Western News
Homeဆောင်းပါးNUG၊ စစ်ကောင်စီ၊ AA ဆုံးဖြတ်ချက်နှင့် ရခိုင်တို့အနာဂတ်

NUG၊ စစ်ကောင်စီ၊ AA ဆုံးဖြတ်ချက်နှင့် ရခိုင်တို့အနာဂတ်

ဆောင်းပါး၊ Western News- ဧပြီ ၂၉ ရက်

အာဏာသိမ်းစစ်ကောင်စီဟာ ဘေးပတ်လည်ဝိုင်းရန်ခံရမယ့် ရန်ကိုစိုးရိမ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို လိုက်လံစည်းရုံးနေပါတယ်။ အင်အားအကြီးဆုံးဖြစ်တဲ့ UWSA “ဝ” တပ်ဖွဲ့နဲ့ရှမ်းလက်နက်ကိုင်တစ်ဖွဲ့ဖြစ်တဲ့ SSPP ကိုစည်းရုံးတဲ့အခါ ပစ်ခတ်မှုကြောင့် ဘူးပေါ်သလိုဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၆ ရက်နေ့တုန်းက ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ DKBA နဲ့ KNU ခွဲထွက် KNLA-PC အဖွဲ့တို့ကိုလည်း နေပြည်တော်မှခေါ်ယူတွေ့ဆုံခဲ့ပါသေးတယ်။

ဒါပေမဲ့ လူမသိဘဲ မြုပ်နေတဲ့ ဗိုလ်ချုပ်ရာပြည့်ရဲ့ ခြေလှမ်းကတော့ အနောက်ဘက်စစ်မျက်နှာကိုထိန်းထားတဲ့ ရက္ခိုင့်တပ်တော် (AA) ဘက်ကိုပါရောက်ရှိလာပါတယ်။ ရခိုင်ကို ၂ နှစ်ဆက်တိုက် တပ်မခြောက်ခုအပါအဝင်၊ ကြည်း-ရေ-လေ စစ်ဆင်ရေးလုပ်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုက ချက်ချင်းပြောင်းလဲသွားတာပါ။

အတည်မပြုနိုင်တဲ့ သတင်းတစ်ခုအရ ဗိုလ်ချုပ်ရာပြည့်ဟာ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ အွန်လိုင်းအစည်းဝေးတစ်ခု လုပ်ဖို့ပြင်ဆင်ခဲ့ပါတယ်။ အစည်းဝေးအတွက် ချိန်းဆိုထားပေမယ့် အထမမြောက်ခဲ့ဘူးလို့သိရပါတယ်။ ဒီသတင်းကို AA ဘက်က အတည်ပြုချက်မပေးပါဘူး။ ဒါပေမဲ့ ဧပြီ ၂၃ ရက်နေ့ထုတ် South East Asia Globe (SEAG) မီဒီယာရဲ့ ဆောင်းပါးမှာ AAတပ်မှူးချုပ်က

“ကျနော်တို့ရဲ့ရန်သူတွေဖြစ်တဲ့ (NLD နဲ့ စစ်တပ်) ဟာ တချိန်တုန်းက ကျနော်တို့ကိုတိုက်ဖို့ညီညွတ်ခဲ့ကြပြီးမှ အခုပြိုကွဲ သွားပြီး အချင်းချင်းပြန်တိုက်ကြတယ်။ ပြီးတော့ အခု နှစ်ဖက်စလုံးက ကျနော်တို့ကို သူတို့ဘက်ပါစေချင်ကြတယ်” လို့ သူက ဖြေထားပါတယ်။

#NUG နဲ့စစ်ကောင်စီ AA ကို ချဉ်းကပ်
*********************************************

AA ကို စစ်ကောင်စီရော၊ NLD ပါ ချဉ်းကပ်တာ ထင်သာမြင်သာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ဖက်ကိုပဲရွေးရွေး AA ဟာ အထူးသဖြင့် ပြည်မနေသူတွေနဲ့ ရခိုင်လူထုရဲ့ ဝေဖန်မှုလွတ်ကင်းမှာမဟုတ်ပါ။ NLD ချဉ်းကပ်ရာမှာတော့ အွန်လိုင်းနဲ့ရော၊ လူကိုယ်တိုင်ပါ ချဉ်းကပ်ခဲ့တယ် လို့ ယုံကြည်ရပါတယ်။ အထူးသဖြင့် AA ရဲ့ ၉၀၉ စစ်ဒေသကို NLD ဝန်ကြီးတစ်ပါး ရောက်ရှိခဲ့တာနဲ့လည်း တိုက်ဆိုင်နေတာကြောင့် လူကိုယ်တိုင်တွေ့ဆုံမှုရှိခဲ့တယ်လို့ မှတ်ချက်ပြုရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်ကာလမှာ NLD ဟာလည်း ပင်လုံကိုအခြေခံတဲ့”ဖက်ဒရယ်ဒီမိုကရေစီ” မူကို လိုလားမှုမပြခဲ့ပါ။ တစ်လျှောက် လုံး #”ဒီမိုကရေစီဖက်ဒရယ်” လို့သာသုံးခဲ့ပါတယ်။ ဒါကြောင့် အသာစီးနဲ့စကားပြောတတ်တဲ့ NLD ရဲ့ကမ်းလှမ်းမှုကို AA က ယုံကြည်မှုအားနည်းတာ တွေ့နိုင်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ” NLD ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ဖက်ဒရယ်လမ်းစဉ်ကိုချပြပြီးတော့ တိုင်းရင်းသားတွေကို ကတိပြုခဲ့တယ်။ ဒါပေမဲ့ အာဏာရပြီးနောက်မှာတော့ အဲဒီကတိကိုမတည်ခဲ့ဘူး။ အဲဒီတော့ ကျနော်တို့ အဲဒီသင်ခန်းစာတွေရခဲ့တယ်။ ပြီးတော့ ကျနော်တို့တွေ လူဗြိန်းတွေမဟုတ်တော့ပါဘူး။” လို့ Globe ဆောင်းပါးမှာပြောထားပါတယ်။

တကယ်တော့ NLD ကို ယုံကြည်မှုအားနည်းတာ ရခိုင်တစ်ခုတည်းမဟုတ်ပါ။ ကရင်အမျိုးသားအစည်းအရုံး (KNU) လည်းပဲ အလားတူ သံသယရှိပါတယ်။ KNU ပဒိုစောတောနီးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆိုတာ NLD အများစုလွှမ်းမိုး ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ခေါ်တဲ့အဖွဲ့ကနေ ဖွဲ့လိုက်တာဖြစ်တယ်လို့သူက ထောက်ပြပါတယ်။

” ဒီမိုကရေစီအရဆိုပြီး အုပ်စုတောင့်သူ အုပ်ချုပ်ရေးစနစ် ဖြစ်မှာကို ကျနော်တို့ုစိုးရိမ်တယ်။ ဒီမိုကရေစီအာဏာရှင်ပေါ်ပေါက်လာမှာကို ကျနော်တို့မလိုလားဘူး။ ဗမာလူများစုက ဖိနှိပ်အုပ်ချုပ်တာမျိုး မလိုချင်ဘူး။ ဒါက NUG ကိုဖွဲ့စည်းရာမှာအရမ်းအရေးကြီးတဲ့ အချက်ဖြစ်တယ်” လို့ ပဒိုစောတောနီးက ဆိုထားပါတယ်။

#ပြင်ဆင်ခဲ့ပေမယ့် အကျပ်ရိုက်နေတဲ့ စစ်ကောင်စီ
***********************************************

စစ်ကောင်စီဟာ အာဏာသိမ်းဖို့ တကယ်တော့ စစ်ဘက်ဆိုင်ရာရော၊ အရပ်ဘက်ဆိုင်ရာနှစ်ခုလုံးအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ အထူးသဖြင့် တာလတ်ပစ် ပန်ဆာ Pantsir-S1 ဒုံးကျည်ဝယ်တာ၊ ရေဒါတွေ ဝယ်တာ၊ တိုင်းရင်းသားတွေနဲ့လူသိများတဲ့နိုင်ငံရေး သမားတွေကို ကြိုတင်စည်းရုံးတာတွေ လုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ လူထုရဲ့အာခံမှုကို အခုလိုကြီးထွား လာမှာကို လျှော့တွက်ခဲ့ပုံ ရပါတယ်။

စစ်ကောင်စီကို အရှိုက်ထိစေခဲ့တဲ့ ကိစ္စတွေကတော့ နိုင်ငံ့ဝန်ထမ်းအများအပြား ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင် လာတာနဲ့ လည်းသက်ဆိုင်ပါတယ်။ ဥပမာ သိသာထင်ရှားတဲ့ ကိစ္စတွေကတော့ ကျန်းမာရေးဝန်ကြီးဌာနဲ့ဘဏ်လုပ်ငန်းတွေ ဖြစ်ပါတယ်။ ကဏ္ဍကြီးနှစ်ခု ထိုးရပ်သွားတာပါ။ နောက်ပြီး အာဏာသိမ်းတဲ့ဖြစ်ရပ်ကြောင့် ရင်းနှီးမြှပ်နှံသူတွေ စွန့်ခွာတာ၊ ဝိုင်းကျဉ်တာကိုလည်း အလူးအလဲခံရတာလို့ စီးပွားရေးတစ်ခုလုံး ရပ်ဆိုင်းနေပါတယ်။

အခုလို လနဲ့ချီတဲ့ လူထုအာဏာဖီဆန်မှုကို အာဏာသိမ်းစစ်တပ်က ၁၉၈၈ အရေးအခင်းတုန်းက မကြုံခဲ့ဖူးပါ။ လူထုရဲ့ ဆန့်ကျင်မှု၊ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကြောင့် အခက်တွေ့နေချိန်မှာပဲ တိုက်ပွဲဖော်လာတဲ့ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်းမှာစစ်မျက်နှာ အဖွင့်ခံရတဲ့ စစ်တပ်အဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်လာပါတယ်။ ဒါကြောင့် စစ်ရေးကို ထိန်းနိုင်ဖို့ အတွက် FPNCC လို့ခေါ်တဲ့ မြောက်ပိုင်းအဖွဲ့တွေကို လွှမ်းမိုးတဲ့ “ဝ” ကို ချဉ်းကပ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ AA ကို လည်း ချဉ်းကပ်ပါတယ်။

မြောက်ပိုင်းစစ်မျက်နှာမှာ KIA ကချင်လွတ်မြောက်ရေးတပ်က ဧပြီတတိယအပတ်ထဲမှာ စစ်တပ်ရဲ့အခိုင်အမာ စခန်းနဲ့ စခန်းသေး စုစုပေါင်းဆယ်ခုကျော်ကို ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ တောင်ပိုင်းစစ်မျက်နှာတော့ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ မှာတော့ စစ်ဘက်ဆိုင်ရာအားကောင်းတဲ့ တပ်မဟာ ၅၊ ၃ နဲ့ ၁ နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ရေးအရ အရေးကြီးတဲ့ သုံးနေရာဖြစ်ပါတယ်။ ပြည်မနဲ့လည်း အနီးဆုံးအနေနယ်မြေတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ နယ်မြေခံတပ်ရင်း တပ်မတွေကို ဖြိုနိုင်တဲ့အထိ တိုက်ဖို့ကတော့ ဖြစ်နိုင်ခြေအင်မတန်နည်းပါတယ်။ ဒါကြောင့် နယ်မြေစိုးမိုးမှု ချဲ့ထွဲ့နိုင်ရေးလောက်ပဲ KNLA က လုပ်နိုင်မယ့်အခြေအနေရှိပါတယ်။ ဘယ်လိုပဲဆိုဆို စစ်ရေးထိန်းချုပ်မှုကျယ်လာလေ စစ်ကောင်စီတွေအခက်တွေ့လေဖြစ်တာမို့လို့ စစ်မျက်နှာ ၂ခုကို ထိန်းထားနိုင်ဖို့ သူ့အနေနဲ့ နောက်ထပ်စစ်မျက်နှာသစ်မပေါ်လာဖို့ စစ်ကောင်စီက ကြိုးပမ်းမှာပါ။

#ရခိုင်အပေါ် ပရိယာယ်များတဲ့ စစ်ကောင်စီ
***********************************************

စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော်ကို ချဉ်းကပ်တယ်ဆိုပေမယ့် စစ်ရေးပြင်ဆင်မှုက လျော့ကျမသွားပါ။ အထူးသဖြင့် နိုင်ငံတကာ တရားရုံး (ICJ) ကို AA က တပ်မတော်သား ၂ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဖြတ်ပို့လိုက်တဲ့ နောက်ပိုင်း စစ်တပ်က တိုက်ခိုက်ရေးတပ်သား ၂၅၀၀ အထိ ၂၀၂၀ အောက်တိုဘာလမှာ ဖြန့်ကျက်ချထားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီတပ်ဖွဲ့တွေကို စစ်တပ်ကနေ အသွင်ပြောင်းပြီးတော့ နယ်ခြားစောင့်တပ်အဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ ဒေသတွင်းနေထိုင်သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ရဲ့ပြောကြားချက်အရ မွတ်စလင်တွေကို အုပ်ချုပ်တဲ့အခါ ပိုပြီးထိရောက်မှုရှိအောင် စစ်တပ်ကလူတွေနဲ့အစားထိုးတာလို့ဆိုကြပါတယ်။ တချို့ကလည်း နယ်စပ်ကနေ မူးယစ်ဆေးဝါးသယ်တာကို တင်းကျပ်ပိတ်ဆို့ဖို့ လုပ်တာလို့ပြောကြပါတယ်။

မောင်တောနယ်စပ်မှာ စစ်တပ်ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ် ဌာနချုပ်အနည်းဆုံး ငါးခုရှိပါတယ်။ ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ အလယ်သန်ကျော်၊ တောင်ပြိုလက်ဝဲ၊ အင်းဒင်နဲ့ မောင်တောမြို့နဲ့ကပ်ရပ် မြို့သူကြီး စတဲ့ရွာတွေမှာရှိတာပါ။ ၂၀၁၇ ခုနှစ်တုန်းက မီးရှို့လိုက်တဲ့မွတ်စလင်ရွာကြီးတွေဟာ အခုတော့ အခိုင်အမာ၊ ဗျူဟာ သို့မဟုတ် တပ်ရင်းစခန်းတွေဖြစ်ကုန်ပါတယ်။

၂၀၁၉ မတိုင်ခင်အထိ နခခ တပ်တွေက သာမန် G-3 သေနတ်တွေကိုင်ဆောင်ပေမယ့်၊ အသွင်ပြောင်းတပ်တွေကတော့ စစ်သားတွေ အသုံးပြုတဲ့ MA-1, MA-2, MA-3 ချေမှုန်းရေးရိုင်ဖယ်တွေကို ကိုင်ဆောင်အသုံးပြုလာကြပါပြီ။ အာဏာ သိမ်းခေါင်းဆောင်က ပြည်မမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးဒေသတွေမှာ ဆန္ဒပြသူတွေများ လာတဲ့အခါ ရခိုင်ကိုပို့ခဲ့တဲ့ တပ်မ ၇၇ ကို အနည်းငယ်ပြန်ခေါ်ယူခဲ့တာရှိပါတယ်။

ဒါပေမဲ့ နယ်ခြားစောင့်အဖြစ်သွင်ပြောင်းထားတဲ့ စစ်သား ၂၅၀၀ ကိစ္စတော့ မပါ ပါဘူး။ ရက္ခိုင့်တပ်တော်က ပြည်သူလူထုကို အကြောင်းမဲ့သတ်ဖြတ်နေမှုကို လက်မခံဘူးလို့စာထုတ်ပြီးနောက်ပိုင်း ဧပြီလအစောပိုင်းမှာ အာဏာလု စစ်တပ်က လေကြောင်း၊ ရေကြောင်းနှစ်ခုလုံးသုံးပြီးတော့ ရခိုင်ကို စစ်အင်အား ၅၀၀- ၈၀၀ ဝန်းကျင် ထပ်တိုးချထားတာလည်းရှိပါ သေးတယ်။ ဒီအင်အားတွေကတော့ ၂၀၁၈-၂၀၂၀ တုန်းကဖြစ်ခဲ့တဲ့ တပ်စွဲထားတဲ့ အရေးပါတဲ့တောင်ကုန်းတွေလည်း ရှိနေတုန်းပါ။

#မေယုဒေသနဲ့ရခိုင်မြောက်ပိုင်းစစ်ရေးအခြေအနေ
***********************************************

စစ်ကောင်စီဟာ မောင်တော တောင်ပိုင်းကနေ မြောက်ပိုင်းတောက်လျှောက် စစ်ဆေးရေးဂိတ်တွေ တင်းကျပ်ချထားသလို၊ ဘူးသီးတောင်-မောင်တောကားလမ်းပိုင်းမှာလည်း ကင်းပုန်းဝပ်တာတွေ တောက်လျှောက်ရှိတယ်လို့ ဒေသခံတွေကပြော ပါတယ်။ ကိုလိုနီခေတ်တုန်းက ဖောက်ထားတဲ့ ဘူးသီးတောင်-မောင်တောကားလမ်းနံဘေးက ရထားလှိုင်ဂူနှစ်ခုလုံးဟာ အခု စစ်ကောင်စီရဲ့စခန်းချရာနေရာတွေဖြစ်နေပါပြီ။

မောင်တောမြောက်ပိုင်းစခန်းသေးတချို့၊ တပ်ရင်းနဲ့ဗျူဟာထိုင်တဲ့နေရာတွေမှာ အရင်မရှိခဲ့ဘူးတဲ့ CCTV စောင့်ကြည့်ရေးကင်မရာတွေပါ တပ်ဆင်အသုံးပြုလာရှိနေပါတယ်။ မတ်လကုန်ပိုင်းတုန်းက AA နဲ့အဆက်အသွယ်ရှိတယ်လို့စွပ်စွဲပြီးတော့ အုပ်ချုပ်ရေးမှူးနှစ်ဦးကို စစ်ကောင်စီတပ်တွေကဖမ်းဆီးခဲ့တာရှိပါတယ်။ နောက်ပိုင်းမှာတော့ ပြန်လွှတ်လိုက်ပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်းမှာဆိုရင် တစ်မိုင်ခွဲအကွာမှာ ရဲစခန်းတစ်ခုစီချထားတဲ့အထိ တင်းကျပ်လာတာပါ။ ၂၀၁၇ မတိုင်ခင်က အခုလိုမျိုးမရှိပါဘူး။ မောင်တောသုံးမိုင်ဂိတ်၊ သိဟိုခြံ၊ ကျီးကန်းပြင်ဌာနချုပ်၊ ဖားဝပ်ချောင်း၊ ကြိမ်ချောင်းဗျူဟာ၊ မင်္ဂလာညွန့်၊ ခမောင်းဆိပ်တပ်ရင်း၊ အောင်သပြေ၊ ဗန္ဓူလစတဲ့နေရာတွေမှာပါ အခိုင်အမာစခန်းတွေဖြစ်နေပါပြီ။

မေယုဒေသမှာ ရက္ခိုင့်တပ်တော် AA ရှိသလို၊ စစ်ကောင်စီတပ်တွေကလည်း အမြောက်အများရှိပါတယ်။ တဖန် ဘယ်သူဘယ်ဝါလို့ တိတိပပပြောဖို့ခက်တဲ့ ARSA လို့အမည်ခံသူတွေလည်း ရှိနေပါသေးတယ်။ ဒါပေမဲ့ စစ်တပ်တစ်ခုလိုမျိုး စုဖွဲ့မှုအားရှိပုံမရပါ။ အထူးသဖြင့် သူတို့ရဲ့လှုပ်ရှားနယ်မြေက မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နဲ့ကုန်းမြေထိစပ်တဲ့ ဝေလာတောင်လို နေရာမျိုးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီ ၁၅ ရက်နေ့တုန်းက Diplomat စာစောင်မှာ ရခိုင်ဟာ အင်ဒိုနီးရှားက နောက်ထပ် မာရာဝီနယ်မြေဖြစ်လာ မလား မေးခွန်းထုတ်တဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြပါတယ်။ အဲဒီမှာပါတဲ့အဖွဲ့ကတော့ ARSA ကိုမထောက်ခံကြောင်းနဲ့အဖွဲ့သစ် အဖြစ်ပေါ် လာမယ့် သဘောသုံးသပ်ထားပါတယ်။ သူ့ရဲ့နိုင်ငံရေးအယူအဆကတော့ ISIS အဖွဲ့နဲ့ဆင်တူပါတယ်။ အဖွဲ့ကို တော့ Katiba al-Mahdi fi Bilad al-Arakan အမည်ပေးထားတာတွေ့ရပါတယ်။

ဆောင်းပါးရှင်က နိုင်ငံတကာ နိုင်ငံရေးအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုတန်ပြန်စစ်ဆင်မှုအဖွဲ့ (ICPVTR) ရဲ့အကြီးတန်း လေ့လာဆန်း စစ်သူဖြစ်ပါတယ်။ မြေပြင်မှာတော့ သူရည်ညွှန်းတဲ့အဖွဲ့က တိုက်ခိုက်မှုပြုလုပ်ပြီး အမည်ခံတာမျိုးတော့ မတွေ့ရသေးပါ။

#ဘယ်သူပဲနိုင်နိုင် ဖြေရှင်းရဦးမယ့် ပုစ္ဆာ
***********************************************

အကဲဆတ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေဟာ NUG ၊ စစ်ကောင်စီ၊ AA နဲ့ မွတ်စလင်တွေကြားမှာ မပြီးပြတ်ဘဲ ဖြေရှင်းရမယ့် ပြသနာတစ်ခုအဖြစ် ဆက်ရှိနေဦးမှာပါ။ စစ်ကောင်စီကလည်း ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်ကနေ ပြန်ခေါ်မယ်လို့ကြေညာထားသလို၊ အရပ်သား NUG အစိုးရဘက်ကလည်း ချဉ်းကပ်မှုအသစ်တွေနဲ့ စတင်လာတာတွေ့နိုင်ပါတယ်။

ဥပမာ အမျိုးသမီး၊ လူငယ်နှင့် ၊ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး နော်စူစင်နာ လှလှစိုးက ရိုဟင်ဂျာတွေကို လူသိရှင် ကြားပထမဆုံးအကြိမ် တောင်းပန်တယ်လို့ပြောခဲ့ပါတယ်။ AA ကလည်း ခွဲခြားဆက်ဆံမှုမရှိတဲ့ လူ့အသိုင်းအဝိုင်းတည် ဆောက်မယ်လို့ ဆိုထားပါတယ်။ ယေဘုယျအားဖြင့် သုံးဖွဲ့လုံးက ဘုံတူညီချက်ရှိတယ်ထင်ရပေမယ့် ဘယ်လိုလုပ်မယ် ဆိုတဲ့ ပုံစံကတော့ ကွဲပြားနိုင်ပါတယ်။

စာရေးသူ စုံစမ်းရသလောက် AA ဟာ အောက်ခြေအုပ်ချုပ်ရေးယန္တရားတည်ဆောက်တဲ့အခါမှာ မွတ်စလင်တွေကိုအုပ်ချုပ် ရေးသင်တန်းပေးတာတွေရှိပါတယ်။ တနည်းအားဖြင့် အစိုးရအဆက်ဆက် မွတ်စလင်ကျေးရွာတွေကို ရခိုင်က အုပ်ချုပ်တဲ့ နည်းဟောင်းကနေ ရုန်းထွက်ပြီး၊ မွတ်စလင်တွေကို ကျေးရွာစီမံခန့်ခွဲခွင့်ပေးတဲ့သဘောပါ။

ဒီနေရာမှာ AA သွားချင်တဲ့ ကွန်ဖက်ဒရိတ် ဒါမှမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ NUG နဲ့စစ်ကောင်စီပေးမယ့်လမ်း ဒီသုံးခုကို မွတ်စလင်အသိုင်းအဝိုင်းက ဘယ်လိုရွေးချယ်မလဲဆိုတာကလည်း မေးခွန်းသစ်တစ်ခုပါ။ ဒါမှမဟုတ် NUG နဲ့ AA ပေါင်းတဲ့ အခါ မွတ်စလင်တွေကြုံရမယ့်ကိစ္စ၊ ဒါမှမဟုတ် AA နဲ့စစ်ကောင်စီသဘောတူညီမှုရရင် ကြုံရမယ့်အခြေအနေ နှစ်ခုကိုလည်း ထည့်တွက်ရမှာပါ။

ဘယ်လိုအခြေအနေသစ်ပဲ ရောက်ပစေ၊ AA က ကိုယ်ပိုင်အုပ်ချုပ်တဲ့အခြေအနေ၊ NUG ဒါမှမဟုတ် စစ်ကောင်စီက အနိုင်ရ ဒီအခြေအနေသုံးရပ်လုံးမှာ ဘယ်သူပဲနိုင်ပစေ မွတ်စလင်ကိစ္စဟာ ဖြေရှင်းရမယ့်ကိစ္စတစ်ခုအဖြစ် ဆက်ရှိနေဦးမှာပါ။ အခု အချိန်ထိတော့ NUG ၊ စစ်ကောင်စီ နှစ်ဖွဲ့လုံးနဲ့စျေးမတည့်သေးတာကြောင့် လာမယ့် ၁-၂ နှစ်အတွင်း ဖြစ်ပေါ်လာမယ့် အနာဂတ်ဟာ စိတ်ဝင်စားစရာပါ။

ရက္ခိုင့်တပ်တော် (AA) ဟာ စစ်အင်အားဖြန့်ကျက်နိုင်မှု အားကောင်းသထက်ကောင်းလာပါတယ်။ ဒါကြောင့် စစ်တိုက်မယ့်အစား တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးပါတဲ့ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ဘဏ်စနစ်စတဲ့ ကဏ္ဍတစ်ခုချင်းစီကို စတင်စမ်းသပ်တဲ့အခြေအနေကိုကြားသိရပါတယ်။ နယ်မြေစိုးမိုးရေး ကိစ္စမှာတော့ AA တပ်ဖွဲ့တွေ က ရန်ကုန်-စစ်တွေ ကားလမ်းနံဘေး စစ်ဆေးမှုတွေလုပ်လာတာတွေ့ရပါတယ်။

ဒီပြောင်းလဲမှုတွေအားကောင်းလာပြီးနောက် အပေးယူတည့်ခြင်း မတည့်ခြင်းနဲ့အတူ ရခိုင်ပြည်နယ်ဟာ ငြိမ်းချမ်းတဲ့ နယ်မြေ ဒါမှမဟုတ် စစ်ကောင်စီနဲ့AA ကြား စစ်ပွဲကြီးတဖန်ဖြစ်ပေါ်လာမလားဆိုတာ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

ဆောင်းပါး(((#မိုးမြင့် ရေးသားသည်)))
Western News- WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular