Western News
Homeသတင်းအမ်းက စစ်ကောင်စီ တောဟိန်းတောင်ဗျူဟာကို AA က ထိုးစစ်ဆင်တိုက်ခိုက်

အမ်းက စစ်ကောင်စီ တောဟိန်းတောင်ဗျူဟာကို AA က ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်ပြည် အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာကို ယခုရက်ပိုင်းအတွင်းကစ၍ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ပြောသည်။ 

ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးအခြေအနေများကို AA က ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ 

အဆိုပါ စခန်းကြီးကို တိုက်ခိုက်နေသည့်နည်းတူ အခြားသောစခန်းငယ်များကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်းလည်း AA က ဆိုသည်။ 

အမ်းဒေသခံတစ်ဦးက ” AA က အမ်းမှာ တိုက်ပွဲဖော်နေတာဟာ မတ်လ ၂၄ ရက်နေ့က စပြီးဖော်နေတာလို့ ပြောလို့ရပါတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ စခန်းတွေ သိမ်းပိုက်နိုင်ရေးကို အဓိက လှုပ်ရှားနေတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ” ဟု ပြောသည်။ 

အမ်းမြို့မှာရှိသည့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုလုံး လက်နက်ချအညံ့ခံရန်လည်း ရက္ခိုင့်တပ်တော် AA က သတိပေးထားပြီး စစ်ကောင်စီ၏ ထောက်ပို့လမ်းဖြစ်သည့် အမ်း-ပဒါန်းလမ်းကိုလည်း AA က ပိတ်ဆို့လိုက်ပြီဖြစ်သည်။ 

မတ်လ ၃၁ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ကလည်း အမ်းမြို့နယ် လုံးရွာအနောက်ဘက် တောင်ကြောတွင် စစ်ကောင်စီနှင့် AA နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က မျက်မြင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အလားတူ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စကခ(၁၅) လက်အောက်ခံ ခမရ (၅၄၆) တပ်ရင်းဌာနချုပ်နှင့် မောင်တောမြို့နယ်အတွင်းက ကြိမ်ချောင်းနယ်ခြားစောင့်စခန်းတို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။ 

ခမရ (၅၄၆) တပ်ရင်းကို ဧပြီလ ၁ ရက်နေ့က စ၍ အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရက္ခိုင့်တပ်တော် AA သည် တစ်ရက်မျှရပ်တန့်ခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီအား တိုက်ခိုက်နေကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။ 

ဆက်လက်ပြီးလည်း မြေပုံမြို့နယ် စညှင်းကျေးရွာ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာရှိ စစ်ကောင်စီ၏ ပွိုင့် ၂၅၇ စခန်းကို ဧပြီလ ၂ ရက်နေ့ နံနက်ပိုင်းကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ကလည်း တိုက်ပွဲမှာ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။ 

ပွိုင့် ၂၅၇ စခန်းမှာ စစ်ကောင်စီ၏ ရှေ့တန်းအမှတ် (၅) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် လက်အောက်ခံ နည်းဗျူဟာ အမှတ် (၃) စခန်းဖြစ်ကြောင်း AA က ဆိုသည်။ 

ရက္ခိုင့်တပ်တော် AA ၏ အရှိန်မြှင့်ထိုးစစ်များကို အာဏာသိမ်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အသည်းအသန်ခုခံကာကွယ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်ရင်းများသည် ရခိုင်ပြည်အပါအဝင် နိုင်ငံအနှံ့တွင် စစ်ရှုံးနေ၍ ပြည်သူကို ပစ်မှတ်ထားလျှက် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများ၊ စစ်ဘေးရှောင်နေရာများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့ရွာများရှိ လူနေရပ်ကွက်များကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို နေ့စဉ်ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်ကျူးလွန်လျက်ရှိနေသည်။ 

စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်သုံးခုတွင် ဧပြီလ ၁ ရက်နှင့် ၂ ရက်နေ့ နှစ်ရက်အတွင်း ပေါက်တော၊ မြေပုံ၊ မင်းပြားမြို့က အပြစ်မဲ့အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ရပြီး ၁၇ ဦးအထိ ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular