Western News
Homeသတင်းမာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ

မာန်အောင်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွာသားဘက်က မရပ်ဘဲ စစ်ကောင်စီဘက်က ရပ်တည်ပေးနေ

ရခိုင်ပြည် မာန်အောင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရွာသားဘက်က မရပ်တည်ပေးဘဲ အာဏာသိမ်း စစ်ကောင်စီဘက်မှ ရပ်တည်ပေးနေ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရွာသားများကြား ပဋိပက္ခဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီသည် မာန်အောင်မြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အတွင်းရှိသော လူငယ်များကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကတစ်ဆင့် အတင်းအဓ္ဓမခေါ်ယူနေပြီး ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကလည်း စစ်ကောင်စီ ခိုင်းသည့်အတိုင်း ရပ်ရွာအတွင်း လိုက်လံခေါ်ယူနေကြောင်း ဒေသခံရွာသားများက ပြောဆိုကြသည်။ 

အိုးဝေကျေးရွာဒေသခံတစ်ဦးက ” ကျနော်တို့ရွာမှာ အုပ်ချုပ်ရေးမှူးက ကျေးရွာသားတွေနဲ့အတူ ရှိမနေဘူး။ သူကိုယ်တိုင်က ရွာသားတွေကို စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်တာတွေလုပ်နေတယ်။ အခုရက်ပိုင်းအတွင်းမှာကိုက စာရင်းပေးရတော့မယ်ဆိုတော့ ဒီကလူတွေက ရှောင်နေကြပြီ။ ရှောင်နေတဲ့ဆိုပေမယ့် ကျနော်တို့က လွတ်လွတ်လပ်လပ်သွားလာခွင့်လည်း ရထားတာမဟုတ်ဘူး။ အသက်အန္တာရာယ်ကြားထဲမှာပဲ ရှောင်တိမ်းနေနေကြရတာပဲ” ဟု ပြောသည်။

စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ဒေသခံလူငယ်များကို အတင်းအဓ္ဓမခေါ်ယူနေပြီး မလိုက်ဘဲ တိမ်းရှောင်နေပါက မိသားစုဝင်များအား ဖမ်းဆီးအရေးယူမည်ဟု ခြိမ်းခြောက်ဖိအားပေးနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ 

” စစ်သားနဲ့ ရဲ ပူးပေါင်း အုပ်စုအုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီး အစည်းအဝေးလုပ်တယ်။ စီမံဗိုလ်မှူးလည်းပါတယ်။ သူတို့ပြောတာက စစ်သင်တန်းတက်ဖို့ လူရှာပေးရမယ်။ မရှာပေးလို့မရဘူး။ သတ်မှတ်ထားတဲ့ လူဦးရေအတိုင်း ပေးရမယ်။ မပေးနိုင်ရင် တိမ်းရှောင်နေရင် တိမ်းရှောင်နေသူတွေကို လိုက်လံဖမ်းမယ်။ မဟုတ်ရင် မိသားစုဝင်တွေကို ဖမ်းဆီးအရေးယူမယ်လို့ ပြောတယ်။ အဲဒီတော့ ကျနော်တို့ အုပ်ချုပ်ရေးမှူးတွေက ဘာလုပ်ရမှာလဲ။ ” ဟု ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မာန်အောင်ဒေသတွင် ကျေးရွာအုပ်စုအလိုက် စစ်မှုထမ်းရန် တစ်အုပ်စုကို လူ ၅၀ မှ ၁၀၀ ကြား ခေါ်ယူနေပြီး အသက် ၈၀ အရွယ် လူကြီးများကိုလည်း ခေါ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ 

မာန်အောင်ဒေသတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ စစ်ကောင်စီ၏ ခိုင်းဖက်မဖြစ်စေရေးအတွက် ပြီးခဲ့သည့် မတ်လအတွင်းကနေ ဥက္ကဌ တာဝန်မှ နှုတ်ထွက်သူများရှိခဲ့ပြီး အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုရှိနေကြောင်း စုံစမ်းသိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအတွင်း စခန်းချနေထိုင်းခြင်း၊ ကင်းပုန်းဝပ်ခြင်းများကို လက်ခံထားသော ခအုန်းမော်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးညီစိုးမှာ ရွာသားများ၏ ရိုက်နှက်ခြင်းခံခဲ့ရကြောင်း သိရသည်။ 

မာန်အောင်မြို့နယ်အတွင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း ဒေသခံများအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ခိုင်းဖက်မဖြစ်စေရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ကျေးလက်နေ ဒေသခံပြည်သူများက တိုက်တွန်းပြောဆိုနေကြသည်။ 

ကုန်ခဲ့သည့် မတ်လကလည်း သံတွဲမြို့နယ်တွင် ဒေသခံလူငယ်များကို အတင်းအဓ္ဓမ စစ်သားစုဆောင်းနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ သတ်ဖြတ်ခံရသည့်အထိ ဒေသခံပြည်သူလူထုက တုံ့ပြန်နေကြသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် AA မှ တိုက်ပွဲဖော်ဆောင်ခြင်းမရှိသေးသည့် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်မြို့နယ်တို့တွင် မိသားစုဝင်များကို ခြိမ်းခြောက်ကာ ဒေသခံလူငယ်များကို အသည်းအသန် စစ်မှုထမ်းရန် ခေါ်ယူနေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular