Western News
Homeသတင်းအမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အပါအဝင် ၆ ဦးကို PRA ဖမ်းဆီးထား

အမ်း နပခမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား အပါအဝင် ၆ ဦးကို PRA ဖမ်းဆီးထား

ရခိုင်ပြည် အမ်းမြို့နယ်တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသော အာဏာသိမ်း စစ်ကောင်စီတပ်သား ၆ ဦးကို မကွေးတိုင်းအခြေစိုက် လူထုတော်လှန်ရေးမဟာမိတ်တပ် PRA မှ ဖမ်းဆီးရမိထားကြောင်း ယနေ့တွင် ထုတ်ပြန်ပြောသည်။

ယနေ့ မတ်လ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ တတက (၉) မှ ထွက်ပြေးလာသော ခလရ (၆၃) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂ ဦးနှင့် ဧပြီလ ၁ ရက်နေ့က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ ထွက်ပြေးလာသော ခမရ (၃၄၆) လက်အောက်ခံ တပ်ဖွဲ့ဝင် ၄ ဦးတို့ကို အရှင်ဖမ်းဆီးရမိထားကြောင်း PRA က ဆိုသည်။

ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်သား ၆ ဦးကို မိတ်ဖက်အဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် AA ထံ လွှဲပြောင်းပေးမည်ဟု PRA ပြောခွင့်ရ ကိုနေမွန်က Western News ကို ပြောသည်။

” ရှေ့မှာတော့ ဖမ်းဆီးရမိတာ မရှိဘူး။ ဒီနှစ်ကြိမ်ပေါ့နော် ဖမ်းဆီးရမိတာ။ ပထမ ဖမ်းမိတဲ့ နှစ်ယောက်ကို ရက္ခိုင့်တပ်တော်ဆီ မဟာမိတ်ဆီကို လွှဲပြောင်းလိုက်ပါပြီ။ နောက်ဖမ်းမိတဲ့သူတွေကိုလည်း မဟာမိတ်ဆီကိုပဲ လွှဲပြောင်းပေးဖို့ ပြုလုပ်သွားမှာပါ။ လက်ရှိမှာ PRA နဲ့ ရက္ခိုင့်တပ်တော် ပူးပေါင်းပြီး အမ်း-ပဒါန်းလမ်းမပေါ်မှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာရှိပါတယ်။ ” ဟု ပြောသည်။

ရခိုင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လျှက်ရှိပြီး စစ်ရှုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းနှင့် နီးစပ်ရာနေရာဒေသများသို့ ထွက်ပြေးမှုရှိနေကြောင်း PRA ထုတ်ပြန်သည်။

PRA (မကွေး) အနေဖြင့် လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိပြီး စစ်သုံးစစ်တိုက်ဖျက်ရေးကို အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်အဖြစ် သတ်မှတ်ထားကြောင်းလည်း PRA က ဆိုသည်။
မကွေးတိုင်း ငဖဲမြို့နယ်အတွင်းက စစ်ကောင်စီ လက်အောက်ခံ တပ်ရင်းများ၊ ကင်းစခန်းများ၊ ဂိတ်များမှ တပ်ဖွဲ့ဝင်များအနေဖြင့် PRA နှင့် ပူးပေါင်းရန် PRA က တိုက်တွန်းထားသည်။

ယင်းအပြင် စစ်ကောင်စီ၏ ယန္တရားများကို လည်ပတ်ပေးနေသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအပြင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများပါ နှုတ်ထွက်ကြရန်လည်း တိုက်တွန်းကြောင်း PRA က တိုက်တွန်းထားသည်။

မတ်လ ၂၈ ရက်နေ့က လူထုတော်လှန်ရေးမဟာမိတ်တပ် PRA ၏ တည်ထောင်ခြင်း ၃ နှစ်ပြည့်မြောက်ခဲ့ပြီး စစ်ကောင်စီအား တိုက်ခိုက်နေရ၍ တပ်မွေးနေ့အခမ်းအနားအား ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ခြင်းမရှိခဲ့ကြပေ။

PRA သည် ရက္ခိုင့်တပ်တော် AA ၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူအတွက် အားကိုးရသော တော်လှန်ရေးအဖွဲ့ဖြစ်ရန် AA က ဂုဏ်ပြုသဝဏ်လွှာတွင် တိုက်တွန်းထားကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular