Western News
Homeနိုင်ငံရေးရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့

ရခိုင်အရေး ညှိနှိုင်းပေးမည့် တရုတ် အာဏာရှင်ဟောင်း သန်းရွှေနှင့် အရင်တွေ့

တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်အရေး တည်ငြိမ်အေးချမ်းမှုရှိစေရန် အာဏာသိမ်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ကြား စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်အစိုးရက ကုလအစည်းအဝေးတွင် ဧပြီလ ၄ ရက်နေ့က ပြောကြားခဲ့သည်။ 

ထိုသို့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးနိုင်ရန် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် AA နှင့် မညှိနှိုင်းခင် ယမန်နေ့ ဧပြီလ ၅ ရက်နေ့တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေအပါအဝင် စစ်ခေါင်းဆောင်များဖြင့် တွေ့ဆုံခဲ့သည်။ 

မြန်မာ့နှစ်သစ်ကူးအကြို ခေါင်းစဉ်ဖြင့် သံအမတ်ကြီး Mr. Chen Hai အဖွဲ့သည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် အာဏာရှင်ဟောင်း ဦးမောင်အေးတို့ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ 

အဆိုပါတွေ့ဆုံမှုများတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ပိုမိုချစ်ခင်ရင်းနှီးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသအပါအဝင် မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့သည်ဟု တရုတ်အစိုးရက ထုတ်ပြန်ပြောဆိုထားသည်။ 

ယင်းအပြင် နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရေးကိုလည်း ဆွေးနွေးခဲ့ပြီး ရခိုင့်အရေးကိုမူ အထူးအလေးထား ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပေ။ 

ပုံစာ – တရုတ်ကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က အာဏာရှင်ဟောင်းများနှင့်တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

သို့သော် တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် မြေပြင်အခြေအနေ အမြန်ဆုံးတည်ငြိမ်စေရန်အတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု ကုလားအစည်းအဝေးတွင် ကတိပြုထားကြောင်း သိရသည်။ 

အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးမည်ဟု တရုတ်အစိုးရပြောဆိုချက်ကို အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသလို AA ကလည်း သဘောထားမှတ်ချက်များ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ 

ပုံစာ – တရုတ်ကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က အာဏာရှင်ဟောင်းများနှင့်တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

တရုတ်အစိုးရက ယခုအချိန်တွင် ရခိုင်အရေးကို ပိုအလေးထား အာရုံစိုက်လာခြင်းမှာ ရက္ခိုင့်တပ်တော် AA ၏ ထိုးစစ်များ တရုတ်အကျိုးစီးပွားများစွာရှိသော ကျောက်ဖြူမြို့နှင့် အမ်းမြို့သို့ ရောက်ရှိလာခြင်းဖြစ်၍ ၎င်းတို့အကျိုးစီးပွား မထိခိုက်စေရေးအတွက် ကြားဝင်စေ့စပ်ညှိနှိုင်းပေးရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုနေကြသည်။ 

ရက္ခိုင့်တပ်တော် AA အနေဖြင့် မိမိ၏ ပန်းတိုင်းရည်မှန်းချက်များကိုသာ အဓိကအလေးထား အာရုံစိုက်သင့်ပြီး ရခိုင်ပြည်အတွင်းက စစ်ကောင်စီ တပ်စခန်းများအားလုံး အမြစ်ပြတ်တိုက်ခိုက်ရေးကို ပိုအရေးပေးရန်နှင့် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကို သတိထားရန် ရခိုင်ပြည်သူများက AA ကို အလေးအနက် တိုက်တွန်းနေကြသည်။ 

ပုံစာ – တရုတ်ကိုယ်စားလှယ်အဖွဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၅ ရက်နေ့က အာဏာရှင်ဟောင်းများနှင့်တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)
RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular