Western News
Homeကျန်းမာရေးရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ

ရခိုင်မှာ ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေ

(သတ်မှတ်အချိန်အတွင်း ကာကွယ်ဆေးမထိုးရပါက တခြားရောဂါများ ကူးစက်လာနိုင်ခြေရှိ) 

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ၂ နှစ်အောက် ကလေးငယ်များကို ကာကွယ်ဆေးထိုးပေးရန် အရေးတကြီးလိုအပ်နေကြောင်း မိခင်အသိုင်းအဝိုင်းထံမှ သိရသည်။ 

စစ်ကောင်စီထိန်းချုပ်နယ်မြေများနှင့် လွတ်မြောက်နယ်များတွင် ကလေးငယ်များအား ကာကွယ်ဆေး တာဝန်ယူထိုးပေးမည့်သူ မရှိဖြစ်နေသည်ဟု မြောက်ဦးဒေသခံ အသက် ၁ နှစ်ကျော် ကလေးမိခင်တစ်ဦးက ပြောသည်။ 

” ကျမ ကလေးက ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ ကျန်နေပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်လခန့်က တစ်ကြိမ်ထိုးရမယ့်ဟာ အခုထက်ထိ မထိုးရသေးဘူး။ ဆေးရုံ၊ ဆေးခန်းလည်း မဖွင့်တော့ ဘယ်မှာ ထိုးရမလဲ မသိဘူး။ အရင်ကာကွယ်ဆေးထိုးပေးနေကျ ရပ်ကွက် သူနာပြုတွေ မေးကြည့်တော့လည်း မသိဘူးလို့ ပြောတယ်။ ဆေးလည်းမရှိဘူးလို့ ပြောတယ်။ ကလေးတွေ ကာကွယ်ဆေးမထိုးရမှာကို အရမ်းစိုးရိမ်နေပါတယ်။ ကြီးလာရင် ရောဂါအဆန်းတွေ ကူးစက်မှာကို ကြောက်နေပါတယ်။ ” ဟု ပြောသည်။ 

စစ်ကောင်စီ ထိန်းချုပ်သည့် စစ်တွေမြို့တွင်လည်း ရပ်ကွက်အတွင်း တာဝန်ကျ သူနာပြုများ စစ်ဘေးရှောင်နေရ၍ ကလေးငယ်အချို့မှာ ကာကွယ်ဆေးမထိုးရသေးကြောင်းနှင့် ကျေးလက်ဒေသတွင်လည်း ဆေးပြတ်လပ်နေပြီး စစ်တွေမြို့မှယူရန် သွားရောက်သော်လည်း စစ်ကောင်စီက မြို့အဝင်ကို ပိတ်ပင်ထားကြောင်း သိရသည်။ 

စစ်ဘေးရှောင် သူနာပြုတစ်ဦးက ” အဓိကက ဆေးကိုတာဝန်ယူပြီး ထိုးပေးမယ့်သူတွေ မရှိတာကြောင့်ပါ။ အခုအခြေနေအရလည်း ကျမတို့ဖက်က တာဝန်ယူထိုးပေးနိုင်တဲ့ အနေအထားမရှိဘူး။ ကျမတို့လက်ထဲမှာ ဆေးလည်းမရှိတော့ဘူး။ တာဝန်ယူတဲ့သူမရှိတော့ ကလေးတွေအတွက်ပဲ နစ်နာတယ်” ဟု ပြောသည်။

ကလေးငယ်များကို မွေးကင်းစမှစ၍ ၂ နှစ်အောက်အထိ ဝက်သက်ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ GE, MR နှင့် တစ်ခြားကာကွယ်ဆေး အမျိုးအစားများအား တစ်လတစ်ကြိမ်ခန့်ထိုးနှံပေးရသည်။

အဆိုပါ ကာကွယ်ဆေးများအား ပုံမှန်ထိုးနှံပေးခြင်းမရှိခဲ့ပါက ကလေးငယ်များအတွက် ကာကွယ်ဆေးနှင့်သက်ဆိုင်သည့် ရောဂါများကျရောက်နိုင်ခြေပိုများသည်ဟု မြေပုံမြို့ဒေသခံသူနာပြုတစ်ဦးက ဆိုသည်။

” ကာကွယ်ဆေးမထိုးရင် ကလေးတွေမှာ ခန္ဓာကိုယ် အဖုတွေထွက်တာ။ ဝက်သက်ကာကွယ်ဆေးမထိုးရင်လည်း ဝက်သက်ထွက်တာတွေ ရှိလာမယ်။ ပြီးတော့ တစ်ခြားကာကွယ်ဆေးနဲ့ဆိုင်တဲ့ အရာတွေဖြစ်လာနိုင်ခြေပိုများတယ်။ ဆေးထိုးတာက တစ်လမထိုးလိုက်လို့ရှိရင်လည်း ထပ်ထိုးလို့ရပါတယ်။ ဒါပေမယ့် ကလေး ၂ နှစ်ကျော်သွားရင်တော့ သက်ရောက်မှုသိပ်မရှိတော့ဘူး။ ” ဟု ပြောသည်။ 

စစ်ကောင်စီတပ်နှင့် AA မှာ ရခိုင်ပြည်အတွင်း တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီထိန်းချုပ်မြို့များနှင့် လွတ်မြောက်နယ်မြေများတွင် ဌာနဆိုင်ရာရုံးများ၊ လုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်းမရှိကြတော့ပေ။ 

ထိုအခြေအနေများကြောင့် ကလေးသူငယ်များမှာ ကလေးအခွင့်အရေး၊ ကျန်းမာရေးအခွင့်အရေးနှင့် ပညာရေးအခွင့်အရေးများ ဆုံးရှုံးနေရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာလည်း ကျန်းမာရေးအခွင့်အရေးများ ဆုံးရှုံးနေကြရသည်။ 

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular