Western News
Homeသတင်းမြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၁၀၀၀ ကျော်တိုးလာ

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူအရေအတွက် ၁၀၀၀ ကျော်တိုးလာကြောင်း ဧပြီလ ၄ ရက်နေ့က ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာအေဂျင်စီ ယူနီဆက်ဖ်က ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ဖောက်ခွဲရေးပစ္စည်းများကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ အပါအဝင် အရပ်သား အသေအပျောက် အရေအတွက်သည် ယမန်နှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်း ယူနီဆက်ဖ်က ပြောသည်။ 

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အကြွင်းအကျန်များကြောင့် အသေအပျောက် ၂၇၀ ရာခိုင်နှုန်း ခုန်တက်သွားကာ ၂၀၂၃ ခုနှစ်တွင် ၁၈၈ ဦး သေဆုံးကာ ၈၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင် အသေအပျောက် ၃၉၀ ထက်မနည်း တိုးမြင့်လာခဲ့ပြီး ယမန်နှစ်က မြေမြှုပ်မိုင်းဒဏ်ခံရသူအားလုံး၏ ၂၀ ရာခိုင်နှုန်းကျော်သည် ကလေးငယ်များဖြစ်သည်ဟု ယူနီဆက်ဖ် UNICEF က ဆိုသည်။

မြေမြှုပ်မိုင်းနင်းမိခဲ့သော ကရင်နီဒေသခံ မောင်အောင်က မိသားစုပိုင်စပါးခင်းထဲတွင် ပိုးသတ်ဆေးဖျန်းနေတုန်း မြေမြှုပ်မိုင်းကို နင်းမိခဲ့ကြောင်း UNICEF ကို ယခုလိုပြောထားသည်။ 

“ကျွန်တော် ရေခပ်ပြီးပြန်အလာမှာ အသံကျယ်ကြီးကိုကြားလိုက်တယ်။ နားတွေအူထွက်သွားပြီးတော့ ကျွန်တော်မေ့လဲသွားတယ်။ ဆေးရုံမှာ နိုးလာတော့ ကျွန်တော့် ဘယ်ဘက်ခြေထောက်ဟာ ဒူးအောက်ကနေပြတ်သွားပြီ။ ဘယ်ဘက်လက်လည်း တော်တော်ထိသွားတယ်။”

မောင်အောင်၏အမေသည် သူ့အသက် ၂ လအရွယ်မှာ ဆုံးပါးသွားခဲ့ပြီး သူ့အဖေမှာလည်း နိုင်ငံခြားကိုအလုပ်လုပ်ရန် ထွက်သွားခဲ့သည့်အချိန်တွင် အကို၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့ရကြောင်း သိရသည်။ 

“ကျွန်တော် လယ်လုပ်ရတာ ခြေထောက်တစ်ဖက်မရှိတော့ တော်တော်ခက်သွားတော့မှာ၊ ပညာဆက်သင်ပြီး မိသားစုအခက်အခဲတွေဖြေရှင်းပေးချင်တဲ့ ကျွန်တော့်ရဲ့အိပ်မက်တွေလည်း ပြိုလဲခဲ့ရပါပြီ။” ဟု ပြောသည်။ 

ကယားပြည်နယ်က ၁၄ နှစ်အရွယ် မောင်ပိုင်လည်း သူ့အဖေနှင့်အတူ ဒဏ်ရာရနေသည့် အိမ်ကနွားများကို သူတို့နေထိုင်ရာ ကယားပြည်နယ် ရွာလေးတစ်ရွာ၏ ပတ်ဝန်းကျင်တွင် လိုက်ရှာနေခဲ့ရာမှ မြေမြှုပ်မိုင်းနင်းမိခဲ့ကြောင်း ပြောသည်။ 

“ကျွန်တော် အသံကျယ်ကျယ်တစ်ခုကြားလိုက်ရတယ်၊ တချိန်ထဲမှာပဲ ကျွန်တော့် ခန္ဓာကိုယ်လည်းမြောက်တက်သွားတယ်။ ကျွန်တော်တို့နား လက်နက်ကြီးကျတယ်ပဲထင်လိုက်တာ၊ နောက်မှကျွန်တော်ကိုယ်တိုင် မိုင်းနင်းမိသွားတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်တော့်ညာဘက်ခြေထောက်ပြတ်သွားတယ်၊ လက်တွေနဲ့ ခြေထောက်နောက်တစ်ဖက်မှာလည်း ဒဏ်ရာတွေရခဲ့ပါတယ်။” ဟု ပြောသည်။ 

မြေမြှုပ်မိုင်းကို နင်းမိခဲ့၍ ခြေထောက်ပြတ်သွားသော ကရင်နီဒေသခံ မောင်ပိုင်း။ (ဓါတ်ပုံ – ယူနီဆက်ဖ်)

မောင်ပိုင်၏ အခင်းဖြစ်ပွားသည့်နေရာမှာ သူငယ်ချင်းများနှင့်အတူ ဆော့ကစားရာနေရာ၊ ထင်းကောက်ရာနေရာဖြစ်သော်လည်း ယင်းကဲ့သို့ အန္တရာယ်မျိုး ရှိနိုင်ခြင်းကို မသိခဲ့ကြောင်းပြောသည်။ 

“မြေမြှုပ်မိုင်းတွေဆိုတာကို စစ်တိုက်တဲ့ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူးခဲ့တာ၊ တစ်နေ့ ကျွန်တော်ကိုယ်တိုင်ကြုံရမယ်လို့မတွေးဖူးပါဘူး။”

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီနိုင်ငံတော်သို့ ဦးတည်နေသော ခြေလှမ်းများအဆုံးသတ်ကာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရပြီး ပဋိပက္ခကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်း အညစ်ညမ်းဆုံးနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း လက်နက်ကိုင် အရပ်သားတော်လှန်ရေးတစ်ရပ်သည် စစ်ကောင်စီပြုတ်ကျရေး ကာလရှည်ကြာတိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းခဲ့သည်။

အောက်တိုဘာလတွင် စတင်ခဲ့သော တော်လှန်ရေးအုပ်စုများ၏ ပြင်းထန်သောထိုးစစ်တွင် စစ်ကောင်စီသည် စစ်မြေပြင်တွင်ရှုံးနိမ့်ပြီးနောက် စစ်အစိုးရခေါင်းဆောင်ပိုင်းသည် မကြုံစဖူး ဖိအားများကို ခံနေကြရသည်။ 

မြေမြှုပ်မိုင်းများနှင့် အခြားသော ပေါက်ကွဲစေတတ်သော လက်နက်များကို နှစ်ဖက်စလုံးက သိမ်းကျုံးအသုံးပြုနေကြောင်း UNICEF မှ ပြောကြားခဲ့ကြောင်း Reuters က ဖော်ပြသည်။ 

စစ်ကောင်စီကို မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ဖုန်းခေါ်ဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရက တုံ့ပြန်ခြင်းမရှိဟု Reuters က ဆိုသည်။ 

မြေမြှုပ်မိုင်းအသုံးပြုမှုကို ပြစ်တင်ရှုတ်ချရုံသာမက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအောက်တွင်လည်း တရားမဝင်ကြောင်း UNICEF အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Debora Comini က ပြောသည်။ 

၂၀၂၃ ခုနှစ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအားလုံး၏ ၃၅ ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးရေးဗဟိုချက်မဖြစ်ကြောင်း UNICEF အချက်အလက်များအရ သိရသည်။

(ဓါတ်ပုံ – ယူနီဆက်ဖ်)
RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular