Western News
Homeဆောင်းပါးအမှောင်ခေတ်နှင့် အဖြည့်ခံ ရခိုင်ပြည်

အမှောင်ခေတ်နှင့် အဖြည့်ခံ ရခိုင်ပြည်

Western News-မတ်လ ၂၃ ရက်

မြန်မာ ပြည်ထောင်စုထဲတွင် ဒုတိယအဆင်းရဲဆုံးဟု သတ်မှတ်ခံထားရသည့် ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် ကာလများက စစ်တပ်နှင့် AA တို့၏ စစ်ရေးပဋိပက္ခနှင့် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး၊ ပညားရေး၊ ကျန်းမာရေးကဏ္ဍတိုင်းတွင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် နာလန်မထူဖြစ်ခဲ့သည်။

ယခုအချိန်တွင်လည်း ရွှေဈေး ဆီဈေး၊ ကုန်ပစ္စည်းများကအစ သောက်ရေအထိ ဈေးများ တရိပ်ရိပ်မြင့် တက်သည့် ကာလကိုဖြတ်သန်းနေရသည်။ ထို့ကြောင့် ရခိုင်ပြည်တွင် စစ်ဘေးရှောင်အပါအဝင် အခြေခံလူတန်းစားက အစ စီးပွားရေး လုပ်ငန်းရှင်များအဆုံး အဆင်မပြေဆိုသည့် ညီးတွားသံများကို ယခုနှစ်တွင် ကျယ်လောင်စွာကြားလာရသည်။ ထဲအထဲ၌ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေရခြင်းမှာ ပိုပြီးဆိုးဝါးစေသည်။

အမှောင်ခေတ်သို့ ထိုးကျခြင်း

တိုင်းပြည်တပြည်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာ၌ ပြည်သူလူထု၏ လျှပ်စစ်မီးသုံးစွဲရခြင်းမှာ အဓိက အခြေခံအကြောင်းရင်း တရပ်ဖြစ်သည်။ ယင်းကြောင့် လျှပ်စစ်မီးရရှိရေးမှာ တိုင်းပြည်၏ အဓိက ကျောရိုးဖြစ်သလို လျှပ်စစ်မီး မရရှိခြင်းမှာလည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းနှင့် တိုက်ရိုက်သက်ဆိုင်သည်။ တိုးတက်သည့်နိုင်ငံတိုင်းတွင် ပြည်သူတို့၏ အဓိကအခြေခံ လိုအပ်ချက်ဖြစ်သည့် ရေ၊ မီး၊ လမ်းကို ၂၄ နာရီ အသုံးခွင့်ရရှိကြသည်။

သို့သော်လည်း နိုင်ငံရေးမငြိမ်မှု၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု အရှိန်ဟုန်ကောင်းနေသည့် အာဏာသိမ်းယူအပြီး ရှစ်လကျော် အကြာမှ စတင်၍ မြန်မာနိုင်ငံအနှံ့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်လာသလို တနိုင်ငံလုံး အမှောင်ခေတ်သို့ ရောက်ရှိသွားသည်။ အကြောင်းအရင်းမှာ ယနေ့တွင် တိုင်းနှင့်ပြည်နယ်အနှံ့တွင် နေ့စဉ် လျှပ်စစ်မီးပြတ်တောက်မှုသည် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပထမတွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်းမှ ၂၀၂၂ခုနှစ် ဇန်နဝါလအထိ ဓာတ်အားလိုင်းကြိုးများ အဆင့်မြှင့်တင်နေခြင်းကြောင့် အချိန်ပိုင်းလျှပ်စစ်မီး အနည်းငယ်ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ သို့သော်လည်း ၂၀၂၂ခုနှစ် ဇန်နဝါရီလကစတင်ကာ ဆိုးဝါးသည့်အခြေအနေတရပ်အဖြစ် မီးပြတ်တောက်မှုများ အချိန်ကြာမြင့်စွာ ဖြစ်လာသည်မှာ ယနေ့အချိန်ထိဖြစ်နေသည်။

အလားတူ ရခိုင်ပြည်နယ်တွင်လည်း ဇန်နဝါရီလက စတင်ပြီး လက်ရှိအချိန်ထိ လျှပ်စစ်မီး တစ်နေ့လျှင် ၆ နာရီခန့်ကိုတောင် ပုံမှန်မရရှိတော့ပေ။ စစ်ကောင်စီ အာဏာပိုင်တို့က မီးပြတ်မည်ဟု သတ်မှတ်ပေးထားသည့် အချိန်ဇယားများမှာလည်း မှန်ကန်မှုမရှိဘဲ ပြတ်ချင်အချိန်၌ ပြတ်တောက်လေ့ရှိလာနေသည်။

လျှပ်စစ်မီး ပြတ်တောက်မှု အချိန်ကြာမြင့်လာခြင်းသည် ဓာတ်အား လျှော့ကျခြင်း၊ စစ်ကောင်စီ၏ ဓာတ်အားလိုင်းအချို့ ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် ဓာတ်ငွေ့စျေးနှုန်းမြင့်တက်လာခြင်းကြောင့် LNG ဓာတ်အားပေးစက်ရုံများ မလည်ပတ်နိုင်ခြင်းဖြစ်ကြောင်းကို စစ်ကောင်စီက အကြောင်းပြထားသည်။

ယင်းကြောင့် လက်ရှိတွင် ပြည်သူတို့မှာ မီသွေးမီးဖို၊ ဆိုလာမီး၊ ဖယောင်းတိုင်တို့ဖြင့် အဖော်ပြုနေရတော့သည်။ အလုပ်ကိုင်တချို့မှာလည်း တပိုင်တနိုင် စီးပွားရေး လုပ်ငန်းများ လည်ပတ်မှုမရှိတော့ဘဲ ရပ်နားထားရသည့် အခြေအနေကို ဖြတ်ကျော်နေရသည်။ ထို့အတူ လျှပ်စစ်မီးပြတ်တောက်မှုဒဏ်အကျိုးဆက် စက်ရုံ အလုပ်ရုံများ၌ အချိန်ပိုင်းလိုက် လုပ်ငန်းခွဲဝေမှုများကို လုပ်ဆောင်နေရသဖြင့် အခက်အခဲများစွာ ဖြစ်ပေါ်နေကြသည်။

အဖြည့်ခံ ရခိုင်

အဆိုပါ လျှပ်စစ်မီးကိစ္စကို ဖြေရှင်းနိုင်ရေးအတွက် စစ်ကောင်စီက ရခိုင်ဘက်သို့ မျက်စီကျလာသည်။ အကြောင်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသစ်မှ ၂၀၂၂ ခုနှစ် ဇွန်လမှ စတင်၍ နိုင်ငံတော်သို့ လျှပ်စစ် ၁၅၀ မဂ္ဂါဝပ်အထိ ဓာတ်အား တိုးမြှင့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မှ မတ်လ ၆ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းပင်။

အဆိုပါ ကျောက်ဖြူ ဓာတ်အားပေး စက်ရုံသစ်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စ၍ နိုင်ငံတော် ဓာတ်အား စနစ်သို့ ဓာတ်အား ၆၀ မဂ္ဂါဝပ်အားကို စမ်းသပ် ဖြန့်ဖြူးနိုင်ခဲ့ပြီး ဖြစ်သဖြင့် လက်ရှိတွင် ဆက်လက်၍ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ရန်စီစဉ်နေခြင်းဖြစ်သည်။

ထို့သို့ ဖြစ်ရခြင်းမှာလည်း မြန်မာနိုင်ငံအနှံ့တွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ဓာတ်အားလိုင်းများကို အမြန်ဆုံး ပြင်ဆင်၍ ဘီဘူးချောင်းရေအား၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဝန်အား ထိန်းညှိခြင်းများ ဆောင်ရွက်နေခြင်းအပြင် ယခု တနိုင်ငံလုံး ဓာတ်အားများ ကျဆင်းနေမှုကို ဖြည့်ဆည်းရန် ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့စက်ရုံသစ်မှ ဓာတ်အားများကို တိုးမြှင့် ရခြင်းဖြစ်သည်။

ယင်းအပြင် လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရခိုင် ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့်ရွှေကမ်းလွန် စီမံကိန်းများနှင့် ကုန်တွင်း ဓာတ်ငွေ့များမှ သာဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံများဖြင့် ဓာတ်အား (၁၄၅၅)မဂ္ဂါဝပ်ခန့်ကိုထုတ်လုပ်ဖြန့်ဖြူးပေးလျှက်ရှိပြီး၊ တရက်လျှင် သဘာဝ ဓာတ်ငွေ့ ကုဗပေသန်းပေါင်း (၁၃၀) သန်းကို အသုံးပြု၍ ဓာတ်အား (၆၆၈) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျှက် ရှိကြောင်းလည်း သိရသည်။

ထို့အတူ ရခိုင့် ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျှော့နည်းသွားမည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၃၃၄ မဂ္ဂါဝပ်ခန့် အပါအဝင် စုစုပေါင်း လျှော့နည်းသွားမည့် ၁၃၀၄ မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သော နေရာများတွင် ၂၄ နာရီ ဝန်အား လျှော့ချရခြင်းများအား ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်သောကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနမှ အသိပေးထားသည်။

သို့သော်လည်း ယခုအခါ ရွှေကမ်းလွန် စီမံကိန်းမှ ထပ်မံတူး ဖော်တွေ့ရှိသော တွင်းသစ် (၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိ ပိုက်လိုင်းအတွင်း သို့ပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ရေးကို မတ်လ ၁၂ရက်နေ့မှ မတ်လ ၁၈ရက်နေ့ထိ ဆောင်ရွက်နေသည်။

ထို့ကြောင့် ရခိုင်ဒေသသည် မြန်မာတနိုင်ငံလုံးအတွက် အရေးကြီးသည့် လျှပ်စစ်ဓာတ်အားကို လိုအပ်သလို ဖြည့်ဆည်းပေးနေသည့် သဘောသက်ရောက်နေသည်။ သို့သော်လည်း အခြားတဘက်၌ လက်တွေ့တွင် ကျောက်ဖြူအပါဝင် ရခိုင် ကျေးလက်ဒေသနေပြည်သူတို့မှာကား လျှပ်စစ်မီး အလုံအလောက် မရှိသေးဘဲ မှောင်မိုက်စွာဖြင့် ရှေ့ရိုးထုံးစဉ်အတိုင်း အလုပ်အကိုင်မဖွံ့ဖြိုးဘဲ နောက်ကျနေရသည်။

ရခိုင်ကမ်းလွန် ဂတ်စ်၏ အကျိုးအမြတ်

အဆိုပါ ရခိုင်ကမ်းလွန် ပင်လယ်ပြင်ရှိ ရွှေကမ်းလွန်စီမံကိန်းကို ကိုးရီးယားကုမ္ပဏီ POSCO International Corporation (Myanmar E&P) က အော်ပရေတာအဖြစ် ဦးဆောင်တူးဖော်နေပြီး စီမံကိန်းတွင် အသစ်တူးဖော်တွေ့ရှိသော တွင်းသစ် (၂) တွင်းမှာ ပိုက်လိုင်းအသစ် ချိတ်ဆက်နေခြင်းဖြစ်သည်။

ရခိုင်ဒေသရှိ ရွှေကမ်းလွန်စီမံကိန်းကို POSCO International က ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး ONGC (အိန္ဒိယ) က ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း၊ KOGAS (တောင်ကိုရီးယား) နဲ့ GAIL (အိန္ဒိယ) တို့က ၈.၅ ရာခိုင်နှုန်းစီ အချိုးကျ ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းကို မြန်မာစွမ်းအင်ဝန်ကြီးဌာနနှင့် Daewoo International Corporation ကုမ္ပဏီက ရခိုင်ကမ်းလွန် ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ (ဂတ်စ်) ကို တူးဖော်ရေးလုပ်ငန်းများကို ၂၀၀၄ ခုနှစ်က စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်ထိ ထုတ်ယူရောင်းချ သုံးစွဲနေသည်။

POSCO ရဲ့ ထုတ်ပြန်ချက်အရ ရွှေအဆင့် (၂) ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၇၃ သန်း ရင်းနှီးမြှုပ်နှံဖို့ လျာထားပြီး ကမ်းလွန်လုပ်ကွက် A-1 ရှိ ‘ရွှေ’ နဲ့ ‘ရွှေဖြူ’ လုပ်ကွက်ဧရိယာအတွင်း စီးပွားဖြစ် ထုတ်လုပ်ရေးတွင်း (၈)တွင်း တူးဖော်သွားမှာလည်း ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်မှာ ရွှေကမ်းလွန်စီမံကိန်းကနေ တစ်ရက်ကို သဘာဝဓာတ်ငွေ့ကုဗပေသန်း ၁၃၀ ကို အသုံးပြုပြီး ဓာတ်အား ၆၆၈ မဂ္ဂါဝပ်ကို ထုတ်ထုတ်ဖြန့်ဖြူးပေးနေကာ ယခု ပိုက်လိုက်အသစ်ချိတ်ဆက်မှုအဆင်ပြေခဲ့လျှင် တနိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

ရွှေစီမံကိန်းမှ ၂၀၂၁ ပထမသုံးလမှာ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၅၇၀ ရောင်းချခြင်းမှ အမြတ် ကိုရီးယားဝမ် ၃၀ ဒသမ ၄ ဘီလီယံနဲ့ ဒုတိယသုံးလမှာ ကုဗပေသန်း ၅၂၀ ရောင်းချရမှုအတွက် အမြတ် ကိုရီးယားဝမ် ၃၇ ဒသမ ၇ ဘီလီယံရရှိခဲ့ကြောင်း POSCO International ၏ ၂၀၂၁ ဒုတိယ သုံးလပတ်အ စီရင်ခံစာမှာ ဖော်ပြထားသည်။

သို့သော်လည်း ရခိုင်ဒေသခံ တို့ လက်ရှိအခြေအနေ မှောင်မိုက်နေတုန်းဖြစ်ကာ အသုံးချခံအဖြစ်နှင့် ပြည်ထောင်စုတွင် မှီခိုနေရသည်။ အထက်ပါ အချက်များကို ကြည့်ခြင်းအားဖြင့် ရခိုင်ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့နှင့်တို့ကိုလည်း မြန်မာအစိုးရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့က ရှိသမျှကို အမြတ်ထုတ်ယူ သုံးစွဲနေရကြသည်။

အလားတူ ရခိုင်ကမ်းလွန်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ ကို ပိုက်လိုင်းစီမံကိန်းဖြင့် ကျောက်ဖြုမှ တဆင့် တရုပ်နိုင်ငံသို့ နေ့စဉ်တင်ပို့နေသည်။ အဆိုပါ စီမံကိန်းမှာ တရုတ်အပါအဝင် ကိုရီးယားနှင့် အိန္ဒိယတို့ဖြင့် လေးနိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်သည့်စီမံကိန်းဖြစ်သည်။ ထိုစီမံကိန်းများအတွက် မြန်မာအစိုးရ၏ စုစုပေါင်းနှစ်စဉ်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရှိမည်ဟု ကုမ္ပဏီက ထုတ်ဖော်ပြောဆို ထားသော်လည်း အမှန်တကယ်တွင် မည်မျှ အကျိုး အမြတ်ရနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

စီမံကိန်းကိုဆောင်ရွက်ရာတွင် ဒေသခံပြည်သူများကို ရှင်းလင်းစွာအသိမပေးခြင်း၊ မြေတိုင်းတာမှုများ လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေယာသိမ်းဆည်းမှု လျော်ကြေးငွေများပေး ဆောင်မှုများတွင် မရိုးသားမှုများပါဝင်နေခြင်းများ ရှိခဲ့သလို အတင်းအကျပ် သဘောတူညီမှုရယူခြင်းများ ရှိခဲ့သည်ဟု မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC) က ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်သည့် သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရွှေဂတ်စ်နဲ့ရခိုင်ပြည်သူ

ရခိုင်ကမ်းလွန်ပင်လယ်ပြင် ကျောက်ဖြူမြို့ နယ်တွင် တူးဖော်နေသည့် ရွှေ သဘာဝဓာတ်ငွေ့သိုက်မှ ရရှိလာသည့် သဘာဝဓာတ်ငွေ့များကို အသုံးပြုပြီး ကျောက်ဖြူမြို့နှင့် ရခိုင်တပြည်နယ်လုံးအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရန်အတွက် ဒေသခံတို့က တောင်းဆိုခဲ့ကြသည်။

သို့သော်လည်း ရခိုင်ပြည်မှ ထွက်ရှိလာသည့် သဟာဇာတအားလုံးပြည်ထောင်စုနှင့် သက်ဆိုင်သည်ဟုဆိုကာ ဒေသခံတို့၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးခြင်းမရှိခဲ့ပေ။ ရခိုင်ဒေသခံများမှာ စီမံကိန်းမှ အမြတ်အစွန်း အကျိုးခံစားခွင့် မရှိကြပါ။ အမှန်တကယ်အားဖြင့် ရခိုင်မှ ထွက်ရှိသော ရေနံ၊ ဂတ်စ်၊ သစ်၊ သားငါးပုစွန်စသည့် သယံဇာတမှာ ရခိုင်တို့ ပိုင်ဆိုင်ခြင်း မရှိဘဲ ဗမာ လူမျိုးကြီးဝါဒနှင့် အာဏာရှင် အသိုင်းဝိုင်းတို့က မိမိတို့ေ ကာင်းစား ရေးအတွက် ဗဟိုချုပ်ကိုင်မှု စနစ်အောက်တွင် ဂုတ်ချိုးသွေးသောက်ကာ ချို့းနှိမ်ထားဆဲဖြစ်သည်။ အမှန်အားဖြင့် ရခိုပြည်သူတို့မှာ မိမိကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ပြောရေးဆိုခွင့်များ မရှိကြပေ။ နှုတ်ဆိတ်နေရုံမှ လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါ။

ယင်းအပြင် စီမံကိန်းကုမ္ပဏီများအနေဖြင့်လည်း ဒေသဖွံံ့ဖြိုးရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ ဆေးရုံဆေးခန်းများတွင် ဆရာဝန်မရှိ၊ ကျောင်းများတွင် ဆရာဆရာမ မလုံလောက်မှု စသည်ဖြင့် အခက်ခဲမျိုးစုံဖြင့် ရင်ဆိုင်ဖြတ်သန်းနေရဆဲဖြစ်သည်။ အလားတူ စီမံကိန်းများကြောင့် ဒေသခံ တောင်သူတို့မှာ ဘိုးဘွားပိုင် လယ်ယာဆုံးရှုံးမှုများနှင့် အတူ မြစ်ရေပြင်ထဲ လွတ်လပ်စွာ ရှာဖွေ လုပ်စားရန်အတွက် အခွင့်အလမ်းများ ဆုံးရှုံးသွားခဲ့ရခြင်းသာ အဖတ်တင်ရသည်။

ထို့အတူ ကိုဗစ် ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကို ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အလုပ်သမား ၁ ဒသမ ၆ သန်းကျော်အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ( ILO) က ယခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ လူဦးရေ သုံးသိန်းကျော်လောက်မှာ စားနပ်ရိက္ခာ မလုံလောက်မှုများကို တွေ့ရနိုင်ကြောင်း ကုသမဂ္ဂအဖွဲ့က ခန့်မှန်းထားပြီး အဆိုပါ ဒဏ်ရာဒဏ်ချက်တို့ကို ရခိုင်ပြည်သူတို့က ဆိုးဝါးစွာ ခံစားနေရကာ လျှပ်စစ်မီး ပြတ်တောက်မှုမှာလည်း ပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဆုံးရှုံး နေရေ တာ့သည်။

အချုပ်အားဖြင့် တတိုင်းပြည်လုံးကို လျှပ်စစ်မီးလုံလောက်စွာဖြန့်ဝေပေးနိုင်မည့် အရင်းအမြစ်များ ရှိနေပါလျှက် ရခိုင်ပြည်သူတို့မှာ မှောင်မိုက်စမ်းတဝက်ဖြင့် မီးမလာ၊ ရေမရသည့် အဖြစ်မျိုးနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကာ မွဲပြာပြာနှင့် ဖြစ်နေရတော့သည်။

သို့သော်လည်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူအာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားပြေးဆွဲရန်စီစဉ်နေကြောင်း ဝင့်ကြွားစွာ ပြောဆိုထားသည်။

မောင်ကျော်သောင်းရေးသားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular