Western News
Homeသတင်းစစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

စစ်ထဲဆွဲခေါ်ခံရသည့် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ နှိပ်စက်ခံရပြီးသေဆုံး

စစ်မှုထမ်းဥပဒေကြောင့် စစ်ထဲ အတင်းဆွဲခေါ်ခံရသည့် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ မီးလောင်စခန်းကျေးရွာမှ အစ္စလမ်ဘာသာဝင် မွတ်ဆလင်တစ်ဦး ဝက်သားမစား၍ဟုဆိုကာ စစ်ကောင်စီတပ်သားများမှ ဝိုင်းဝန်းနှိပ်စက်ကြပြီး သေဆုံးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

အမာနွတ်လာ မှာ စစ်မှုထမ်းရန် မဲပေါက်၍ စစ်ကောင်စီတပ်သားများမှ မတ်လ ၂၉ ရက်နေ့က လာရောက်ခေါ်ယူသွားပြီး စစ်သင်တန်းတက်ရောက်နေချိန် ထမင်းစားရာ၌ ဝက်သားကို ရိုက်နှိက်ကာ စားခိုင်းခဲ့သည်ဟု ဆိုသည်။ 

အမာနွတ်လာမှာ ပါးစပ်က သွေးထွက်အောင်အထိ စစ်ကောင်စီတပ်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကို ခံရ၍ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေသွားရသည်ဟု ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

” စစ်ကောင်စီ ခေါ်သွားတုန်းက အကောင်းကြီးပါ။ သူ့မှာ ဘာရောဂါမှ မရှိပါဘူး။ ကျန်းကျန်းမာမာနဲ့ လိုက်သွားတာပါ။ ဆေးရုံတက်ချိန်ကလည်း အဆက်အသွယ်ရပါသေးတယ်။ ညနေပိုင်းမှာ ဆုံးသွားပြီလို့ စစ်တပ်က အကြောင်းပြန်လာတယ်။ အလောင်းလာထုတ်လို့ အကြောင်းကြားလာတယ်။ အမာနွတ်လာနဲ့ စကားပြောခဲ့ရတုန်းက သူ့ကို စစ်ကောင်စီတပ်သားတွေဟာ ဝက်ဟင်းနဲ့ ထမင်းအစားခိုင်းတယ်။ မစားရင် ဝိုင်းရိုက်ကြတယ်လို့ ပြောတယ်။ သေသွားတာတောင် ပါးစပ်က သွေးထွက်နေတုန်းပဲ။ တော်တော်လေး ရက်စက်လိုက်ကြတာ။ ” ဟု ပြောသည်။ 

အမာနွတ်လာမှာ အသက် ၃၀ အရွယ်ရှိပြီး သေဆုံးချိန်တွင် ဇနီးတစ်ဦး၊ လေးနှစ်အရွယ် သားတစ်ဦးနှင့် သုံးလသားအရွယ် သားတစ်ဦး ကျန်ရှိခဲ့ကြောင်းနှင့် ကျပန်းအလုပ်လုပ်ကာ မိသားစုအား ရိုးရိုးသားသား ရှာကျွေးနေသူတစ်ဦးလည်း ဖြစ်သည်။

အမာနွတ်လာ မသေဆုံးခင်အချိန် နှစ်ရက်ကစ၍ ထမင်းမစားခဲ့ရကြောင်းနှင့် မိသားစုဝင်များအား ဆေးရုံးလာရောက်ရန် အကြောင်းကြားခဲ့စဉ်က ထမင်းချိုင့်ယူလာရန် တောင်းဆိုခဲ့ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။ 

” သူ့ဦးလေးနဲ့ အဆက်အသွယ်ရတုန်းက ဆေးရုံကိုလာရင် ထမင်းချိုင့်ပါယူလာပေးဖို့၊ ထမင်းမစားရတာ နှစ်ရက်ရှိပြီလို့ ပြောတယ်။ ဦးလေးကလည်း ဆေးရုံကို လာရောက်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားက စစ်စည်းကမ်းအရဟုဆိုကာ ပေးမတွေ့ခဲ့ကြောင်း ပြောတယ်။ နောက်တစ်နေ့ကျတော့ သေသွားပြီ အလောင်းပြန်လာယူတော့လို့ပြောတယ်။ တော်တော်လေး ရင်ကွဲစရာ ကောင်းပါတယ်။ ” ဟု ပြောသည်။ 

အမာနွတ်လာ၏ ရုပ်အလောင်းကို မိသားစုက ပြန်လည်လက်ခံရရှိချိန်တွင် ခန္ဓာကိုယ်၌ ရိုက်နှက်ဒဏ်ရာ အများအပြားကို မြင်တွေ့ရကြောင်း နာရေးကူညီသူများထံမှ သိရသည်။ 

စစ်မှုထမ်းဥပဒေကို စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အတည်ပြုပြဌာန်းခဲ့သော်လည်း ဧပြီလအတွင်း သင်္ကြန်ပြီးမှ အပစ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့် ခေါ်ယူမည်ဟု ပြေဆိုခဲ့ပြီး သို့သော် လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကတစ်ဆင့် စစ်သားသစ် အလျင်အမြန်စုဆောင်းလျှက်ရှိနေသည်။ 

စစ်ကောင်စီက အတင်းအကျပ်လုပ်ဆောင်နေ၍ စစ်မှုထမ်းရန် အကျုံးဝင်ကြသည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ မြန်မာလူငယ်အများစုမှာ တော်လှန်ရေးတပ်ဖွဲ့များနှင့် အိမ်နီးချင်းနိုင်ငံများအပါအဝင် အနောက်နိုင်ငံများသို့ တရားဝင်ဖြင့်သော်လည်းကောင်း၊ တရားမဝင်ဖြင့်သော်လည်းကောင်း သွားရောက်လျှက်ရှိနေကြသည်။ 

စစ်ကောင်စီသည် နိုင်ငံအနှံ့က စစ်မျက်နှာတွင် စစ်တပ်လူအင်အား များစွာဆုံးရှုံးနေ၍ အင်အားပြန်လည်ဖြည့်တင်းနိုင်ရန် ပြည်ပကျူးကျော်စစ်ကိုသာ ဆောင်ရွက်နိုင်မည့် စစ်မှုထမ်းဥပဒေကို မတရားပြဌာန်းကာ ‌တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အား ပြန်တိုက်ခိုက်ရန် ကြံစည်ဆောင်ရွက်နေခြင်းဖြစ်သည်။ 

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular