Western News
Homeနိုင်ငံရေးစစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

(ယင်း ၁၂ ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီခေါ်လာသူ လူတစ်စုက ဖောက်ထွင်းနေ)


ရခိုင်ပြည် စစ်တွေမြို့အနီး ကျေးရွာ ၁၂ ရွာက ရွာသားများအားလုံး တစ်ယောက်မကျန်ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အတင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် အဓမ္မပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။
မပြောင်းရွှေ့လိုသည့် ရွာသားများနှင့် အိမ်စောင့်ကျန်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးကာ ငွေပေးမှ လွှတ်ပေးခဲ့ကြောင်း ကြွီတဲရွာသားများက ပြောသည်။


” ကျမတို့ ကြွီတဲရွာမှာ မပြောင်းရွှေ့လိုတဲ့သူတွေရှိတယ်။ အိမ်ကပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ ပျောက်မှာစိုးလို့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ သူတို့တွေကို လိုက်ဖမ်းတာ။ ၁၀ ယောက်ကျော် ပါသွားတယ်။ ဒီနေ့ မနက်မှ ငွေပေးလို့ ပြန်လွှတ်လာတယ်။ တစ်ယောက် ဘယ်လောက်ခဲ့ရသလဲ မသိဘူး။ စစ်ကောင်စီက ယုတ်မာလွန်းအားကြီးတယ်။ အိမ်စောင့်နေမယ်ဆိုတာတောင် မရဘူး။ ” ဟု ပြောသည်။


ပြောင်းရွှေ့ခံရသည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲ၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်သည်။
စစ်ကောင်စီသည် ယင်းကျေးရွာများအားလုံးကို ဖြိုဖျက်သွားမည်ဟု ရွာသားများ အသိပေးထားပြီး ရွာသားများကိုလည်း စစ်တွေမြို့ထဲသို့ ခေါ်ယူကာ ဓားစာခံအဖြစ် ထားရှိထားကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်အတွင်း ပြောင်းရွှေ့ရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ပြီးနောက် ရွာသားများမှာ စစ်တွေမြို့နှင့် အခြားဘေးကင်းရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယမန်နေ့ ဇွန် ၁၃ ရက်နေ့လယ်တွင် လူမနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ခေါ်လာသော မွတ်ဆလင်များက နေအိမ်ဖောက်ထွင်းမှုများ ပြုလုပ်ကြသည်ဟု နောက်ထပ် ကြွီတဲရွာသားတစ်ဦးက ပြောသည်။


” မနေ့က နေ့လယ်လောက်ကစပြီး လူမနေအိမ်တွေကို ဝင်ဖောက်ထွင်းတော့တာပါပဲ။ စစ်ကောင်စီတပ်တွေလည်းပါသလို စစ်ကောင်စီ ခေါ်လာတဲ့ မွတ်ဆလင်တွေလည်း ပါတယ်။ ကျမတို့မှာ ပြောင်းရွှေ့ရတယ်ဆိုပေမယ့် အိမ်က ပစ္စည်းအားလုံးကို သယ်ယူနိုင်တာမဟုတ်ဘူးလေ။ ကျွဲ၊ နွားအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေရှိမယ်။ သယ်လို့ မနိုင်တဲ့ ဆန်၊ စပါးတွေရှိမယ်။ အိမ်ပရိဘောဂတွေရှိမယ်။ အဝတ်အစားတွေရှိမယ်။ ဒါတွေအကုန်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်အချို့က ဖောက်ယူကြတာ။ တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ စစ်ကောင်စီဟာ ပြည်သူများအပေါ်မှာ ဘယ်လိုမှ အလေးထားတာမရှိဘူး။ ပြည်သူပိုင်တွေကို ယူမယ်။ မရရင်ဖမ်းမယ်။ သတ်မယ်။ နှိပ်စက်မယ် ဒါပဲ သူတို့ သိတယ်။ ” ဟု ပြောသည်။


ကြွီတဲကျေးရွာကဲ့သို့ အခြားသော ပြောင်းရွှေ့ခံရသည့် ကျေးရွာများတွင်လည်း အိမ်စောင့်ကျန်ခဲ့သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေသည့်အပြင် နေအိမ်များအားလုံးကို ဖောက်ထွင်းနေကြောင်းနှင့် ဖမ်းဆီးခံရသည့် အိမ်စောင့်ကျန်ခဲ့သူများမှာ ငွေပေးမှ ပြန်လွတ်ကြကြောင်း သိရသည်။


ဗျိုင်းဖြူရွာကဲ့သို့ မဖြစ်ပွားစေရန်အတွက် အဆိုပါ ၁၂ ရွာက ပြည်သူများကို စစ်တွေမြို့ထဲသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညွှန်ကြားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့တိုက်ခိုက်ခံရချိန် ဒေသခံ ရခိုင်ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ထားနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသုံးသပ်တစ်ဦးက ပြောသည်။


” ဒီကျေးရွာတွေကတစ်ဆင့် စစ်တွေမြို့ကို စိမ့်ဝင်ပြီး ထိုးစစ်ဆင်တိုက်လာမှာကို စစ်ကောင်စီက စိုးရိမ်နေတာ။ စစ်တွေမြို့ ပတ်လည်က ကျေးရွာတွေမှာ လူတစ်ဦးတစ်ယောက်မှ မရှိရဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီက လုပ်နေတာ။ ဒါမှ စစ်ကောင်စီက အချိန်ပြည့် ဗုံးကြဲတိုက်ခိုက်လို့ရမယ်ဆိုတဲ့ သဘော။ စစ်တွေမြို့ရဲ့ အပြင်ဘက် ၁၅ မိုင်ပတ်လည်ကို ကြိုရှင်းလင်းထားတဲ့ သဘောလို့ ယူဆလို့ရတယ်။ အဲဒီ ၁၅ မိုင်ပတ်လည်ကို AA က ဘယ်လိုမှ ဝင်လာလို့မရအောင် စစ်ရေးဗျူဟာတစ်ခုပေါ့နော်။ တစ်ဖက်မှာလည်း အနီးအနားကျေးရွာတွေက ပြည်သူတွေကို စစ်တွေမြို့ထဲကို ထည့်ထားမယ်။ ဒါဆို AA ကို ဓားစာခံတွေရှိတဲ့ ပုံစံမျိုး စစ်ကောင်စီက လုပ်မယ်ပေါ့။ ဒါကြောင့် အခု မဖြစ်မနေ ပြောင်းရွှေ့ရမယ့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်မှာ မပိတ်မိစေဖို့နဲ့ တကယ်လို့ ပြောင်းရမယ်ဆိုရင်တောင် AA ထိန်းချုပ်နယ်မြေကို ပြောင်းရွှေ့စေချင်တယ်။ ” ဟု သုံးသပ်ထားသည်။


AA ကလည်း စစ်တွေမြို့ထဲက ဒေသခံပြည်သူများအပါအဝင် ကျေးရွာအသီးသီးက ပြည်သူများအနေဖြင့် စစ်တွေမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်၍ လွတ်မြောက်နယ်သို့ အမြန်ဆုံးပြောင်းရွှေ့ရန် တိုက်တွန်းထားပြီး စစ်တွေမြို့ထဲသို့ ပြောင်းရွှေ့လာပါက စစ်ကောင်စီ၏ ဓားစာခံထောင်ချောက်သို့ ရောက်ရှိသွားပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ၎င်းက ဆက်လက် အကြံပြုပြောဆိုထားသည်။
စစ်တွေမြို့ထဲမှာရှိသည့် စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးယန္တရား မကျဆုံးစေရေးနှင့် မြို့တော်စစ်တွေ မကျဆုံးရှုံးစေရေးအတွက် စစ်ကောင်စီက နောက်ဆုံးစစ်ပွဲအဖြစ် ပြည်သူများကို ခုတုံးလုပ်ကာ ပြင်ဆင်နေသည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်သူများက ပြောဆိုကြသည်။
စစ်တွေမြို့ကို တိုက်ခိုက်မည်ဟု AA က ကြေညာပြီးနောက်ပိုင်း မြို့ခံအများစု မြို့ကိုစွန့်ခွာနေချိန် စစ်ကောင်စီသည် အနီးအနားကျေးရွာများက ဒေသခံပြည်သူများကို စစ်တွေမြို့ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွပ်သွင်းနေခြင်းဖြစ်သည်။
ပုံ – AASYC

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular