Western News
Homeသတင်းရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ

ရခိုင်လွတ်မြောက်နယ်မြေတွင် စစ်ကောင်စီထုတ် အရက်ဘီယာများ ရောင်းအားကောင်းနေ

ရခိုင်ပြည် လွတ်မြောက်နယ်မြေများတွင် အာဏာသိမ်း စစ်ကောင်စီထုတ် အရက်၊ ဘီယာများ သုံးစွဲမှု အလွန်များပြားနေပြီး ဝယ်လိုအားများပြားနေကြောင်း အရောင်းဆိုင်များထံမှ သိရသည်။ 

အရက်ဘီယာများမှာ ဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ ယခင်ပုံမှန်အတိုင်း လည်ပတ်သုံးစွဲလျက်ရှိကြောင်း မင်းပြားမြို့က အရောင်းပိုင်ရှင်တစ်ဦးက ပြောသည်။ 

” အရင်အတိုင်းပါပဲ။ ကန့်သတ်ထားတာလည်းမရှိသလို သုံးစွဲမှုလည်း ပုံမှန်အတိုင်းပဲ။ အရက်ဘီယာကုန်စည်က အဝင်လည်းရှိတာပေါ့။ ကုန်စည်ဝင်လို့လည်း ပုံမှန်အတိုင်းရောင်းချနိုင်တာလေ။ အခုက ကုန်စည်လမ်းကြောင်းတွေကလည်း သိပ်အဆင်မပြေတော့ လူသုံးများတာတွေပဲ ယူရောင်းရတယ်။ အဓိကက မြန်မာဘီယာရယ်၊ အက်ဒမင်ရယ်ပဲ” ဟု ပြောသည်။

စစ်ကောင်စီက ထုတ်သော အရက်၊ ဘီယာများမှာ အမျိုးအစား ၁၀ ကျော်ရှိပြီး ယင်းအထဲက လက်ရှိ ရခိုင်ပြည်အတွင်း မြန်မာဘီယာနှင့် ANDAMAN GOLD ဘီယာ အများဆုံးရောင်းရကြောင်း ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို အထောက်အကူဖြစ်စေသည့် စစ်တပ်ထုတ်ကုန်များကို သုံးစွဲမှုမပြုလုပ်ကြရန် တိုင်ရင်းသားတော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့စည်းအသီးသီး ထုတ်ပြန်ပြောဆိုခဲ့ကြသည်။

အာရက္ခတပ်တော် AA ကလည်း ရခိုင်ပြည်အတွင်း စစ်တပ်ထုတ်ကုန်များအား အသုံးမပြုကြရန် ပြီးခဲ့သည့် နှစ်များက အကြိမ်ကြိမ် သတိပေး တားမြစ်ခဲ့သော်လည်း လက်ရှိတွင် သုံးစွဲမှုမှာ အာဏာမသိမ်းခင်အချိန်ကနည်းတူ ဖြစ်နေကြောင်း စုံစမ်းသိရသည်။ 

စီးပွားရေးလုပ်ငန်းရှင်အချို့သည် စစ်ကောင်စီနှင့်ပူးပေါင်းကာ ရန်ကုန်ကနေ စစ်တွေမြို့သို့ သင်္ဘောများဖြင့် အရက်၊ ဘီယာ များကို မှောင်ခိုတင်သွင်းကာ စစ်တွေမြို့မှတစ်ဆင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေပေး၍ အခြားမြို့နယ်များသို့ ဖြန့်ကြပ်နေကြောင်း ခိုင်လုံသော သတင်းရပ်ဝန်းက သိရသည်။ 

ရခိုင်တွင် စစ်တပ်ထုတ်ကုန်များ မသုံးစွဲသင့်သော်လည်း ပြည်နယ်၏ ဆင်းရဲမွဲတေမှုအနေအထားအရ တစ်ခြားကုန်စည်များနှင့်ယှဥ်လျှင် စျေးနည်းခြင်း၊ အစားထိုးကုန်စည်မရှိခြင်း စသည်တို့ကြောင့်လည်း စစ်တပ်ထုတ်ကုန်အသုံးများနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ စစ်ကောင်စီလက်အောက်မှ ကင်းလွတ်ပြီးဖြစ်သည့် မြို့နယ်များတွင် စစ်တပ်ထုတ်ကုန် ရောင်းချ၊ သုံးစွဲနေခြင်းနှင့်ပတ်သက်၍ အာရက္ခတပ်တော်အနေဖြင့် ပီပြင်သည့်မူဝါဒတစ်ခု ချမှတ်ရန် လိုအပ်နေသည်ဟု ရခိုင်လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုထားသည်။ 

“စစ်တပ်အတွက် အကျိုးအမြတ်ထွက်တဲ့ စီးပွားရေးလမ်းကြောင်းဟူသမျှ စစ်အင်အားဖြည့်ဖို့ရည်ရွယ်ချက်ပါနေတယ်။ ဒီအထဲ အရက်ဘီယာက အဓိကဖြစ်တယ်။ ဒါတွေကို သုံးစွဲနေတာဟာ ရခိုင်လူထုကို သတ်ဖြတ်ဖို့ ရခိုင်လူထုတစ်ချို့ကပဲ သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့နေသလိုဖြစ်နေတယ်။ ရက္ခိုင့်တပ်တော်အနေနဲ့ကလည်း ဒါနဲ့ပတ်သက်လို့ တိကျတဲ့ မူဝါဒမထုတ်နိုင်သေးဘူး။ ပြည်သူတွေကတော့ မူဝါဒတစ်ခုနဲ့ ကန့်သတ်ထားရင် ရောင်းချ၊ သုံးစွဲဖို့ခက်ခဲကြမှာပဲ။ ဒါကြောင့် ရက္ခိုင့်တပ်တော်ဖက်ကနေ တိကျတဲ့ မူဝါဒတစ်ခုကို ထုတ်ပြန်ဖို့ လိုနေသေးတယ်လို့မြင်တယ်” ဟုပြောသည်။

ရခိုင်ပြည်ကို စစ်ကောင်စီက လေးဖက်လေးတန် ပိတ်ဆို့ထား၍ မြို့နယ်တိုင်းလိုလိုတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း အရက်ဘီယာများ ဈေးနှုန်းမှာ ဈေးမကြီးကြောင်း ဈေးနှုန်းနှိုင်ယှဉ်ချက်အရ သိရသည်။ 

လက်ရှိ ရခိုင်ပြည် ကုန်စည်စျေးနှုန်းထားမှာ ဓာတ်ဆီ 92 တစ်လီတာကို ၂၅၀၀၀ ကျပ်၊ ပေါ်ဆန်မွှေးတစ်အိပ်ကို ၂၄၀၀၀၀ ကျပ်၊ ရိုးရိုးဆန်တစ်အိပ်ကို ၁၈၀၀၀၀ ကျပ်၊ အမဲသား ၁ ပိဿာကို ၅ သောင်းကျပ်၊ ဝက်သား တစ်ပိဿာကို ၄၈၀၀၀ ကျပ်နှင့် ကြက်ဥ တစ်လုံးကို ၉၀၀ ကျပ် စသည်ဖြင့်အသီးသီးရှိနေသည်။ 

မိုခါမုန်တိုင်းမတိုက်ခတ်မီအချိန်းက ကုန်စည်ဈေးနှုန်းထက် လက်ရှိကုန်ဈေးနှုန်းက ၁၀ ဆနီးပါး မြင့်တက်သွားသော်လည်း အရက်ဘီယာဈေးနှုန်းမှာကား ဈေးမြင့်တက်ခြင်း မရှိခြင်းမှာ စစ်ကောင်စီနှင့် ရခိုင်က ကုန်သည်တစ်ချို့ ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

လွတ်မြောက်နယ်မြေက စစ်တပ်ထုတ် အရက်ဘီယာနှင့် ဆေးလိပ်စျေးနှုန်းများမှာ အက်ဒမင်တစ်ဘူးကို ၃၅၀၀ ကျပ်၊ မြန်မာဘီယာ တစ်ဘူးကို ၅၀၀၀ ကျပ်၊ မြန်မာဘီယာ တစ်ပုလင်းကို ၇၀၀၀ ကျပ်၊ ပရီမီယား ဆေးလိပ် တစ်ဘူးကို ၉၀၀၀ ကျပ် စသည်ဖြင့် ယခင်စျေးနှုန်းထက် ၂ ဆမှ ၃ ဆခန့်အထိ မြင့်တက်လျှက်ရှိနေကြောင်း တွေ့ရသည်။ 

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular