Western News
Homeနိုင်ငံရေးရာတောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး

တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့် စခန်းမှ ထွက်ပြေး

Western News| ဧပြီ ၄

ရခိုင်ပြည်၊ တောင်ကုတ်ရဲတပ်ဖွဲ့တွင် တာဝန်ကျနေသည့် တောင်ကုတ်မြို့မ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ တာဝန်ကျသည့် နေရာစခန်းမှ ဧပြီ ၃ ရက်နေ့တွင် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်း ပြောဆိုချက်အရ သိရသည်။

ကိုယ်ပိုင်အမှတ် ၇၄၂၉ စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ ၎င်းတာဝန်ကျနေရာ တောင်ကုတ်မြို့မရဲစခန်းမှ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက Western News ကို ပြောသည်။

"စခန်းမှူးကတော့ ကျနော်တို့အပေါ်မှာတော့ ဆိုးဆိုးရွားရွား ဆက်ဆံမှုတော့မရှိပါဘူး။ အနေအေးတယ် တပ်ဖွဲ့ဝင်အပေါ်မှာ ဖိအားမပေးဘူး။ ခရိုင်ရဲတပ်ဖွဲ့မှူး ဖိနှိပ်မှုကြောင်း ပြေးတယ်လို့တော့ထင်တယ်။ ခရိုင်မှူးက စခန်းမှူးကို တအားနိုင်ကျင့်တာ တန်းစီတဲ့နေရာမှာပဲဖြစ်ဖြစ် ဖုန်းဆက်လို့ပဲဖြစ်ဖြစ် ရဲဘော်တစ်ယောက်လိုဆဲတာ။ တစ်ပြားမတန်အောင်ကိုဆဲတာဗျာ။ ကြိမ်ဖန်များစွာတော့ ဘယ်မဆဲခံချင်မလဲ သူလည်းရဲလုပ်သက်တောင် ၃၀ကျော်ပြီလေ ပြီးတော့ မြို့မစခန်းမှူး သူ့တပည့်တွေရှေ့ဆဲတာကြတော့ မကောင်းဘူးလေ "ဟုပြောသည်။

စခန်းမှူး ထွက်ပြေးသွားသောကြောင့် ၎င်းသွားလာတက်သည့် နေရာများဖြစ်သော ကားဂိတ်များ၊ မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံစုံစမ်းရှာဖွေခြင်း၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များ ရှာဖွေတွေ့ရှိခြင်းရှိခဲ့သော်လည်း ရှာတွေ့ခြင်း မရှိကြောင်း သိရသည်။

စခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်မှာ တောင်ကုတ်မြို့မရဲစခန်းတွင် တာဝန်ကျနေသည်မှာ သုံးနှစ်ကျော်ခန့် ရှိနေပြီး ၎င်းမှာ ကချင်ဒေသမှ ပြောင်းရွှေ့လာသူတစ်ယောက်ဖြစ်ကာ မအီမြို့နယ်မှ ရခိုင်လူမျိုးတစ်ယောက် ဖြစ်ကြောင်း သိရသည်။

လက်ရှိတောင်ကုတ်တွင် တာဝန်ကျနေသည့် တောင်ကုတ်ခရိုင်မှူးမှာ ရိုင်းရိုင်းစိုင်းစိုင်းဆက်မှုများရှိပြီး ငွေရှာပေးသည့်ရဲတပ်ဖွဲ့ဝင်များကိုသာ လူရာသွင်းကြောင်း အမည်မဖော်လိုသည့် နောက်ထပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက Western News ကို ပြောသည်။

"ဘဝတစ်ခု အပျက်ခံပြီး ပြေးသွားတာ သူ့ခံစားချက်လည်း စဉ်းစားကြည့်လေ။ ဘယ်သူ့မှာ တာဝန်ရှိတာလည်း ဒီနေ့ထက်ထိ တိုက်ပွဲမရှိဘဲ အေးချမ်းနေတဲ့ တောင်ကုတ်လိုနေရာမျိုးက ရဲတွေပြေးကြတယ်ဆိုတာ ခရိုင်မှူးကြောင့် ဖြစ်နေကြတာ။ သူ့မှာတာဝန်အရှိဆုံး။ တပ်ဖွဲ့ဝင်ကို တပ်ဖွဲ့ဝင်လို့မမြင်ဘူး။ သူ့အတွက်ငွေရှာပေးတဲ့သူမှ သူကရဲလို့ထင်တာလေ "ဟုပြောသည်။

ခရိုင်မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် မှာ စစ်တပ်မှ ပြောင်းရွှေ့လာသူတစ်ဦးဖြစ်ပြီး တောင်ကုတ်ခရိုင် ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၂ နှစ်ခန့် ရှိနေပြီးဖြစ်ကြောင်း သိရသည်။

တောင်ကုတ်ဒေသခံ တစ်ဦးက “ကျနော်တို့လည်း စခန်းမှူ ထွက်ပြေးတယ်ကြားလို့ အံ့သြနေတာ တိုက်ပွဲလည်းမရှိတဲ့ ငွေရတဲ့တောင်ကုတ်မှာ စခန်းမှူးထွက်ပြေးတယ်ဆိုတော့ အကြောင်းတရားတွေတော့ ရှိလောက်မှာပါ။ မြို့ထဲကတစ်ချို့ပြောကြတာတော့ ခရိုင်မှူးကြောင့်ပြေးတယ်လို့ ပြောနေကြတာပဲ။ ဟုတ်မဟုတ်လို့ သူတို့ချင်းပဲသိကြမှာပါ။ ကျနော်တို့တောင်ကုတ်မြို့လည်း ခရိုင်မြို့ဖြစ်ပြီးမှ ရဲတွေပြေးတာ ကြားဖူးတာပဲ”ဟုပြောသည်။

ခရိုင်မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် ကို Western News က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

တောင်ကုတ်မြို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက "တစ်လ အနည်းဆုံး ၄ယောက်ကနေ ၅ ယောက်လောက်ထွက်ပြေးကြတယ်။ မကြာသေးခင်ကဆိုရင် အသက် ၅၀ ကျော် ရဲတပ်ဖွဲ့ဝင် တစ်ဦးထွက်ပြေးသွားတယ်။ သူက ရမ်းဗြဲက။ စခန်းအတွင်းမှာ အရမ်းကို အနှိမ်ခံရတယ်။ ပြုမူဆက်ဆံတာတွေ အရမ်းမောက်မာလွန်တယ်။ အဲ့ဒါကြောင့် မခံနိုင်လို့ ထွက်ပြေးကြတာ"ဟုပြောသည်။

စခန်းမှူး ကိုင်ဆောင်သည့် BA-63 သေနတ် (၁)လက်၊ ၎င်းကျည် (၁၀၀)တောင့်၊ ၎င်းကျည်အိမ် (၂)ခု၊ ၉ မမပစ္စတို (MA-5) (၁)လက်၊ ၎င်းကျည် (၂၄)တောင့်၊ ၎င်းကျည်အိမ် (၂)ခု၊ ကျည်ကာအင်္ကျီ (၁)ထည်၊ ကျည်ကာဦးလုပ် (၁)လုံးတို့အား ယူသွားခြင်းမရှိဘဲ ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ ရခိုင်ပြည်၊ တောင်ကုတ်တက္ကသိုလ်အနီး၊ မီးကျောင်းထိုးရွာအနားရှိ တောင်ကုတ်-အမ်း၊ စစ်တွေ စစ်ဆေးရေး ဂိတ်မှ ၅ဦး၊ စကခ (၅)တပ်ထဲက (၇)ဦး၊ စုစုပေါင်း ၁၂ဦးတို့မှာ လက်နက်ကိုယ်စီးနှင့် ထွက်ပြေးသွားကြသည့် ဖြစ်စဉ် ဖြစ်ခဲ့သည်။

Western News-WN

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular