Western News
Homeသတင်းDMG သတင်းထောက်နှင့် ရုံးဝန်ထမ်း အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးအမှုဖွင့်ခံရ

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်း အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးအမှုဖွင့်ခံရ

(သတင်းထောက်များအား နှိပ်ကွပ်နေခြင်းကို လက်မခံ ရှုံ့ချကြောင်း IPCM ပြော) 

ရခိုင်ပြည်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ အပြင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် စစ်ကောင်စီက ထပ်တိုးအမှုဖွင့် တရားစွဲထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို စစ်တွေမြို့ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးခဲ့သည့်နေ့ကစ၍ ယနေ့ မေလ ၄ ရက်နေ့အချိန်အထိ တရားရုံးတင် စစ်ဆေးခြင်းမရှိသေးကြောင်း ကိုစိုးဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။

” ပထမ သူတို့နှစ်ကို ဆက်သွယ်ရေးပုဒ်မ ၆၅ နဲ့ တရားစွဲပြီး ဆက်တိုက် ချုပ်နှောင်ထားတယ်။ ၆၅ နဲ့ ဆက်လက် ချုပ်နှောင်လို့ မရတဲ့အခါမှာ အပြစ်မရှိ အပြစ်ရှာပြီးတော့ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ထပ်တိုးအမှုဖွင့်ပါတယ်။ ပြီးတော့ အခုထက်ထိလည်း တရားရုံးတင် စစ်ဆေးတာ မရှိသေးဘူး။ ရုံးတော့ ထုတ်နေတယ်။ တရားလိုမရောက်လို့ဆိုပြီး ရုံးတင်မစစ်ဘူး။ သူတို့နှစ်ဦးကို ဖမ်းဆီးတာဟာ လက်ရှိမှာ ၆ လကျော်အထိ ကြာမြင့်နေပါပြီ။ ” ဟု ပြောသည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့နှစ်ဦးကို ဖမ်းဆီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလ ၂၉ ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ နှင့် အမှုဖွင့်ခဲ့ပြီး ၃ လအကြာ ၂၀၂၄ ဇန်နဝါရီလမှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) ဖြင့် ထပ်မံ အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

သတင်းထောက် ကိုထက်အောင်မှာ အောက်တိုဘာလ ၂၉ ရက် နံနက် သီတင်းကျွတ်လပြည့်နေ့က စစ်တွေမြို့ဝင်္ကဘာကွင်းမှာ ပြုလုပ်သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို သတင်းဓာတ်ပုံ ရိုက်ကူးနေတုန်း ရဲတပ်ဖွဲ့နှင့် စစ်တပ်ထံ အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

ယင်းနောက် ယင်းနေ့ နံနက်မှာပဲ စစ်တွေမြို့ရှိ DMG သတင်းဌာနရုံးကို ရဲတပ်ဖွဲ့၊ စစ်တပ်၊ အထူးစုံစမ်းစစ်ဆေးရေး (စစစ)၊ သတင်းရဲတပ်ဖွဲ့ SB တို့က အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းပြီး ညစောင့်ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့မှာ လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခံထားရခြင်းနှင့် လူ့အခွင့်အရေးကိုဆုံးရှုံးနေရခြင်းဖြစ်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် DMG က တောင်းဆိုသည်။

DMG တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက ” ကျနော်တို့ DMG ဝန်ထမ်းနှစ်ဦးဟာ အခုဆိုရင် အကျဉ်းထောင်ထဲမှာ လပေါင်းများစွာ နေနေရတယ်။ အဲဒီလိုနေနေရတာဟာ သတင်းထောက်အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်တယ်။ ဒါကြောင့် သူတို့ကို ဘေးကင်းလုံခြုံစွာနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်တယ်ပေါ့နော်။ ” ဟု ပြောသည်။

DMG ရုံးကို ဝင်စီးနင်းချိန်က ရုံးမှာရှိသည့် ကင်မရာ၊ ကွန်ပျူတာနှင့် ရုံးပစ္စည်းများကို သိမ်းယူသွားသလို ရုံးကိုပါ ချိပ်ပိတ်ခဲ့ပြီး အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာ အပါအဝင် အခြားသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လိုက်လံရှာဖွေနေကြသည်။

ရုံးကိုချိပ်ပိတ်ပြီး ရုံးရှိ သတင်းလုပ်ငန်းသုံးပစ္စည်းများအားလုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယူဆောင်သွား၍ DMG သတင်းဌာနမှာ သုညက ပြန်စရပြီး သတင်းလုပ်ငန်းကို ခက်ခက်ခဲခဲ လည်ပတ်နေရကြောင်း DMG စီမံခန့်ခွဲရေးအဖွဲ့ဝင် ကိုဇော်ဇော်က ပြောဆိုထားသည်။

ရခိုင်ပြည်က သတင်းသမားများ မတရားဖမ်းဆီးခံနေရခြင်း၊ မြန်မာနိုင်ငံအတွင်း နေရာအသီးသီးမှာ သတင်းသမားများ ဖမ်းဆီးသတ်ဖြတ်ခံရနေခြင်းနှင့် ပတ်သက်၍ လွတ်လပ်သောသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ကိုတိုးဇော်လတ်က ယခုလိုပြောသည်။

” ဗမာပြည်မှာ သတင်းထောက် အလုပ်လုပ်ရတာ မကောင်းတော့ဘူး ထင်တယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သတင်းထောက်တွေကို ရည်ရွယ်ချက်ရှိရှိ ကြောက်သွားအောင်၊ သတင်းမပို့ရဲအောင် အဲ့လိုပဲ သတင်းထောက်တွေတောင်မဟုတ်ဘူး ကျနော်တို့ ဒီ ပရိတ်သတ်တွေ သတင်းနားထောင်တဲ့ သတင်းရယူတဲ့လူတွေကိုပါ ခင်ဗျားတို့ ရခိုင်ဘက်မှာဆိုရင် ပိုဆိုးတာပေါ့ဗျာ။ ခင်ဗျားတို့လို လွတ်လပ်တဲ့ မီဒီယာတွေရဲ့ သတင်းကိုကြည့်ရင်တောင် ဖမ်းမယ်ဆိုပြီးတော့ သတင်းယူတဲ့လူတွေကိုပါ နှိပ်ကွပ်ဖို့ ကြိုးစားနေတာပေါ့နော်။ အထူးသဖြင့်တော့ ရခိုင်မှာ ဖြစ်နေတဲ့ စစ်ရေးကိစ္စတွေ၊ တခြားကိစ္စတွေပေါ့နော် အဲဒါတွေကို သူတို့ကတော့ စစ်တပ်ပြောတဲ့ အမှန်တရားပဲ သိစေချင်တာ။ တခြား ခင်ဗျားတို့လို လွတ်လပ်တဲ့ သတင်းသမားတွေ ပြောတဲ့ အမှန်တရားတွေကို မကြားစေချင်လို့ လိုက်ပိတ်ဆို့နေတာလို့ ကြားပါတယ်။ အဲဒါကို ကျနော်တို့က လက်လည်းမခံပါဘူး။ ရှုံ့လည်းရှုံ့ချပါတယ်။ ” ဟု ပြောသည်။

စစ်ကောင်စီသည် ရခိုင်က သတင်းသမားများပဲ မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်းက သတင်းထောက်အားလုံးကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေခြင်းဖြစ်ပြီး အထူးသဖြင့် ပဋိပက္ခဧရိယာအတွင်းဆိုလျှင် ပိုနှိပ်ကွပ်ကြောင်း IPCM အတွင်းရေးမှူး ကိုတိုးဇော်လတ်က ဆက်ပြောသည်။

” ကျနော်ထင်ပါတယ်။ အခုအချိန်မှာတော့ သတင်းထောက်တွေကို စစ်တပ်က ရည်ရွယ်ချက် ရှိရှိ နှိပ်ကွပ်နေတာဗျ။ အထူးသဖြင့် ခင်ဗျားတို့လို ပဋိပက္ခဧရိယာတွေပေါ့ဗျာ။ ပြဿနာတက်နေတယ် တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာမှာ ပိုနှိပ်ကွပ်တာပေါ့။ သူတို့ စစ်သားတွေ၊ သူတို့ ဟို စစ်တပ်စစ်ဆင်ရေးနဲ့ စစ်ရေးသတင်းအမှန်တွေ အပေါ်အောင် အတင်းဖုံးဖိပြီးတော့ သတင်းလုပ်တဲ့သူတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတဲ့ အခြေအနေရှိနေပါတယ်။ အဲဒီအခြေအနေတွေကို ကျနော်တို့က ရှုံ့လည်းရှုံ့ချတယ်။ နောက်တစ်ခါ မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ အပေါ်မှာလည်း အတတ်နိုင်ဆုံး ကျနော်တို့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ အကာအကွယ်ပေးနိုင်ရေးအတွက် လုပ်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ” ဟု ပြောသည်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်ကြောင်း မေလ ၃ ရက်နေ့က ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ထုတ်ပြန်ခဲ့သည်။

သတင်းလွတ်လပ်ခွင့်အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းထဲတွင် မြန်မာနိုင်ငံပါဝင်ရခြင်းသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကြောင့် ဖြစ်သည်ဟု Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောသည်။

” မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အဲလောက်ဆိုးသွားတာ၊ အဆိုးရွားဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ရောက်နေတာဟာ မြန်မာစစ်တပ် အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကြောင့်ပဲ။ သတင်းသမားတွေကို မတရားဖမ်းဆီးတာ၊ ထောင်ချတာ၊ သတ်ဖြတ်တာတွေနဲ့ အကြောင်းမဲ့ အင်တာနက်ပိတ်ပင်တာတွေကြောင့် ဖြစ်တယ်။ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေနဲ့ အင်တာနက်ပိတ်တာတွေဟာ ပြည်သူတွေကို သတင်းသိပိုင်ခွင့်၊ ကြားပိုင်ခွင့်ကို ဆုံးရှုံးစေတယ်လေ။ စစ်ကောင်စီဟာ သတင်းအမှောင်ချပြီးတော့ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတာတွေကို ပြည်သူတွေ မသိအောင် အဲလို လုပ်တာဖြစ်တယ်။ အခု မြန်မာစစ်တပ်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုနဲ့အတူ ဒီကာလအထိ ကျူးလွန်ထားတဲ့ လုပ်ရပ်တွေဟာ နှစ်ပေါင်း ၇၀ ကျော်အတွင်းမှာ အဆိုးရွာဆုံး လုပ်ရပ် အချိန်ကာလဖြစ်တယ်။ ဒါကို ကျနော်တို့ သတင်းသမားတွေက အများပြည်သူတွေနဲ့ ကမ္ဘာက သိအောင် ကျနော်တို့ ဖိနှိပ်ခံနေရပေမယ့်လည်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုဖို့ လိုပါတယ်။ ” ဟု ပြောသည်။

ရခိုင်ပြည်အခြေစိုက် မီဒီယာများဖြစ်သည့် Narinjara, DMG, Western News တို့က အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာများ အပါအဝင် သတင်းထောက်များကို အာဏာသိမ်းစစ်ကောင်စီသည် အမှုဖွင့်လှစ်တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ကာ လိုက်လံရှာဖွေနေသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း သတင်းထောက်တစ်ဦး (ဖိုးသီဟ “ခေါ်” မြတ်သူထွန်း) သတ်ဖြတ်ခံရပြီး သတင်းထောက် ၅၉ ဦးနှင့် သတင်းမီဒီယာအလုပ်သမား ၃ ဦး စုစုပေါင်း ၆၂ ဦး ဖမ်းဆီးခံထားရကြောင်း RSF က မေလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular