Western News
Homeသုံးသပ်ချက်မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို

မြောက်ဦးခရီးသွားလုပ်ငန်း အသက် ဆက်လက်ရှင်သက်ဖို့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းဖို့လို

Western News| အောက်တိုဘာ ၃

ယခု ၂၀၂၃-၂၀၂၄ ခရီးသွားရာသီအတွင်း ရှေးဟောင်းမြောက်ဦးမြို့သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ ဝင်ရောက်လာရေးကို ဟိုတယ်များ၊ ဧည့်လမ်းညွှန်များနှင့် ဒေသခံပြည်သူများက မျှော်မှန်းနေကြသည်။

လက်ရှိတွင် မြောက်ဦးရှေးဟောင်းယာဉ်ကျေးမှုဒေသသည် လက်နက်ကိုင်ပဋိပက္ခများမရှိဘဲ တည်ငြိမ်အေးချမ်းနေသည့်အတွက် လုံခြုံစွာလည်ပတ်သွားလာနိုင်ပြီး ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်များကို ဒေသခံပြည်သူများက ဖိတ်ခေါ်နေကြသည်။

မြောက်ဦးဒေသခံ ဧည့်လမ်းညွှန်တစ်ဦးက “အခု ခရီးသွားရောက်သီ အစပျိုးပြီဆိုတော့ မြောက်ဦးကို လာရောက်လည်ပတ်ကြဖို့ တိုက်တွန်းပါတယ်။ အရင်က ပဋိပက္ခတွေကြောင့် ခရီးသွားတွေ မရောက်တာ တော်တော်ကြာပါပြီ။ အခုတော့ လက်နက်ကိုင်ပဋိပက္ခလည်းမရှိ၊ လူမျိုးရေးပဋိပက္ခတွေလည်းမရှိတော့ ပြည်တွင်းပြည်ပက ခရီးသွားတွေ လာရောက်ဖို့ မျှော်မှန်းပါတယ်။ ဒေသလည်း တည်ငြိမ်နေတဲ့အတွက် လုံခြုံစွာသွားလာနိုင်တာကြောင့် ပြည်တွင်းပြည်ပက ခရီးသွားဧည့်သည်တွေကို ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများရှိသည်ဟု သတင်းစကားနှင့် လက်နက်ကိုင်ပဋိက္ခဖြစ်ပွားရာနေရာဟု သတ်မှတ်ချက်တို့ကြောင့် ၂၀၁၂ ခုနှစ်မှ စတင်ကာ မြောက်ဦးကို ခရီးသွားများ ပုံမှန် မဝင်ရောက်ခဲ့သည်မှာ ပြီးခဲ့သည့် ခရီးသွားရာသီအထိ ဖြစ်သည်။

သို့သော်လည်း လက်ရှိတွင် သတင်းစကားများသည် မဟုတ်မှန်တော့ဘဲ မြောက်ဦး၏ ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝရှုခင်းအလှတရားများကို လွတ်လပ်စွာခံကြရန် ဖိတ်ခေါ်နေကြခြင်းဖြစ်သည်။

မြောက်ဦးဟိုတယ် မန်နေဂျာ ကိုကျော်ဝင်းတင်က “မြောက်ဦးကို ခရီးသွားဝင်ရောက်လာဖို့ဆိုရင် ဒေသ တည်ငြိမ်အေးချမ်းဖို့ အဓိက လိုပါတယ်။ ကျနော်တို့ကတော့ ပြည်တွင်းပြည်ပက ခရီးသွားတွေကို မျှော်နေပါတယ်။ အခု မြောက်ဦးဟိုတယ်လည်း ဖွင့်ပါပြီ။ အခုတော့ ကျနော်တို့က ခရီးသွားအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ချိတ်ဆက်နေပါတယ်။ ဟိုတယ်တွေဘက်ကလည်း လျှော့ဈေးတွေတွေ လုပ်ပေးထားပါတယ်။ အခုလောလောဆယ်မှာ ဒေသ တည်ငြိမ်နေတော့ ခရီးသွားတွေ ဝင်လာဖို့ မျှော်လင့်ရတာပါပဲ” ဟု ပြောသည်။

ရှေးဟောင်းမြောက်ဦးမြို့ကို ခရီးသွားလာရောက်နိုင်သည့် လမ်းကြောင်းမှာ ကုန်လမ်းကြောင်းနှင့် စစ်တွေမှတစ်ဆင့် ရေလမ်း၊ ကုန်းလမ်းတို့မှ လာရောက်နိုင်ကြောင်း သိရသည်။

မြောက်ဦးမြို့ကို လေယာဉ်ဖြင့် သွားလာနိုင်ရန် လေယာဉ်ကွင်းပြုလုပ်ပေးပါက ရှေးဟောင်းမြောက်ဦးမြို့၏ ခရီးသွားလုပ်ငန်းမှာ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မြောက်ဦးဟိုတယ်မန်နေဂျာ ကိုကျော်ဝင်းတင်က ဆိုသည်။

မြောက်ဦးမြို့ကို လေယာဉ်ပြေးဆွဲနိုင်ရန် မြို့နှင့်မဝေးလှသည့် နန်းကျကျေးရွာအနီးတွင် ရခိုင်ပြည်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက်က ပြုလုပ်ခဲ့သော်လည်း ဖြစ်မြောက်အောင် အကောင်အထည်မဖော်ခဲ့ခြင်းကြောင့် မြောက်ဦးလေယာဉ်ကွင်းမှာ ယနေ့အချိန်ထိ မဖြစ်ပေါ်လာသေးပေ။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ခရီးသွားရာသီအတွင်း မြောက်ဦးမြို့သို့ ခရီးသွားဝင်ရောက်မှုမှာ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွား ၄၁၀၅ ဦးနှင့် ပြည်ပခရီးသွား ၃၆၃ ဦးသာ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနက သိရသည်။

ရခိုင်ပြည်နယ်ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ ညွှန်မှူး ဦးနေမျိုးထွန်းက ” ဒီနှစ်မှာ စစ်ရေးပဋိပက္ခ တည်ငြိမ်နေတာကြောင့် ခရီးလားဝင်ရောက်မှု ပိုတိုးမယ်လို့ ခန့်မှန်းရပါတယ်” ဟု ပြောသည်။

သို့သော်လည်း စစ်ကောင်စီက မြန်မာနိုင်ငံအတွင်း ခရီးသွားသည့်သင့်နေရာများကို စက်တင်ဘာလအတွင်းက ထုတ်ပြန်ရာမှာ ရှေးဟောင်းမြောက်ဦးမြို့ကို ချန်လှပ်ထားခဲ့ပြီး ရခိုင်ပြည်အတွင်းက ငပလီကမ်းခြေ၊ မာန်အောင်ကမ်းခြေနှင့် ကျောက်ဖြူကမ်းခြေတို့သာ ဖော်ပြခဲ့သည်။

စစ်ကောင်စီမှ မြောက်ဦးမြို့ကို ချန်လှပ်ထားခြင်းမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။

ဒေသခံတစ်ဦးက “အခု ဒေသ တည်ငြိမ်နေတာပဲ။ ဘာဖြစ်လို့ မြောက်ဦးမြို့ကို ခရီးမသွားသင့်ဘူးလို့ ပြောတာလဲ။ စစ်ပွဲတွေရှိနေရင်တော့ တစ်မျိုးပေါ့။ အခုက တိုက်ပွဲတွေလည်းမရှိ၊ ဘာဆိုဘာမှ ပြဿနာတစ်စုံတစ်ရာမရှိဘဲနဲ့ မြောက်ဦးကို မသွားသင့်ဘူးလို့ ပြောတာဟာ ရည်ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲ။ မြောက်ဦးမြို့က လယ်ယာလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်းကိုပဲ အဓိက အားထားနေရတာ။ ခရီးသွားတွေ မရောက်လို့ မြို့ခံတွေမှာ စီးပွားရေး ဘယ်လောက် ထိခိုက်နေသလဲဆိုတာ စဉ်းစားပေးဖို့လိုပါတယ်” ဟု ပြောသည်။

ယင်းအပြင် မြောက်ဦးမြို့ကို ခရီးသွားများပိုမိုဝင်ရောက်လာနိုင်ရေးအတွက် ကုန်လမ်းမှာရှိသည့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို လျှော့ချပစ်ရန်လိုအပ်ပြီး တင်းတင်းကျပ်ကျပ် မစစ်ဆေးရန်လိုအပ်ကြောင်း ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ဒေသခံ ဒေါ်ခင်သန်းက ပြောသည်။

“မြောက်ဦးကို ရန်ကုန်ကနေ ဟိုက်ဝေးကားလမ်းမကြီးအတိုင်း လာလို့ရတယ်။ နောက် ရန်ကုန်ကနေ စစ်တွေကို လေယာဉ်စီးပြီး စစ်တွေကတစ်ဆင့် ကားလမ်းကဖြစ်ဖြစ်၊ ရေလမ်းကဖြစ်ဖြစ် လာလို့ရတယ်။ အဲဒီ ကုန်လမ်းတွေမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို လျှော့ချပစ်ဖို့ လိုပါတယ်။ တင်းတင်းကျပ်ကျပ် မစစ်ဆေးဖို့ လိုအပ်ပါတယ်။ အခုက မြောက်ဦးမြို့ရောက်ဖို့ဆိုရင် ရန်ကုန်ကနေ ဟိုက်ဝေးလမ်းမကြီးအတိုင်း လာရင် ဂိတ်ပေါင်း ၂၀ လောက်ကို ဖြတ်ရတယ်။ စစ်တွေက လာမယ်ဆိုရင်လည်း ဂိတ်ပေါင်း ၁၀ ကျော်ကို ဖြတ်နေရတယ်။ ဒီဂိတ်တွေက မြောက်ဦးကို ခရီးသွားဝင်ရောက်ဖို့ အဟန့်အတားဖြစ်စေတယ်။ စိုးရိမ်မှုတွေ၊ မလုံခြုံမှုလို့ စဉ်းစားနေရရင် မြောက်ဦးမြို့ကို လာရောက်ကြမှာ မဟုတ်ဘူး”ဟု ပြောသည်။

မြောက်ဦးမြို့ကို ခရီးသွားများများ ဝင်ရောက်မှ ဒေသခံပြည်သူများ၏ စားသောက်ဆိုင်လုပ်ငန်း၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်ဈေးသည်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဧည့်လမ်းညွှန်လုပ်ကိုင်သူများ အားလုံး စီးပွားရေးအဆင်ပြေပြီး စားဝတ်နေရေးအဆင်ပြေကြမည်ဟု ဒေါ်ခင်သန်းက ဆိုသည်။

တစ်ဖက်မှာလည်း မြောက်ဦးမြို့ကို ခရီးသွားဧည့်သည်များ ဝင်ရောက်လာနိုင်ရေးအတွက် ဒေသတည်ငြိမ်အေးချမ်းနေရုံဖြင့် မပြီးဘဲ မြောက်ဦးမြို့ သန့်ရှင်းသာယာရေးမှာလည်း အလွန်အရေးကြီး၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်သင့်ကြောင်း မြို့ခံများကို ဒေါ်ခင်သန်းက တိုက်တွန်းထားသည်။

ရခိုင်ပြည်အတွင်း ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် မြောက်ဦးမြို့ခရီးသွားလုပ်ငန်းမှာ အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး ၂၀၁၅ အထိ နလန်မထူးနိုင်ခဲ့ပေ။

၂၀၁၆ ခုနှစ်တွင် ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ရောက်ရှိလာပြီးနောက်ပိုင်း မြောက်ဦးခရီးသွားလုပ်ငန်း ပြန်လည်ဦးမောလာသော်လည်း ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရခိုင်ပြည်အတွင်း စတင်ကြီးထွားလာသည့် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ လက်နက်ကိုင်ပဋိပက္ခကြောင့် ယနေ့အချိန်အထိ နလန်မထူနိုင်သေးဘဲ မြောက်ဦးကို ခရီးသွားဝင်ရောက်မှု ရပ်လုပ်နီးဆဲဖြစ်နေသည်။

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာထောက်ထားမှုအရ ယာယီအပစ်အခတ်ရပ်စဲထားသည်မှာ ယနေ့အချိန်အထိ ဖြစ်ပြီး ရခိုင်ပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခမှာ ငြိမ်သက်နေသည်။

ရက္ခိုင့်တပ်တော် ပြောခွင့်ရ ဦးခိုင်သုခကလည်း လူသားချင်းစာနာမှုအပစ်အခတ်ရပ်စဲရေးက ဆက်လက်ရှိနေသေး၍ မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမည် မဟုတ်ကြောင်း Western News ကို ပြောဆိုထားသည်။

၂၀၁၈ ခုနှစ်က စတင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ရခိုင်ပြည်အတွင်း ခရီးသွားဝင်ရောက်မှုမှာ ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ယခုနှစ် ၂၀၂၃ ခရီးသွားရာသီမှာ မြောက်ဦးဒေသအပါအဝင် ရခိုင်ပြည်အတွင်းက ခရီးသွားဒေသများ ပြန်လည်ဦးမောလာမည်ကို မျှော်လင့်နေကြခြင်းဖြစ်သည်။

ခရီးသွားဝင်ရောက်မှု အလွန်းနည်းပါးသွားခြင်းနှင့် အထူးသဖြင့် နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မရှိ၍ မြောက်ဦးမြို့မှာ မင်းသမီးဟိုတယ်၊ Prince ဟိုတယ်နှင့် ဝေသာလီဟိုတယ်တို့မှာ လက်ရှိအချိန်အထိ ပိတ်ထားရသည်။

ဆက်လက်ပြီး တည်းခိုခန်းအချို့နှင့် စားသောက်ဆိုင်များမှာလည်း ပိတ်ထားရပြီး ဒေသခံများ၏ စီးပွားရေးကို လွန်စွာထိခိုက်နေသည့်အတွက် ယခု ခရီးသွားရာသီတွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာရေးကို မြောက်ဦးဒေသခံများက တောင်းဆိုနေကြသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ၇ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ၆ သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာတစ်ဝန်းပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများသည် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယားများအရ ခရီးသွားကဏ္ဍမှ အလုပ်အကိုင်ဖန်တီးမှုသည် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံနှင့် ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံထိ ကျဆင်းသွားခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular