Western News
Homeနိုင်ငံရေးဖျာပုံအကျဉ်းထောင် ဥပဒေမဲ့ရိုက်နှက်မှု နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာရ

ဖျာပုံအကျဉ်းထောင် ဥပဒေမဲ့ရိုက်နှက်မှု နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာရ

ဧရာဝတီတိုင်း ဖျာပုံအကျဉ်းထောင်တွင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား ပဋိပက္ခဖြစ်ပွားပြီးနောက် အကျဉ်းသားများကိုခေါ်ယူကာ ဥပဒေမဲ့ရိုက်နှက်နေ၍ နိုင်ငံရေးအကျဉ်းသား ၂၀ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောသည်။ 

ပုဒ်မ ၅၄ ဖြင့် အမှုရင်ဆိုင်နေရသော အသက် ၃၃ နှစ်အရွယ် ကိုနန်းလင်းအောင်ကို မတ်လ ၃၁ ရက်နေ့က တန်းပိတ်ထားချိန် အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ရိုက်နှက်မှုကနေ အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား ပဋိပက္ခဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ထိုပဋိပက္ခဇစ်မြစ်ကို ဖုံးကွယ်ပြီး အကျဉ်းဝန်ထမ်းများက စစ်တပ်နှင့်ရဲထံသို့ အကျဉ်းသားများ ထောင်ဖောက်ရန် ကြံစည်သည်ဟုဆိုကာ သတင်းအမှားပေးပို့ပြီး စစ်တပ်က သေနတ်ပစ်ခတ်ဖောက် လူစုခွဲသည်။ 

ပဋိပက္ခအတွင်း အကျဉ်းထောင်ဝန်ထမ်းအား ဒဏ်ရာရရှိခဲ့သည်ဆိုပြီး အကျဉ်းသားများကို ဧပြီလ ၂ ရက်နေ့အထိ အဖွဲ့လိုက်ခေါ်ယူကာ အကျဉ်းဦးစီးအကြီးအကဲများက ဥပဒေမဲ့ရိုက်နှက်နေကြောင်း PPNM အဖွဲ့မှ ဦးသိုက်ထွန်းဦးက ပြောသည်။

” ဒီလူတွေထဲက တစ်ဦးတစ်ဦး အသက်ဆုံးရှုံးမှု ရှိခဲ့တယ်ဆိုရင်တော့ အဲဖျာပုံထောင်က ထောင်အာဏာပိုင်တွေနဲ့ ဖျာပုံမြို့မ ရဲစခန်းက စခန်းမှူး၊ ခရိုင်မှူးတွေအနေနဲ့ တာဝန်ခံရမှာဖြစ်တယ်။ အဲအတွက် လက်ရှိ ရိုက်နှက်ခံရသူတွေကို ထပ်ပြီးရိုက်နှက်ခြင်းမပြုဖို့နဲ့ လူသားတွေဖြစ်တဲ့အတွက် နောက်အကျဉ်းသားတွေကိုလည်း ဥပဒေမဲ့ ရိုက်နှက်ခြင်းမပြုဖို့ အသိပေးစကား ပြောလိုတယ်။ ဒီလိုမျိုး အပြစ်မဲ့တဲ့ ပြည်သူတစ်ဦးပေါ်မှာ အကျဉ်းထောင် အာဏာပိုင်အဖွဲ့၊ ရဲတပ်ဖွဲ့၊ စစ်တပ် အနေနဲ့ကော ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်မှုမျိုးကို လုပ်ပိုင်ခွင့်မရှိဘူးဆိုတာ သတိပေး ပြောကြားလိုတယ် ” ဟု ပြောသည်။ 

ဥပဒေမဲ့ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသားများမှာ အသက် ၂၁ နှစ်မှ ၆၅ နှစ်အရွယ်ရှိသူများဖြစ်ကြပြီး အမည်များကို စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် အကျဉ်းသားအချို့မှာ ခြေထောက်၌ ဒဏ်ရာပြင်းထန်၍ လမ်းမလျှောက်နိုင် ဖြစ်နေကြကြောင်း သိရသည်။ 

ယမန်နေ့ ညနေအထိ အကျဉ်းသားများမှာ ရိုက်နှက်ခံနေရဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားသော အကျဉ်းသား ၈၀ ကျော်ကိုလည်း ရိုက်နှက်စစ်ဆေးနေကြောင်း PPNM အဖွဲ့က ပြောသည်။ 

ပဋိပက္ခတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုရှိုင်းညီညီ၊ ဦးစိုး၊ ကိုသုတဇံတို့အပြင် ရာဇဝတ်အကျဉ်းသား ကိုအောင်ကြီး အပါအဝင် စုစုပေါင်း ၁၈ ဦးကို မြို့နယ်တရားသူကြီး ဒေါ်ဇင်မာလွင်က ဧပြီလ ၁ ရက်နေ့တွင် ထောင်စည်းကမ်းဥပဒေပုဒ်မ ၂၂၄ ဖြင့် ထောင်ဒဏ် ၆ လစီ ထပ်မံအမိန့်ချခဲ့ကြောင်း သိရသည်။ 

အကျဉ်းသားများကို ရိုက်နှက်စစ်ဆေးနေသူများမှာ ဖျာပုံအကျဉ်းထောင်တာဝန်ခံအရာရှိ ဇော်ထွန်းဦး၊ ဒုတာဝန်ခံအရာရှိ အောင်ဆန်းလင်း၊ လက်ထောက်ကြီးကြပ်ရေးမှူးများဖြစ်သည့် ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊ ရဲမြင့်၊ ဟိန်းထက်အောင်တို့ဖြစ်သည်။ 

ဆက်လက်ပြီး အကျဉ်းသားများအပေါ် ဥပဒေမဲ့ကျူးလွန်နေသူများမှာ ဧရာဝတီခြေစိုက် တပ်ရင်း ၉၈၊ မြို့မရဲစခန်းနှင့် ခရိုင်ရဲစခန်းမှ အရာရှိကြီးများလည်းပါဝင်ကြောင်း သိရသည်။ 

 လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားသော အကျဉ်းသားများကို ဥပဒေမဲ့ညှဉ်းပန်းနှိက်စက်မှုများ လုံးဝမလုပ်ရန်နှင့် လုပ်နေသော ဥပဒေမဲ့ အပြုအကျင့်များကို အမြန်ဆုံးရပ်တန့်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က တောင်းဆိုလိုက်သည်။ 

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular