Western News
Homeနိုင်ငံရေးမောင်တော အလယ်သံကျော်စခန်း အသိမ်းခံရပြီးနောက် ရဲနှင့်မိသားစုဝင် ၄၀၀ ခန့်ကို AA ထိန်းသိမ်းထားဟုဆို

မောင်တော အလယ်သံကျော်စခန်း အသိမ်းခံရပြီးနောက် ရဲနှင့်မိသားစုဝင် ၄၀၀ ခန့်ကို AA ထိန်းသိမ်းထားဟုဆို

ရခိုင်ပြည် မောင်တောမြို့နယ်က အလယ်သံကျော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၄၀၀ ခန့်ကို AA က ထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ အလယ်သံကျော်စခန်းကို ဇွန်လ ၉ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ဇွန်လ ၉ ရက်နေ့ စတင်သိမ်းပိုက်ခံရချိန်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ စခန်းသိမ်းပိုက်ခံနေရပြီဟု အကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၁၁ ရက်နေ့ကစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုံးဝ ဆက်သွယ်၍မရတော့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းရင်းမြစ်က ဆိုသည်။
“နခခ ၆၊ နခခ ၉၊ နခခ ၇ စခန်း အပါအဝင် နခခ စခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ၄၀၀ နီးပါးလောက် စစ်သုံ့ပန်းဖြစ်နေတာရှိပါတယ်။ တချို့ ပြန်လည်ပြီးတော့ ဆက်သွယ်လာတယ်။ ပြန်လည် ဆက်သွယ် သတင်းပို့တာရှိတယ်။ နောက်တစ်ခါ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးစာရင်းအဖြစ် သက်ဆိုင်ရာရဲဌာနတွေဆီမှာ စာရင်းပေးထားတာလည်း ရာချီရှိတယ်။ ပျောက်ဆုံးနဲ့ အဆက်အသွယ်မရတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် ကိန်းဂဏန်းအတိအကျကတော့ လူကြီးတွေလောက်ပဲ သိမယ်” ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။
အဆက်အသွယ် ပြတ်တောက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ရာပေါင်းများစွာ ရှိသည့်အနက်မှ ၄၀၀ နီးပါးမှာ AA ၏ လက်အောက်တွင် စစ်သုံ့ပန်းများအဖြစ် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
စစ်သုံ့ပန်းဖြစ်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့က ကျန်ရစ်သော မိသားစုဝင်များကို AA ရဲဘော်များ၏ ခွင့်ပြုချက်ဖြင့် ဆက်သွယ်အကြောင်းကြားလာမှုများရှိနေကြောင်း သိရှိရသည်။
AA ကမူ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ပြီး နခခ ၄ ၊ မောရဝတီ ၊ “နားခေါင်းတိုစခန်း” များအပါအဝင် တပ်စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဟု သတိပေးထားသည်။
စစ်ကောင်စီတပ်ဖွဲဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် AA တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
အမ်းမြို့နယ်၊ သံတွဲမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်နေပြီး ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်ကာ ကွန်ဖန်ဒရိတ်ထက်မနိမ့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို တောင်းမယူဘဲ တိုက်ယူကာ ကိုယ်တိုင်တည်ဆောက်သွားမည်ဟု AA က ပြောဆိုထားသည်။
ပုံစာ – စစ်ကောင်စီလက်အောက်ခံ မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular