သည့် တုန့်ပြန်မှုမျိုး သဟဇာတဖြစ်ရေးကို ဦးစားပေးစဉ်းစားတတ်လာကြသည်။ ယခင်က မသမာသူတချို့၏ ဝါဒမှိုင်းများအကြား အတူမနေ၊ အပြတ်အသတ် တိုက်ဖို့ ခိုက်ဖို့ ဆိုတာမျိုးထက် ဘယ်လိုဖြေရှင်းမလဲ ဆိုသည့် နိုင်ငံရေး သဘောထားတွေကနေ စဉ်းစားလာကြခြင်းတို့ကို တွေ့ရသည်။

ကျောက်ဖြူမြို့ ကျောက်တစ်လုံး မွတ်ဆလင် ဒုက္ခသည်စခန်းမှ ကိုဖြူချေက “ ကျနော်တို့ဘက်ကတော့ ဟိုတလောက AA ထုတ်ပြန်ထားက ကောင်းတယ်။ လူမျိုးရေး ပဋိပက္ခကို ထိန်းချုပ်ရမယ်လို့ အဲဒါကို ပြောတာ ” ဟု ‌ပြောသည်။

နှစ်ကုန်ပိုင်း ဂယက်

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ ယမ်းငွေ့ဝေ ရခိုင်စစ်မီးမှာ ၂၀၂၁ နှစ်ကုန်ပိုင်းတွင် လှုပ်လှုပ်ရွရွ ဂယက် ပြန်ထခဲ့သည်။ ရခိုင်တွင် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများမှာ ပြီးခဲ့သည့် လပိုင်းက ပိုပြီးထင်သာမြင်သာရှိလာသည်။

အောက်တိုဘာလ ၂၈ ရက်နေ့က မင်းပြား- မြေပုံကားလမ်း၊ ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင်နှင့် ချော်ချောင်းကျေးရွာအနီးသို့ တပ်မတော် စစ်ကား ၃ စီးဝင်ရောက်လာမှုကို AA မှ တားဆီးသည့်အတွက် စစ်ကောင်စီတပ်သားများ ရှေ့ဆက်မသွားပဲ မင်းပြားဘက်သို့ နောက်ပြန်လှည့်ခဲ့ရသည်။ ထို့နောက် အောက်တိုဘာလ ၃၀ ရက်နေ့ ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့ကြသည်။

နိုဝင်ဘာလ ၉ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသားကျေးရွာအနီးက ဝေလာတောင်တန်းတွင် ထိပ်တိုက်တွေ့ဆုံမှုကနေ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ယင်းအပြင် ဒီဇင်ဘာ ၈ ရက်နေ့ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်းသို့ စစ်ကောင်စီအင်အား ၆၀ ခန့်က ကျေးရွာသားများ၏ အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့သလို ဒီဇင်ဘာ ၁၆၊ ၁၇ ရက်တို့က ကျောက်တော်- မဟာမုနိကားလမ်းပေါ်ရှိ အမှတ် (၉) စစ်ဆင်ရေး ကပ်ကွဲရေးဌာနချုပ်ကလည်း လက်နက်ငယ်များ လေ့ကျင့် စမ်းသပ် ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။

သတိထားရမည့်အချက်တခုမှာ လတ်တလောကာလတွင် တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေလိုသည့် အကျိုးစီးပွားဖျက်ဆီးလိုမှု ကိစ္စရပ်တို့ ဖြစ်လာသည်။ အထူးသဖြင့် မွတ်ဆလင် အသိုင်းအဝိုင်းနှင့် ရခိုင်တို့ကြားတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဆောင်လာသည့် ထိရှလွယ်သော ကိစ္စရပ်များလည်း နှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်နေသည်။ ထိုသို့ဖြစ်စဉ်တို့မှာ တခုတဦးသို့မဟုတ် အဖွဲ့အစည်းတခုခုက နောက်ကွယ်မှ ပြဿနာဖြစ်အောင် လှုံဆော်ဖန်တီးမှုတို့ရှိနေကြောင်း ပြည်သူတို့က ပြောဆိုနေကြသလို သတိထားစောင့်ကြည့်ရမည့် အနေအထားလည်းရှိနေသည်။

နိဂုံး

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးပါမကျန် ကိစ္စ ရပ်အားလုံး အခက်ခဲများမှာ ရခိုင်ကိုလည်း ရိုက်ခတ်မှုရှိနေသော်လည်း မည်သို့ပင် ဆိုစေကာမှု ၂၀၂၁ ခုနှစ် ရခိုင်ဒေသ နိုင်ငံရေးအခင်းအကျင်းမှာ သီးခြားရပ်တည်ချက်နှင့် တည်ငြိမ်နေခဲ့သည်။
နိဂုံးချုပ်ကြည့်လျှင် ၂၀၂၁ ခုနှစ် အစောပိုင်းနှင့် အဆုံးပိုင်းကာလအထိ ရခိုင်တို့အတွက် အလားအလာကောင်း ငြိမ်းချမ်းရေး ရလဒ်တို့တွ့ရသည်။ သို့သော်လည်း ရခိုင်အနှံ့ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတို့ရှိနေသဖြင့် AA ထိန်းချုပ်ရာနေရာသို့ ဝင်ရောက်လာသည်နှင့် အချိန်မရွေး သေနတ်သံ ထွက်နိုင်သည်။ ယင်းကြောင့် ပြည်သူတို့မှာ သတိကြီးစွာ စောင့်ကြည့် ရမည်ဖြစ်ကြောင်း သုံးသပ်ရေးသား လိုက်ရသည်။
နှစ်သစ်မှာ ပျော်ရွှင်စွာနဲ့ လိုအင်ဆန္ဒပြည့်ဝကြပါစေ။

ဂေါင်ရေးသားသည်။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular