Western News
Homeသတင်းစစ်ကောင်စီပစ်ခတ်၍ ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

စစ်ကောင်စီပစ်ခတ်၍ ရခိုင်မှာ နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

အာဏာသိမ်း စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်သုံးခုတွင် နှစ်ရက်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး ၁၇ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။ 

ယမန်နေ့ ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲချ၍ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သလို စစ်တွေမြို့မှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့်လည်း ပေါက်တောမြို့နယ် မော်ထုတ်ကြီးကျေးရွာမှ အရပ်သား ၉ ဦးဒဏ်ရာ ရရှိခဲ့သည်။ 

ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက် ၄ နာရီခန့်က မင်းပြားမြို့နယ် မြစ်နားကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲချ၍ အရပ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ဿည်။ 

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က သေဆုံးသွားသော အရပ်သား ၃ ဦးမှာ အသက် ၆၄ နှစ်အရွယ် ဦးထွန်းကြည်၊ အသက် ၄၁ နှစ်အရွယ် ဦးမြင့်ရွှီနှင့် အသက် ၂၁ အရွယ် ကိုစည်သူမျိုးအောင်တို့ဖြစ်ကြသည်။ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသူများ၏ အသက်နှင့်အမည်ကို စုံစမ်းနေဆဲဖြစ်သည်။

စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းက လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မော်ထုတ်ကြီးကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။ 

၎င်းတို့မှာ အသက် ၆၃ နှစ်အရွယ် ဒေါ်ကင်ယုံမေ၊ အသက် ၆၂ နှစ်အရွယ် ဦးမဲခေါက်၊ အသက် ၄၇ နှစ်အရွယ် ဦးကျော်နုဖြူ၊ အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်ချေဝင်း၊ အသက် ၃၁ နှစ်အရွယ် ဒေါ်စန္ဒာဝင်းနှင့် အသက် ၂၃ နှစ်အရွယ် ကိုဇော်မင်းနိုင်တို့ ဖြစ်ကြသည်။ 

မင်းပြားမြို့နယ် မြစ်နားကျေးရွာမှ သေဆုံးသူများမှာ အသက် ၄၈ နှစ်အရွယ် ဒေါ်ဦးကြည်အေး၊ အသက် ၂၈ နှစ်အရွယ် မဆွေဆွေထွန်း၊ အသက် ၂၃ နှစ်အရွယ် မသိန်းဦးစိုးတို့ဖြစ်သည်။ 

ထိခိုက်ဒဏ်ရာရရှိသူများမှာ အသက် ၅၈ နှစ်အရွယ် ဦးကျော်လှဦး၊ အသက် ၅၄ နှစ်အရွယ် ဒေါ်လှသိန်းခိုင်၊ အသက် ၅၀ အရွယ် ဦးမောင်အောင်မြင့်၊ အသက် ၄၆ နှစ်အရွယ် ဦးလှမောင်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်လှသိန်းကြည်၊ အသက် ၂၄ နှစ်အရွယ် မသန်းသန်းဆွေ၊ အသက် ၁၇ နှစ်အရွယ် မလှလှစောနှင့် အသက် ၂ နှစ်အရွယ် မောင်အောင်မျိုးခိုင်တို့ဖြစ်သည်။ 

ယနေ့ မင်းပြားဖြစ်စဉ်ကို ဒေသခံတစ်ဦးက ” နံနက် ၄ နာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးထက်မနည်း လာကြဲချခဲ့တာပါ။ ဘာတိုက်ပွဲမှလည်း ရှိတာမဟုတ်ဘူး။ သေဆုံးတဲ့ ၃ ယောက်ထဲက နှစ်ယောက်ဆိုရင် အလောင်းကို ကောက်လို့တောင် မရဘူး။ အမှုန့်ကြွေသွားသလို အရမ်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာ။ ထိခိုက်တဲ့သူတွေထဲမှာလည်း အသက် ၂ နှစ်ပဲရှိသေးတဲ့ ကလေးလေးတစ်ယောက်ပါတယ်။ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက တော်တော်လေးကို ရက်စက်တာ။ ” ဟု ပြောသည်။ 

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့၊ ရွာများကို နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးလာကြဲခြင်းကို ရည်ရွယ်ချက်ချက်ရှိ ကျူးလွန်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

ရက္ခိုင့်တပ်တော် AA ကလည်း စစ်ကောင်စီသည် ယုတ်မာကောက်ကျစ်စွာဖြင့် အရပ်သားပြည်သူလူထုအပေါ် ဦးတည်တိုက်ခိုက်နေကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အမြန်ဆုံးအရေးယူ တားဆီးပေးရန် တောင်းဆိုထားသည်။ 

လက်ရှိ ရခိုင်ပြည်တွင် ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့၌ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားကားများကို အသုံးပြု၍ စစ်လက်နက်ခဲယမ်းများသယ်ယူနေသည့်အတွက် အမ်း-ပဒါန်းကားလမ်းမကို AA က ယမန်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်းသိရသည်။ 

စစ်ကောင်စီက ပစ်ခတ်၍ ထိခိုက်ဒဏ်ရာရရှိသွားကြသော အပြစ်မဲ့ရခိုင်ပြည်သူများ။ (ဓါတ်ပုံ – APM)
RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular