Western News
Homeစီးပွားရေးနိုင်ငံတစ်ခု တည်ဆောက်ခြင်း

နိုင်ငံတစ်ခု တည်ဆောက်ခြင်း

Western News-မတ်လ ၄ ရက်

မတူကွဲပြားသည့် လူမှုအဖွဲ့အစည်းများသည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ရန်အတွက် နိုင်ငံသို့မဟုတ် ဒေသတို့ကို တည်ထောင်တတ်ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အင်အားသာလွန်သည့် အသိုင်းအဝိုင်း ဖိအားများ၊ ဖိနှိပ်ချုပ်ခြယ်မှုတို့ကို တွန်းလှန်ရန် အာရုံအများဆုံးထားပြီး သီးခြား ရပ်တည်ရန် ဆုံးဖြတ်ကြခြင်းလည်းဖြစ်သည်။

တခြားတစ်ဘက် ကွဲပြားဆန့်ကျင်ခြင်းဆိုင်ရာ သီအိုရီများတွင် အချို့သော လူအုပ်စုက တစ်ခြားသော လူအုပ်စုအပေါ် ပဋိပက္ခနှင့် လွှမ်းမိုးမှုသည် နိုင်ငံဖြစ်ပေါ်ခြင်း၏ အဓိကအချက်ဖြစ်သည်ကို လည်းတွေ့ရသည် ။ ယင်းတွင် ကိုယ်ပိုင်စိတ်ဆန္ဒအရ အုပ်စုတစ်ခုက တခြားအပေါ် ဖိနှိပ်မှုတစုံ တရာ ကြောင့်လည်းနိုင်ငံတည် ထောင်ကြသည်။

ယင်းသို့ နိုင်ငံထူထောင်ရာတွင် တော်လှန်ရေး စစ်ပွဲများနှင့် နိုင်ငံရေး ဝိဝါဒမတူညီမှုများတဆင့် တိုင်းပြည်၏ အရှုပ်အထွေး အကျပ်အတည်းကို အခြေတည်ကာ ဒေသနေ ပြည်သူတို့စိတ်ဆန္ဒအရ နိုင်ငံသစ်များ ပေါ်ထွက်လာတတ်သည်။ မြန်မာပြည်နှင့်အနီးကပ်ဆုံးဖြစ်သည့် အိန္ဒိယမှ ပါကစ္စတန်သည် ၁၉၄၇ ခုနှစ်မှာ ခွဲထွက်သည်။ အလားတူ ဘင်္ဂလားဒေ့ရ်ှဟာ ၁၉၇၁ ခုနှစ်မှာ ခွဲထွက်ခဲ့ပြီး နိုင်ငံသစ်တည်ထောင်ကြသည်။

အချုပ်အခြာအာဏာပိုင် ဒေသ

အချုပ်အခြာ အာဏာပိုင်ဒေသ ဆိုသည်မှာ ယေဘုယျအားဖြင့် အခြားနိုင်ငံ တခု (သို့မဟုတ်) အဖွဲ့အစည်းတခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်းခံမနေရသော လွတ်လပ်သည့် ဒေသကို ခေါ်ဆိုခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပမှ တဆင့်ခံအာဏာသက်ရောက်မှုရှိခြင်း၊ လူဦးရေ အတည်တကျရှိခြင်း၊ အုပ်ချုပ်မှုပိုင်း အစိုးရရှိခြင်း၊ အခြားသောနိုင်ငံများနှင့် တရားဝင် ဆက်ဆံနိုင်သည့်အခြေအနေရှိခြင်း စသည့်ဂုဏ်အင်္ဂါများကို ခေါ်ဆိုခြင်းပင်ဖြစ်သည်။

ထိုအထဲတွင် ပြည်သူလူထု တရပ်လုံးက စိတ်ဆန္ဒဖြင့် ပြင်းပြသော ဖြစ်ခြင်းဆိုင်ရာ လွတ်လပ်လိုစိတ်တို့တွင် အခြေတည်နေတတ်သည်။ လက်ရှိ ရခိုင်ပြည်သူတို့မှာလည်း နိုင်ငံသစ်ထူထောင်ရန် အားသန်နေကြသည်ကို တွေ့ရသည်။

လက်ရှိ ကာလသည် ရခိုင်တို့၏ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေးစိတ်ဆန္ဒတို့မှာ အဆင့်မြင့်မှုကို တွေ့နေရပြီး ယုတ္တိဗေဒအရ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အချက်တို့ကိုလည်း ပိုင်ဆိုင်လာနိုင်သည်ဟု ပြောရမည်။

ယခုအချိန်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အလွန်ထူးခြားသော အချိန်ကိုဖြတ်သန်းနေရပြီး အဓိကကျကျ ပါဝင်ပတ်သက်နေသူတို့မှာ ပြည်ထောင်စုအသစ်သို့မဟုတ် အဟောင်းလမ်းမှ ခွဲထွက်ရန်နှင့် ပြန်လည်ထူထောင်ရန် ပုံဖော်နေကြသည့်အချိန်ဖြစ်သည်။ ယင်းအပြင် မြန်မာ့နိုင်ငံရေး၏ ကြောက်မက်ဖွယ် အကျပ်အတည်းအချိန်တွင် အချိန်နှင့် တပြေးညီ ယနေ့မနက်ဖြန် ဘာမဆိုဖြစ်နိုင်သည်ဟုလည်း ဆိုနိုင်သည်။

လတ်တလော မြန်မာ့နိုင်ငံရေးသည် တော်လှန်ရေးသို့ ကူးပြောင်းသွားကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး၊ ဒီမိုကရေစီ ခိုင်မာကျစ်လစ်ရေး၊ ဖက်ဒရယ်စနစ်ကို ဦးတည်ရေးဆိုသည့်အချက်ကို ဘေးဖယ်ကာ ကွန်ဖက်ဒရေးရှင်း သို့မဟုတ် ပြည်သစ် ထူထောင်ရေးမှာ ရခိုင်အတွက်များစွာ အသုံးဝင်လှသည်။

“ခွဲထွက်ရေး” ဆိုတာသည့် စကားကို ပြောစရာမလိုတော့ဘဲ ရခိုင့် နိုင်ငံရေးစိတ်ဇော၏ အရည်အသွေးကို သမားရိုးကျ အဆင့်ကနေ အပြောမဟုတ်ဘဲ “ အပြ ” လုပ်ရမည့် ကာလဖြစ်ကြောင်းလည်း ပြည်သူတို့က စိတ်အားထက်သန်နေကြခြင်းကို တွေ့မြင်နေရသည်။

ရခိုင်တို့ နှစ်ပေါင်းများစွာက မက်ခဲ့သော အိပ်မက်မှာ တနည်းအားဖြင့် အကောင်အထည်ပေါ်လာပြီးဟု မြေမြင်မှာ တွေ့နေရသည်။ ပြည်သူတို့ အိပ်မက်မှာ လုံ့လထည့်ထားပြီး ခရီးဆက်လျင် မဖြစ်နိုင်လို့ ပြောမရတော့ပါ။ နိုင်ငံရေးအမြော်အမြင်မှာ ဘယ်သူ ဘယ်လောက် မှန်းရဲသည့် သတ္တိကား ကိုယ်ပိုင်ဆိုင်ထားမှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည်။

နိုင်ငံရေး မူဘောင် ကောင်းမွန်ဖို့ လို

အချုပ်အခြာပိုင် နိုင်ငံတခုဖြစ်လာခဲ့လျှင် ပြည်တွင်းထဲ၌ နိုင်ငံရေး၏ ဆိုးမွေ၊ ကောင်းမွေတို့ကို ပြည်သူတို့က မလွဲမသွေ ခံစားကြရမည့် အရာကို နိုင်ငံရေးဟု ခေါ်သည်။ နိုင်ငံရေးဆိုသည်မှာ လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သောလမ်းစဉ်ဖြစ်သည်။ ယင်းကြောင့် လူအချင်းအချင်း ဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့် ဘာသာရေးဆိုင်ရာ လူမှုပတ်ဝန်းကျင် ကိစ္စရပ်များအတွက် နိုင်ငံရေးတွင်မျှတသောသဘောထားရှိရန်အထူးလိုအပ်သည်။

နိုင်ငံရေးကို အမျိုးသားနိုင်ငံရေးနှင့် ပါတီနိုင်ငံရေး ဟူ၍ မှတ်သားကြည့်လျှင် နှစ်ခုစလုံးတွင် ၎င်းတို့၏ နိုင်ငံရေးအမြင်ကို လူထုကြားတွင် ဆော်ဩဖြန့်ဝေခြင်း ၊ တခြားသော နိုင်ငံရေးအကြောင်းအရာများနှင့် ဆွေးနွေးညှိနှိုင်းခြင်း၊ ဥပဒေပြုခြင်း ပဋိပက္ခဖြေရှင်းခြင်း နည်းလမ်းများကို နိုင်ငံ‌ရေးတွင် အသုံးပြုခဲ့ကြသည်။

တချို့ အာဏာပိုင်တို့က နိုင်ငံရေးကို ရိုးရာလူ့အဖွဲ့အစည်းအတွင်းက မျိုးနွယ်စုများနှင့် လူမျိုးနွယ်စုများကဲ့သို့ ကျယ်ပြန့်သော လူမှုအဆင့်အတန်းတစ်ခုအထိမှသည် ယနေ့ခေတ် ‌ဒေသအစိုးရများ အချုပ်အခြာနှင့် နိုင်ငံများအတွက် အခြေခံဥပ‌ဒေများမှ နိုင်ငံတကာအဆင့်အထိ အသုံးပြုသည်။

ယနေ့ခေတ် နိုင်ငံများတွင် လူတို့သည် သူတို့၏အမြင်များကို ဖော်ပြရန် များသောအားဖြင့် နိုင်ငံရေးပါတီများကို တည်ထောင်ကြသည်။ နိုင်ငံရေးစနစ်တစ်ခုသည် လူမှုအဖွဲ့အစည်းတစ်ခုအတွင်း လက်ခံနိုင်သော နိုင်ငံရေးနည်းလမ်းများကို သတ်မှတ်သည့် အခြေခံဘောင်တစ်ခုဖြစ်သည် ။ ယင်းအထဲတွင် ပါတီနိုင်ငံရေးထက် အမျိုးသားရေးနိုင်ငံရေးက တိုင်းပြည်အသစ်တို့ကို မွေးဖွားစေသည်။ အမျိုးသားနိုင်ငံရေးဆိုသည်မှာ ကိုယ့်ပါတီ အာဏာရရေးထက် ကိုယ့်တိုင်းပြည် ကောင်းစားရေးကို အဓိကထားခြင်းသည် အမျိုးသားနိုင်ငံရေးဟု ဖွင့်ဆိုနိုင်သည်။ ယင်းကြောင့် ဖောက်ထွက်လိုသည့် စိတ်ဇောနှင့် နောင်လာမည့် အနာဂတ်အတွက် ကောင်းမွန်သည့် အများသူငါ လက်ခံနိုင်မည့် နိုင်ငံရေး မူဘောင်တခုလည်း အရေးတကြီးလိုအပ်သေးသည်။

ရခိုင်တို့၏ အမျိုးသားရေး နိုင်ငံရေး

လက်ရှိတွင် ရခိုင်လူထုကို ULA/AA က ဦးဆောင်နေသည့်အတွက် အမျိုးသားနိုင်ငံရေးကို တော်လှန်ရေးနှင့် အန်တု နေသည်ကိုတွေ့ရသည်။ ဥပမာအားဖြင့် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံကို ဗိုလ်ချုပ်အောင်ဆန်း စုစည်းခဲ့သည်မှာလည်း အမျိုးသားနိုင်ငံရေးနည်းလမ်းဟု ပြောရပေမည်။ အမျိုးသားနိုင်ငံရေးဆိုသည်မှာ မိမိ၏ ရာထူးအာဏာ အရွေးခံရရေး၊ ထက် သာလွန်နေကြောင်း တွေ့ရသည်။

ပါတီနိုင်ငံရေးသည် နိုင်ငံဖွဲ့စည်းပုံအရ ကြိုက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အာဏာနိုင်ငံရေး ကိုအဓိက ထားပြီး လုပ်ပိုင်ခွင့် အခွင့်အရေးနည်းပါးသည့် အခြေခံဖွဲ့စည်းပုံ အောက်မှသွားရသည့် နည်းလမ်းမှာ မလွတ်မြောက်နိုင်ခြင်းကြောင့် ဆိုရပေမည်။

ပါတီနိုင်ငံရေးမှာ မိမိတို့ပါတီ ရွေးကောက်ပွဲအနိုင်ရဖို့ရှေးရှုပြီး အဓိကထားဆောင်ရွက်ခြင်းများသည်။ သို့သော် ပါတီနိုင်ငံရေးကို ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘာသာရေးခေါင်းဆောင်များ လုပ်လို့မရနိုင်ပါ။ ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများမှာ ပါတီနိုင်ငံရေး၌ ပါတီဝင်၊ အသင်းဝင်ဖြစ်၍မရပေ။ တည်ဆဲအစိုးရ၏သစ္စာခံအဖြစ် ဆက်သွားရသည်။ အမျိုးသားနိုင်ငံရေးမှာ ဌာနဆိုင်ရာဝန်ထမ်းများလည်း အမျိုးသားရေး အသိစိတ်ဖြင့် ပါဝင် ပတ်သက်၍ ရသည်ကို ဆိုလိုသည်။

ယင်းကြောင့် အမျိုးသားနိုင်ငံရေး ဆိုသည်မှာ နိုင်ငံတည်ဆောက်သူများ၏ နိုင်ငံရေး ဖြစ်ပြီး၊ ပါတီနိုင်ငံရေးကတော့ အာဏာနိုင်ငံရေး၊ အကျိုးစီးပွားကို အရင်းတည်ထားသည့် နိုင်ငံရေးလို့ ဆိုနိုင်သည်။

ယင်းကြောင့် လက်ရှိတွင် တော်လှန်ရေးလမ်းစဉ်နှင့် ဆက်စပ်နေသည့် အမျိုးသားနိုင်ငံရေးကို ရခိုင်အရေးအကျင်းတွင် မြင်နေရသည်။ ဆိုလိုသည်မှာ AA လမ်းခင်းပေးသည့် ရက္ခိတလမ်းစဉ်ကို ရခိုင်လူထုတို့က အားတက်သရော ပူးပေါင်းလိုက်ပါနေကြခြင်းပင်။

လက်ရှိတွင် ရခိုင့် အင်အားကြီး ထိပ်ပိုင်းခေါင်းဆောင်တို့ကပင် ULA/ AA နှင့် ပူးပေါင်းနေခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးတည်ရပ်ချက်၊ ခံယူချက်တို့ကြောင့် ဖြစ်သည်ဟု ဆိုရမည်။ တချို့က ပါတီခေါင်းဆောင်တို့မှာ သာရာဘက်ကူးသည့် သာကူးဟု စွပ်စွဲကြသည်။ သို့သော်လည်း ယင်းအချက်မှာ အားလုံးမမှန်ကန်ပေ။ အမျိုးသားရေး နိုင်ငံရေးကို တစိုက်မတ်မတ်အားထုတ်ခဲ့ကြသည့် ရပ်တည်ချက်မပြောင်လဲသည့် ရခိုင့်နိုင်ငံရေး သမားတို့ပါဝင်သွားခြင်းဖြစ်သည်။ ယင်းကြောင့် ထိုအချက်မှာ AA ခင်းကျင်းသည့် အမျိုးသားနိုင်ငံရေးကို သွားရောက်ပူးပေါင်းခြင်းဟု သဘောပေါက်နိုင်သည်။

AA မှာလည်း တော်လှန်ရေးကို အမျိုးသားနိုင်ငံရေးနှင့် ချိတ်ဆက်ကာ ရခိုင့်အချုပ်အခြားအာဏာ ပြန်လည် တည်ဆောက်ရေးကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ၂၀၂၂ နှစ်သစ်ကူးမိန့်ခွန်းတွင် AA ဒု စစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်က အာရက္ခပြည် ပြန်လည်ထူထောင်ရေး ပြည်တွင်း၊ ပြည်ပ ရခိုင် အသိပညာရှင်၊ အတတ်ပညာတို့ကို ULA က ဖိတ်ခေါ်ထားသည်ကို သတိပြုရမည်။

ရခိုင်ပြည် သို့မဟုတ် အမှီအခိုကင်းသည့် ဒေသသစ် တခု တည်ဆောက်ရေးမှာ တစ်ဦးတယောက်တည်း အဖွဲ့အစည်းတခုတည်းဖြင့် တည်ဆောက်၍ မရနိုင်ပေ။ ယင်းကြောင့် အချုပ်အခြာပိုင် အာဏာ တည်ဆောက်ရေးမှာ လွယ်ကူသော လုပ်ငန်းစဉ်တော့ မဟုတ်ပေ။ တဆင့်ချင်းစီကို စနစ်တကျ ပလန်ချကာ ကြိုတင်ပြင်ဆင်မှုတို့နှင့် ခရီးရှည်မောင်းနှင် ရမည့်လမ်းစဉ်လည်းဖြစ်သည်။

သတိထားရမည့် တရားစီရင်ရေး

တိုင်းပြည်တည်ဆောက်ရေးတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာတို့မှာ မလွဲမသွေ အရေးကြီးသည့် ကဏ္ဍတွင် ပါဝင်လာသည်။ ပြစ်မှုဆိုင်ရာကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှုနှင့် သက်ဆိုင်ရာ ဥပဒေသများကို ကျေညက်စွာ နားလည်မှုတို့ပေါ်တွင် မူတည်သည်။ တရားရေးတွင် ရှုံးသူဘက်က မကျေနပ်ကြပေ။ ယင်းအချက်ကို လက်ခံနိုင်သည် သို့သော်လည်း လက်ရှိ AA လက်အောက်ခံ ULA ၏ တရားရေးဌာနမှ တာဝန်ရှိသူတို့မှာ တာဝန်ပေးထားခြင်းအပါ် ရာထူးကို အလွဲသုံးစားပြုလုပ်ပြီး အာဏာစက်ဖြင့် ဖြေရှင်းမှုတချို့ကိုလည်း တွေ့မြင်ကြားသိနေရသည်။

ထို့အပြင် ရခိုင်မဟုတ်သော လူမျိုးစုတို့အကြား ထိလွယ်ချလွယ်ဖြစ်မည့် ကိစ္စရပ်များတွင် အောက်ခြေဝန်ထမ်းတချိုက တာဝန်ကို အလွဲသုံးစားလုပ်နေမှုတို့ ခပ်စိပ်စိပ်ရှိလာသည်။ ယင်းအထဲတွင် အထူး သတိထားရမည့် အချက်များပါဝင်နေသည်။ ထို့ကြောင့် ယခင်က AA ၏ အမျိုးသား ရေးလမ်းစဉ်ကို အင်တိုက်အားတိုက် လိုက်ပါကူညီပေးနေသည့် ပုဂ္ဂိုလ်တချို့တောင် လက်ရှိတွင် စိတ်ပျက်စရာစကားပြောဆိုလာနေကြသည်။

ယင်းမှာ တည်ဆောက်ရေး ကာလကို အဟန့်အထားဖြစ်စေသည်။ AA ထိပ်ပိုင်းခေါင်းဆောင်တို့၏ အမြော် အမြင်ကြီးမြတ်မှုနှင့် ကောင်းမွန်သည့် လုပ်ငန်းဆောင်ရွက်ချက်တို့ကို ယုံကြည်မှုနည်းသွားအောင်အထိ သက်ရောက်မှုရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်လာမည်ဟု တွက်ဆထားသည့် ရခိုင်တွင် အဓိက အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာသုံးရပ်ကို သမာသမတ်ကျကျနှင့် ကိုင်တွယ်တတ်ရမည် ဖြစ်သည်။

အချုပ်အခြာအာဏာ မရှိခဲ့လျှင်

ယခင်က မြန်မာနိုင်ငံသည်လည်း ဗြိတိသျှအင် အင်ပါယာထဲသို့ သွတ်သွင်းခံခဲ့ရသည်။ ယင်းအင်ပါယာကနေ လက်အောက်ခံနိုင်ငံများထံမှ သယံဇာတ စီးပွား ရေးအကျိုးအမြတ်နှင့် ကြွယ်ဝချမ်းသာမှုတို့ကိုပါ ရယူခံစားခဲ့ကြသည်။ ၎င်းတို့ အကျိုးစီးပွားအတွက် နိုင်ငံနယ်နိမိတ်တို့ကို ခွဲစပ်ကာ လိုသလိုပြုလုပ်ခဲ့ကြသည်ကို ရခိုင်တို့လည်း အသိဆုံးပင်ဖြစ်ပေမည်။

ရခိုင်လူမျိုးတို့သည် လွတ်လပ်သည့် နိုင်ငံမှ တဆင့် ဗမာအင်ပါယာ၊ အင်္ဂလိပ်အင်ပါယာ၊ ဂျပန်လက်အောက်မှ တဆင့်ထပ်မံ၍ ဗမာအင်အားစု ကြီးစိုးခြယ်ထားသည့် ပြည်ထောင်စုဆိုသည့် အာဏာရှင် အုပ်ချုပ်မှုအောက်တွင် ဆိုးမွေများစွာကို ခါးသီးစွာ ဖြတ်သန်းလာခဲ့ပြီးဖြစ်သည်။ ယင်းအပြင် ဘာသာစကား စာပေနှင့် ယဉ်ကျေးမှုတို့ကို ဗမာလူမျိုးဝါဒအဖြစ် လက်အောက်ခံပြည်နယ်များအား ဖြန့်ချိပေးနေကြသည်မှာ ယနေ့ထိတွေ့နေရဆဲပင်။ ယင်အချက်တို့မှာ အချုပ်အခြာအာဏာ ဆုံရှုံးခြင်း၏ အကျိုးဆက်ပင်ဖြစ်ပေလိမ့်မည်။

အကြောင်းအမျိုးမျိုးကြောင့် လွတ်လပ်ရေးမပေးမဖြစ် ပေးရမည့် အချိန်တွင်လည်း လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြကာ နိုင်ငံနယ်နိမိတ်တို့ကို ပြင်ဆင်ခြင်း၊ ခွဲစိပ်ခြင်း၊ နည်းအမျိုးမျိုးဖြင့် အင်အား လျော့နည်းသွားအောင်လည်း ပြုလုပ်လာအုံးမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအသီးသီးက အမျိုးသားအကျိုးစီးပွားကိုသာ ဦးတည်ဖော်ဆောင်ကြခြင်းဖြစ်သည်။ နိုင်ငံတကာ ဆက်ဆံရေးတွင်လည်း ပြည်တွင်းအင်အား တောင့်တင်းနေမှ အရာဝင်မည်။ ယင်းမှာလည်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးတို့တွင် ခိုင်မာသည့် မူဝါဒများ ချမှတ်ထားနိုင်မှ အဆင်ပြေမည်ဖြစ်သည်။

ယင်းကြောင့် လက်ရှိတွင် ရက္ခိုင်နိုင်ငံတော်အတွက် ရခိုင်များမှာ အိပ်မက်လည်း ရှိထားပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်စွမ်းကိုလည်း အတိုင်းအတာတခုထိ တွေ့နေရသည်။ ယင်းမှတခါ ရခိုင်ပြည်သည် ပထဝီနိုင်ငံရေးအရ ပထဝီစီးပွားရေး၊ ပင်လယ်ထွက်ပေါက်တို့ကို ပိုင်ဆိုင်ထားသည့်အတွက် အလားအလာကောင်းသည်ဟု ဆိုနိုင်သည်။

ထိုအချက်တို့ကြောင့် ဗမာအာဏာရှင်တို့ဆီမှ လွတ်လပ်ခွင့်တောင်းဆိုမလား။ မိမိတို့၏ အုပ်ချုပ်ရေး စည်းလုံးမှုနှင့် ကိုယ့်ဘာသာကိုယ်ခွဲထွက်လားဆိုသည်ကို အာဏာမက် လက်နက်ဝါဒီတို့ကို စုစည်းမှုဖြင့် တွန်းလှန်ရန် အကောင်းဆုံး အချိန်ဆုံးကာလလည်း ဖြစ်နေသည်။

အချုပ်အားဖြင့် ယခုကဲ့သို့ တိုင်းပြည်တည်ဆောက်ဆဲ ကာလတွင် ဒေသနေပြည်သူတို့အား တရားမျှတမှု၊ စာနာထောက်ထားမှုတို့ မပေးနိုင်လျှင် ယခင်ကကဲ့သို့ စည်းလုံးညီညွတ်မှု ပြိုကွဲကာ သူတလို ငါတမင်းအဖြစ်ဖြင့် အခြားပြိုင်ဘက် အဖွဲ့အစည်းများ၏ ခြယ်လှယ်စွက်ဖက်မှု တို့ ခံရမည်ဖြစ်ကြောင်း ရေးသားလိုက်ရသည်။

Western News-WN

မောင်ကျော်သောင်းရေးသည်

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular