Western News
Homeသတင်းစစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့် 

စစ်ကောင်စီဌာနချုပ်နှစ်ခု သိမ်းပိုက်ရေး AA က ထိုးစစ်အရှိန်မြှင့် 

ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့က စကခ ၁၅ ဌာနချုပ်နှင့် ကျီးကန်းပြင်ဌာနချုပ်ကို အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်မြှင့်တင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

စကခ ၁၅ (အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်) သည် ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီ၏ အကြီးဆုံး တပ်စခန်းတစ်ခုဖြစ်ပြီး ကျီးကန်းပြင်ဌာနချုပ်သည်လည်း မောင်တောမြို့နယ် အမှတ် ၁ နယ်ခြားစောင့်စခန်း၏ အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်သည်။ 

သတင်းရင်းမြစ်တစ်ဦးက ” AA က ဘူးသီးတောင်နဲ့ မောင်တောမြို့ကို မကြာခင်သိမ်းပိုက်နိုင်ဖို့ တပ်စခန်းကြီးတွေ၊ ဌာနချုပ်တွေကို ထိုးစစ်အရှိန်မြှင့်နေတယ်။ အနီးအနားက တပ်စခန်းငယ်တွေကို ဝိုင်းပိတ်ဆို့ သိမ်းပိုက်နေတယ်။ ဘူးသီးတောင်၊ မောင်တောမှာ တပ်စခန်းတွေ များသလောက် အင်အားလည်း များကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးနေကြတယ်။ ” ဟု ပြောသည်။ 

အဆိုပါ ဌာနချုပ်တပ်စခန်းကြီး နှစ်ခုကို သိမ်းပိုက်နိုင်ရေးအတွက် ဝန်းရံထားသော တပ်စခန်းများ၊ တပ်ရင်းများကို AA က ဆက်တိုက် သိမ်းနေသည်။ 

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က မောင်တောမြို့နှင့် ၇ မိုင်ခန့်ဝေးကွာသော မိုက်ခရိုင်တောင်တပ်စခန်းနှင့် စေတီကုန်းတပ်စခန်းကို AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

ဘူးသီးတောင်မြို့နယ်တွင်လည်း ခမရ (၅၅၂) တပ်ရင်းကို မတ်လ ၂၅ ရက်နေ့က သိမ်းပိုက်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့တွင် ခမရ (၅၆၄) တပ်ရင်းကို AA က သိမ်းပိုက်ခဲ့သည်။ 

ဘူးသီးတောင်အခြေစိုက် စကခ ၁၅ ဌာနချုပ်အောက်တွင် ခမရ ၃၄၅၊ ၃၅၂၊ ၃၅၃၊ ၅၃၅၊ ၅၅၁၊ ၅၆၅ အပါအဝင် ခြေလျင်တပ်ရင်း ခလရ ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက်တပ်ရင်း အမတ ၃၇၈ တို့ရှိပြီး ယင်းအထဲက ခမရ ၅၅၂ နှင့် ၅၆၄ ကို AA က အပြီးသတ်သိမ်းလိုက်ပြီဖြစ်သည်။ 

AA ဖက်က ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့က စစ်ကောင်စီတပ်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်နေသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ 

စစ်ကောင်စီဖက်ကလည်း AA ၏ အရှိန်မြှင့်ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ပြန်လည်ခုခံနေသလို အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကို အကူအညီတောင်းကာ တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ 

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တွင် ခိုးဆိုးလုယက်၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်းနှင့် ရာဇဝတ်မှုများ ကျူးလွန်မှုများပြားလာခြင်းနှင့် စစ်ရေးအရှိန်မြှင့်တင်နေသည့်အတွက် အာရက္ခတပ်တော် AA က ဧပြီလ ၂၆ ရက်နေ့ကစ၍ ည ၇ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသည်။ 

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular