Western News
Home Blog Page 55

မြောက်ပိုင်းညီနောင်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာ၍ စစ်ကောင်စီတပ်များအားလုံး စစ်ပြင်ဆင်နေ

0
ညီနောင်မဟာမိတ်တပ်
ညီနောင်မဟာမိတ်တပ်

Western News| ဇွန် ၁၅
ရှမ်းပြည်နယ် မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာပြီဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု စုံစမ်းသိရသည်။

ကိုးကန့်တပ် MNDAA ၊ တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ညီနောင်တပ်ဖွဲ့များ လားရှို့မြို့အနီး ပတ်ဝန်းကျင်အထိ နေရာယူလာထားပြီး လားရှိုးစစ်ကောင်စီတပ်ရင်းများမှလည်း စစ်ရေးပြင်ဆင်နေ၍ နှစ်ဖက် စစ်ရေးတင်းမာနေကြသည်ဟ သတင်းရင်းမြစ်က ပြောသည်။
နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က “လားရှိုးနဲ့ ရှမ်းမြောက်တစ်ခွင်မှာ စစ်ရေးအရ အတော်လေးကို အဆင်သင့်ပြင်တာတွေ လုပ်နေတယ်။ တပ်အင်အားတွေ ထပ်ပြီးတော့ တိုးပို့နေတာလည်းရှိတယ်။ နဂိုလည်း ပို့နေပြီးသားတွေရှိတယ်။ လက်နက် ခဲယမ်းတွေ ပို့တာတွေလည်းရှိပါတယ်” ဟု ပြောသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ ဟိုင်ဂင်သဘာတူညီချက်ဖြင့် အပစ်အခတ် ရပ်စဲခဲ့ကြသည်။

သို့သော်လည်း စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်များကို သွယ်ဖီ၍ စစ်ရေးပြင်ဆင်ခြင်း၊ ကိုးကန့်နှင့်တအောင်းဒေသကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေသည်။
ဇွန်လ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က တအောင်းဒေသ မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာကြား TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခြင်း၊ လေယာဉ်က ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထိုကြောင့်လည်း တအောင်ဒေသတွင် စစ်ကောင်စီနှင့် TNLA တို့ နှစ်ဖက်စစ်ရေးတင်းမာနေသလို လားရှိုးမြို့ကို သိမ်းပိုက်ရန် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ချဉ်းကပ်လာခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။
စစ်ရေးသုံးသပ်သူတစ်ဦးက ” ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီဘက်က အရင်ဖျက်တာဆိုတော့ ဒီထက်ပိုဆိုးလာရင် ရှမ်းမြောက်တိုက်ပွဲက ပြန်စနိုင်တယ်။ ဟိုင်ဂင်အစည်းအဝေးတွေကလည်း ရလဒ် သိပ်ထွက်တာမဟုတ်ဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မရပ်တန့်ရင်တော့ မြောက်ပိုင်းတပ်တွေကလည်း ဒီအတိုင်းငြိမ်ခံမှာတော့ မဟုတ်ဘူး ထင်တယ်။ ” ဟု ပြောသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီသည် ဆုံးရှုံးသွားသော ရှမ်းမြောက်က ကိုးကန့်ဒေသနှင့် တအောင်းဒေသများကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ရေးပြင်ဆင်မှုများကို အကြီးစားပြုလုပ်နေကြောင်း သိရသည်။

လားရှို့မြို့အနီး ညီနောင်မဟာမိတ်တပ်များ ရောက်ရှိလာသည်ကို စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က နေပြည်တော် စစ်ရေးရုံးသို့ တိုင်ကြားထားသလို တရုတ်အစိုးရထံသို့လည်း တိုင်ကြားထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး

0

(သံတွဲတိုက်ပွဲ စစ်ရှောင်အရေအတွက် တိုးလာနေ၊ ခန့်မှန်းခြေ ၂၅,၀၀၀ ခန့်ရှိ)

ရခိုင်ပြည် သံတွဲမြို့နယ် ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေသေးကြောင်း စစ်ရေးအခြေအနေသိသူများထံမှ သိရသည်။
ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။
” ဂေါ့တောင်တိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့ကတောင် သံတွဲလေဆိပ်အနီးမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ ဟိုး အရင်ရက်တွေတုန်းကလောက် တိုက်ပွဲက သိပ်မပြင်းဘူး။ ဒီ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ပွဲကတော့ ဖြစ်ကြတာ မကြားမိဘူး။ ” ဟု ပြောသည်။


ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတစ်ဝိုက်နှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲက စစ်ကောင်စီတပ်စခန်းများမှာ သံတွဲမြို့အနီးသို့ ဆုတ်ခွာလာကြောင်းနှင့် AA က ယင်းဒေသကို ထိန်းချုပ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။


ဧပြီလတတိယအပတ်ကစတင်ခဲ့သည့် သံတွဲတိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် တိုက်ပွဲပြင်းထန်လာပြီး စစ်ရှောင်အရပ်သားပြည်သူများမှာလည်း အိုးအိမ်မဲ့နေရပ်စွန့်ခွာရသူ တိုးလာနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” တိုက်ပွဲကတော့ နေ့စဉ်ရှိနေတာပေါ့နော်။ တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းလား၊ လေယာဉ်နဲ့လားမသိဘူး။ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတော့ ပြည်သူတွေက ဘေးကင်းမယ်ထင်တဲ့ နေရာတွေကို သွားကြတာပေါ့။ စစ်ရှောင်အရေအတွက်ကတော့ တိုးတိုးလာနေတယ်။ ကျမတို့ ခန့်မှန်းတာက ၂၅,၀၀၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ အကူအညီတွေကတော့ မရဘူးလို့ပြောရမယ်။ ဖြစ်သလို စားသောက် နေထိုင်နေရပါတယ်။ အကူအညီရရင်တော့ သိပ်ကောင်းမှာပေါ့နော်။ ” ဟု ပြောသည်။


ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် စစ်ကောင်စီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရာချီပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ဆင်ခေါင်းရွာသား ၁၄ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂၄ ဦးထက်မနည်းရှိခဲ့ကြောင်းနှင့် နေအိမ် ၁၀၀ ကျော်မှာလည်း လုံးဝပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။


ဆင်ခေါင်းရွာမှ သေဆုံးသူ ၁၄ နှင့်ပေါင်းလျှင် သံတွဲတိုက်ပွဲအတွင်း အရပ်သားပြည်သူ သေဆုံးသူ ၃၉ ဦးအထိရှိလာနေပြီး အဆိုပါစာရင်းမှာ နာမည်၊ အသက်နှင့်တကွ အတည်ပြုနိုင်သော စာရင်းများဖြစ်သည်။
ရခိုင်ပြည်အတွင်း လက်ကျန်မြို့များအနက် သံတွဲ၊ မောင်တောနှင့် အမ်းမြို့နယ်တို့က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ တပ်စခန်းများကို အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး မောင်တောမြို့နယ်က မောရဝတီဌာနချုပ်အပါအဝင် တပ်စခန်း ၁၀ ခုကို ဇွန်လ နှစ်ပတ်အတွင်း AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ဓါတ်ပုံ – ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့က ပိတ်မိနေသော ပြည်သူထောင်ချီကို AA က ကယ်ထုတ်ပေးနေစဉ်။ (ဓါတ်ပုံ – APM)

မောင်တောက မောရဝတီဗျူဟာ အပါအဝင် တပ်စခန်း ၁၀ ခုကို AA သိမ်းပိုက်

0

ပြီးခဲ့သည့် နှစ်လခန့်ကစ၍ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မောင်တောမြို့သိမ်းတိုက်ပွဲ ဇွန်လ နှစ်ပတ်အတွင်း မောရဝတီဗျူဟာကုန်းအပါအဝင် စစ်ကောင်စီအရေးပါသော တပ်စခန်း ၁၀ ခုကို AA က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဇွန်လ ဒုတိယအပတ်တွင်း မောရဝတီဗျူဟာ၊ နခခ ၄ တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ နခေါင်းတိုစခန်းတို့ကို ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား၍ AA က သိမ်းပိုက်နိုင်ခဲ့သည်။


ဇွန်လ ပထမအတွင်းမှာ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆) စခန်း နှင့် နခခ (၉) စခန်းတို့ကို AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AA က ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီသည် မောင်တောမြို့ကို ဝင်ရောက်နိုင်သော ပြည်သူအသုံးပြုသည့် လမ်းတံတား အနည်းဆုံး ၁၀ စင်းထက်မနည်းကို မိုင်းခွဲဖျက်ဆီးထားသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့တွင် တောင်ကုတ်မြို့နှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း AA က ပြောသည်။
လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း AA က ထုတ်ပြန်ထားသည်။

သံတွဲမြို့နယ်က စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ

0

(ဓါတ်ပုံသတင်း)
ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စစ်ရှောင်အရပ်သားများလည်း နေ့စဉ်တိုးလာနေကာ အရေးပေါ် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
နိုင်ငံတကာအကူအညီများနှင့် အရပ်ဘက်အသင်းအဖွဲ့အစည်းများ၏ အကူအညီများမှာလည်း ဝင်ရောက်ကူညီမှု နည်းပါးနေပြီး မိုးတွင်းရာသီဖြစ်၍ အဓိက စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြသည်။
သံတွဲမြို့ပေါ်က အရပ်သားပြည်သူများ အားလုံးနီးပါးမှာ ကျေးလက်ဒေသများနှင့် AA ထိန်းချုပ်ရာနေရာဒေသများသို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်းနှင့် သံတွဲမြို့နယ်တွင် စစ်ရှောင်အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။
ပုံစာ – သံတွဲမြို့နယ်က ပြည်သူလူထုများမှာ ဘေးကင်းရာဟု ထင်ရသည့် နေရာများ၌ စစ်ရှောင်နေကြစဉ်။

(ဓါတ်ပုံ – ဝေဟင်အောင်)
မှတ်ချက် – ဝေဟင်အောင်သည် စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော ပရဟိတ လူငယ်တစ်ဦးဖြစ်သည်။ အကူအညီများ ပေးအပ်လိုသူများအနေဖြင့် ဝေဟင်အောင်မှတစ်ဆင့် လှူဒါန်းနိုင်ကြောင်း ၎င်းကိုယ်တိုင် နှိုးဆော်ထားသည်။

စစ်ကောင်စီကို လက်နက်နှင့် လေ့ကျင့်ရေးသင်တန်း ပံ့ပိုးသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို JMF ဖော်ထုတ်

1

နိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုများ ကျူးလွန်နေသော အာဏာသိမ်းစစ်ကောင်စီကို စစ်လက်နက်များနှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပိုးပေးနေသော အိန္ဒိယစီးပွားရေးကုမ္ပဏီများကို Justice for Myanmar က ဖော်ထုတ်လိုက်သည်။

အိန္ဒိယပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုကို စစ် လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွားနေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကိုအားပေး ကူညီလျက်ရှိကြောင်း JMF က ပြောဆိုသည်။

PSU များသည် အိန္ဒိယအစိုးရ၏ အများစုပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေးကဏ္ဍအပါအဝင် အိန္ဒိယစီးပွားရေးနယ်ပယ်တစ်ဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆ ခု ထိရှိကြောင်း သိရသည်။

မွတ်ဆလင်များအပေါ် မြန်မာစစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Stockholm International Peace Research Institute ၏ အချက်အလက်များအရ ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တတိယမြောက် လက်နက်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ မူဝါဒရေးရာသုတေသနအဖွဲ့ Vivekananda International Foundation ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာအရ အိန္ဒိယ စုစုပေါင်းလက်နက်တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း အတည်ပြုထားသည်။
အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ခဲ့သော စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းစာရင်းများကို ဖော်ပြထားပြီး ယင်းတွင် အမြောက်သေနတ်များ၊ ကျည်ကာအကျီနှင့် ဦးထုတ်များ၊ စစ်သင်္ဘောများနှင့် ပြန်လည်ပြုပြင် မွမ်းမံထားသော ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတို့ ပါဝင်ကြောင်း သိရသည်။

BrahMos Aerospace Private Limited
BrahMos Aerospace Private Limited (BrahMos Aerospace) သည် အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) နှင့် ရုရှားနိုင်ငံ၏ ပူးတွဲစတော့ ရှယ်ယာကုမ္ပဏီ “Military Industrial Consortium” “NPO Mashinostroyenia” တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး BrahMos Aerospace သည် ဒုံးကျည်များ ထောက်ပံ့ရေးအတွက် မြန်မာ စစ်အုပ်စုနှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။
BrahMos Aerospace ကို အသံထက် မြန်သောခရုဇ်ဒုံးပျံများ ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်း အတွက် တည်ထောင်ထားသည်။
ကုမ္ပဏီသည် အိန္ဒိယရေတပ်၊ ကြည်းတပ်နှင့် လေတပ်၏ လက်နက်တိုက်များတွင် ထည့်သွင်းထားသည့် သင်္ဘောအခြေစိုက်၊ မြေပြင်နှင့် ဝေဟင်အခြေစိုက် ခရုဇ်ဒုံးပျံများကို တီထွင်ထုတ်လုပ်နေသည်။
BrahMos ဒုံးကျည်သည် ပျံသန်းမှု တလျောက်လုံး အသံထက်မြန်သော အမြန်နှုန်းနှင့်အတူ ၂၉၀ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို ကိုယ်တိုင်ပဲ့ထိန်းစနစ်ဖြင့် တိကျစွာပစ်ခတ်နိုင်ပြီး ၎င်းကို ပစ်လွှတ်ပြီးသည်နှင့်တပြိုင်နက် “ပစ်မှတ်ကို မှန်မမှန် လှည့်ကြည့်စရာမလိုတော့ဘဲ မေ့ပစ်လိုက်လို့ ရသည်” ဟု အဓိပ္ပယ်ဆောင်သော (fire and forget) နည်းပညာဖြင့် ထိန်းချုပ်ပစ်ခတ်နိုင်ကြောင်း သိရသည်။
ဝေဟင်ပစ်လွှတ်သည့် BrahMos ဒုံးပျံဗားရှင်းကို မြန်မာ့လေတပ်အုပ်စုရှိ ရုရှားထုတ် တိုက် လေယာဉ်မျိုးကွဲတစ်ခုဖြစ်သည့် Su-30MKI တွင် ပေါင်းစပ်တပ်ဆင်ထားသည်။

၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ရုရှားနိုင်ငံပိုင် မီဒီယာအေဂျင်စီ TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် BrahMos Aerospace ၏ စီအီးအို Atul Rane က မြန်မာစစ်အုပ်စုသည် BrahMos ဒုံးကျည်များကို ဝယ်ယူလိုကြောင်းကို ထုတ်ဖော်ပြသခဲ့သည်ဟု ပြောကြားခဲ့သည်။
အဆိုပါရောင်းဝယ်မှုကို ဆက်လက် လုပ်ဆောင်ရန်အတွက် BrahMos အနေဖြင့် အိန္ဒိယခရက်ဒစ်လိုင်းမှ တစ်ဆင့် ငွေးကြေးထောက်ပံ့မှု အစီအစဥ်တစ်ခု လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း Rane က ရှင်းပြခဲ့ကြောင်း သိရှိရသည်။
မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များကို Brahmos Aerospace ကိုယ်စားလှယ်များမှ အနည်းဆုံး ၂ ကြိမ်တိုင်တိုင် အကျဉ်းချုံးရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အိန္ဒိယစစ်လက်နက်ပြပွဲ DefExpo တွင် ခရုဇ်ဒုံးကျည်အကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရှင်းလင်းပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် မြန်မာစစ်အုပ်စု၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ BrahMos Aerospace Complex သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Garden Reach Shipbuilders and Engineers Limited
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PSU ဖြစ်သည့် Garden Reach Shipbuilders & Engineers Limited (GRSE) သည် အာဏာသိမ်း ကြိုးပမ်းမှု မတိုင်မီ မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ခဲ့ပြီး အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းတွင်လည်း စီးပွားရေးများ ဆက်လက်လုပ်ဆောင်နေပုံရကာ GRSE သည် ကာလကတ္တားတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံ၏ ထိပ်တန်းသင်္ဘောကျင်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည်။

GRSE သည် မြန်မာ့စစ်တပ်အတွက် ဘေလီသံမဏိတံတားများ ထောက်ပံ့ပေးရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်အမှာစာတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
ကုမ္ပဏီ၏ ၂၀၁၈-၁၉ နှစ်ပတ်လည်အစီရင်ခံစာတွင် GRSE မှ “ရွှေ့ပြောင်းတပ်ဆင်နိုင်သော သံမဏိတံတားများတင်ပို့နိုင်ရေး ဘူတန်၊ မြန်မာ၊ နီပေါတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံ စျေးကွက်ချဲ့ထွင်မှုကို အားကျိုးမာန်တက် လုပ်ဆောင်ခဲ့ကြောင်း” ဖော်ပြထားကြောင်း သိရသည်။
GRSE ၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် “မိတ်ဆွေ နိုင်ငံခြားတိုင်း ပြည်များ” ထံ ရေတပ်သင်္ဘောများ တင်ပို့ရန် အစပျိုးလုပ်ဆောင်မှုများ ဆောင်ရွက်နေကြောင်း ထုတ်ဖော်ရေးသားခဲ့သည်။

အိန္ဒိယအောက်လွှတ်တော် (Lok Sabha)၊ ကာကွယ်ရေးဆိုင်ရာအမြဲတမ်းကော်မတီသို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာအရ GRSE သည် မြန်မာနိုင်ငံအတွက် စျေးကွက်ရှာဖွေရေး ကိုယ်စားလှယ် ၁ ဦးကို ခန့်အပ်ခဲ့ပြီးကာ “အပူတပြင်း စျေးကွက်ရှာဖွေရေး လုပ်ငန်းများ” လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။
ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာစစ်အုပ်စု၏ အမျိုးသားကာကွယ်ရေး ကောလိပ်မှ လာရောက်လည်ပတ်မှုများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

အလည်အပတ်ခရီး စဉ်များ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသော်လည်း စစ်ရေး လေ့ကျင့်မှုသင်တန်းများတွင် GRSE ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းရကြောင်း၊ GRSE သည် အိန္ဒိယနိုင်ငံအဆင့်စတော့အိတ်ချိန်းတွင် စာရင်းဝင်ဖြစ်ပြီး၊ ၇၅ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ကာ အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ SBI Funds Management၊ Sanlam Investment Management၊ Dimensional Fund Advisors နှင့် DFA Australia တို့ ပါဝင်ကြောင်း သိရသည်။

BEML Limited
BEML သည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PSU တစ်ခုဖြစ်ပြီး မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ပေးထားကာ ယခင်က Bharat Earth Movers Limited ဟု လူသိများသော BEML သည် မီးရထားလမ်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် အကြီးစား စက်ကိရိယာမျိုးစုံကို ထုတ်လုပ်သည်။
ကာကွယ်ရေးကဏ္ဍတွင် BEML သည် အိန္ဒိယ၏ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ဖော်ဆောင်ထုတ်လုပ်ရေး စီမံကိန်းအတွက် မြေပြင်အထောက်ကူပြုယာဉ်များကို ထောက်ပံ့ပေးကြောင်း သိရှိရသည်။

၎င်း၏ လေယာဉ်တည်ဆောက်ရေးဌာနခွဲမှ တစ်ဆင့် ကုမ္ပဏီသည် လေယာဉ်လက်နက်သယ် တွန်းလှည်းများနှင့် ဘက်စုံသုံးလက်နက်တင် ကိရိယာများအပါအဝင် မြေပြင်အထိုင် အကူကိရိယာများကို ထုတ်လုပ်သည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် စစ်အုပ်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် BEML ၏ ရထားထုတ်လုပ်မှု စက်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး စစ်အုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို တရားမဝင် ထိန်းချုပ် ထားကာ ၎င်း၏ တပ်ဖွဲ့ဝင်များ၊ လက်နက်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် ရထားများကို အသုံးပြုခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နားလည်မှုစာချွန်လွှာတွင် ကုမ္ပဏီသည် စက်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများကို တင်ပို့ခဲ့ကြောင်း အတည်ပြုခဲ့သည်။

၂၀၁၉ ခုနှစ်တွင် BEML Limited သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို ကာကွယ်ရေး ပစ္စည်းကိရိယာများ တင်ပို့ရောင်းချနိုင်ရေး အာရုံစိုက်လုပ်ဆောင်နေပြီး တင်ပို့ရောင်းချမှုကို တိုးမြှင့်ကာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်တွင် BEML သည် မြန်မာနိုင်ငံတွင် “ဖြန့်ဖြူးရောင်းချမှုကွန်ရက်ကို မြှင့်တင်နေကြောင်း” နှင့် မြန်မာနိုင်ငံတွင် ဖြန့်ချီရေး ကိုယ်စားလှယ်ကို ခန့်အပ်ထားကြောင်း ထုတ်ဖော်ပြောကြားထားပြီး ကုမ္ပဏီအနေဖြင့် ၎င်းဖြန့်ချီရေး ကိုယ်စားလှယ်အမည်ကို Justice For Myanmar သို့ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

BEML သည် ဘုံဘေစတော့ အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထားပြီး ၅၄ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ကာ အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ Nippon Life India Asset Management၊ Kotak Mahindra Asset Management၊ Carne Global Fund Managers (Ireland) နှင့် White Oak Capital Partners တို့ ပါဝင်ကြောင်း သိရသည်။


Hindustan Shipyards Limited
၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ PSU တစ်ခုဖြစ်သည့် Hindustan Shipyards Limited (HSL) သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်အမှာစာများကို ဆောင်ရွက်နေကြောင်း ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဗီဆာကာပါနန်မြို့တွင် တည်ရှိပြီး၊ ကုမ္ပဏီသည် ကမ်းလွန်ကင်းလှည့် သင်္ဘောများနှင့် တိုင်းတာရေး သင်္ဘောများ တည်ဆောက်ကာ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံမှု များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ HSL ဥက္ကဋ္ဌ၏ ကြေငြာချက်တွင် ကုမ္ပဏီအနေဖြင့် ပို့ကုန်များ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံအပါအဝင် ကာကွယ်ရေး စစ်သံမှူးများ/သံရုံးများနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။

၂၀၂၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် INS Sindhuvir အဖြစ် အိန္ဒိယရေတပ်တွင် အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောအား မြန်မာရေတပ်ထံ ရောင်းချပေးခဲ့ပြီး လွှဲပြောင်းရောင်းချရာတွင် မြန်မာ့ရေတပ်အတွက် မောင်းနှင်အသုံးပြုရေးနှင့် ပြုပြင် ထိန်းသိမ်းရေး သင်တန်းများ ပါဝင်ပြီး မြန်မာနိုင်ငံသို့ မလွှဲပြောင်းမီ ရေငုပ်သင်္ဘောကို HSL တွင် ပြန်လည်ပြုပြင်ခဲ့ကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် HSL သည် မင်းအောင်လှိုင်ကို တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ကြိုဆိုလက်ခံခဲ့ကြောင်း သိရှိရသည်။

Yantra India Limited
အိန္ဒိယ ကာကွယ်ရေးကဏ္ဍ PSU တစ်ခုဖြစ်သည့် Yantra India Ltd သည် မြန်မာစစ်အုပ်စု၏ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာစစ်အုပ်စုထံ ၁၂၂ မီလီမီတာ အမြောက်ပြောင်း အများအပြား တင်ပို့ခဲ့ကြောင်း အိန္ဒိယပို့ကုန် မှတ်တမ်းများက အတည်ပြုထားသည်။
ယင်း ၁၂၂ မီလီမီတာ အမြောက်ပြောင်းများသည် အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်တပ်ဌာနတစ်ခုဖြစ်သော ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားမှုးရုံးဟုလည်း သိကြသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (OCDI) ၏ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဟောင်ဝှစ်ဇာများအတွက် အသုံးပြုရန် ဖြစ်နိုင်ခြေ များပြားသည်။

မြန်မာစစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်ရှိ လက်တွေ့အသုံးပြုမှုတွင် အတွေ့အကြုံရှိသည့် သတင်းရင်းမြစ်များက OCDI အနေဖြင့် ကောင်းမွန်သည့်နည်းပညာမရှိမှု ပြည်တွင်းမှ ရရှိနိုင်သည့် ကုန်ကြမ်းများ အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့် ကလီဘာသေနတ်အမြောက်ပြောင်းကြီးများကို ရရှိနိုင်သည့် နေရာများမှ ဝယ်ယူနိုင်ရေးကိုသာ အဓိကမှီခိုလုပ်ဆောင်နေရကြောင်း မှတ်ချက်ပေး ပြောကြားထားသည်။

Mazagon Dock Shipbuilders Limited
Mazagon Dock Shipbuilders Limited (MDL) သည် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအပြင် အရပ်ဘက်ရေယာဉ်များပါ တည်ဆောက်သည့် မွမ်ဘိုင်းအခြေစိုက် အိန္ဒိယကာကွယ်ရေး PSU ကုမ္ပဏီဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယအောက်လွှတ်တော်၊ ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီထံသို့ ပေးပို့သော အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ MDL သည် မြန်မာနိုင်ငံသို့ ပေးပို့မည့် ပို့ကုန်များအတွက် အေဂျင်စီ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း MDL သည် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ဝယ်ယူရန် တင်ဒါများထုတ်ပြန်ခဲ့သည်။
ယင်းတင်ဒါများတွင် အိန္ဒိယ၏ အနောက်နိုင်ငံမဟာမိတ်များက စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ခဲ့သော တင်ဒါများလည်း ပါဝင်ကြောင်း သိရှိရသည်။
မြန်မာ့သစ်လုပ်ငန်း (MTE) သည် မြန်မာ့ကျွန်းသစ်ရောင်းဝယ်ရေးကို ထိန်းချုပ်ကာ စစ်အုပ်စုထံ အမြတ်အစွန်းများ စီးဆင်းစေပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးလျက် ရှိနေသည်။

MDL သည် ဘုံဘေစတော့အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထား ပြီး ၈၅ ရာခိုင်နှုန်း နိုင်ငံပိုင် ဖြစ်ကာ အခြားအစုရှယ်ယာရှင်များမှာ Edelweiss Asset Management၊ Aditya Biria Sun Life Amc၊ Tata AIA Life Insurance၊ Capital Investment Trust၊ ITI Asset Management နှင့် Russel Investments တို့ ပါဝင်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများ အားလုံးချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့်ရေး သင်တန်းအားလုံး ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုထားသည်။
အိန္ဒိယ စစ်တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေး ပတ်သက်ဆက်နွယ်မှုရှိကြ သည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုထံ ပံ့ပိုးထောက်ပံ့နေမှုအားလုံး ပိတ်ပင်ရေး တိုက်တွန်းရန် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း Justice For Myanmar က ဆက်လက် တောင်းဆိုထားသည်။
ဓာတ်ပုံ – စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၁၉ ခုနှစ် အိန္ဒိယခရီးစဉ်။

စစ်ကောင်စီက လက်နက်ကြီးဆက်တိုက်ပစ်နေ၍ ပေါက်တောနှင့် ပုဏ္ဏားကျွန်းက ကျေးရွာအချို့ ထပ်မံတိမ်းရှောင်နေရ

0

စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်မှုကြောင့် ရခိုင်ပြည် ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှ ကျေးရွာအချို့မှာ ယခုရက်ပိုင်းအတွင်းကစ၍ တိမ်းရှောင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။
တိမ်းရှောင်နေရသည့် ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုး၊ အောင်ဇေယျ၊ ခမောင်းတော၊ ကန်ချောင်းနှင့် ပေါက်တောမြို့နယ် ကြိမ်ခွေမော် သဝင်ချောင်းတို့အပါအဝင် ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ်ကို စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် ရေတပ်တို့မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံများတိမ်းရှောင်နေရသည်ဟု ပေါက်တောဒေသခံတစ်ဦးက ပြောသည်။


“စစ်တွေကနေလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ ရွာတွေမှာကျတယ်။ စစ်တွေကနေအရင်ကတည်းက ခုလိုပစ်ခတ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အခုကပိုဆိုးလာတော့ ဘယ်သူမှမနေရဲကြတော့တာ။ ဒါကြောင့် လက်နက်ကြီးကျတဲ့ ကျေးရွာကဒေသခံတွေဟာ တစ်ခြားနယ်တွေမှာ သွားရှောင်နေကြတယ်” ဟုပြောသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုလည်း ထိုနည်းတူစွာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ကျေးရွာအချို့မှ ဒေသခံအများစုမှာ စစ်ဘေးထပ်ရှောင်နေရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် တန်ဘက်လှန်းရွာ ဒေသခံတစ်ဦးက ဆိုသည်။
“ပုဏ္ဏားကျွန်းက စစ်တွေနဲ့နီးတော့ ဘယ်အချိိန်မဆိုလှမ်းပစ်လိုက်ရင်ကျလာနိုင်တယ်။ ဒါကကျနော်တို့နယ်ခံတွေရဲ့စိုးရိမ်မှုပါ။ အခုလည်း ပုဏ္ဏားကျွန်းနယ်တွေမှာ လက်နက်ကြီးတွေနေ့စဥ်နီးပါးဆိုသလိုကျနေတာကြားနေမြင်နေရတော့ အများအားဖြင့် ကျေးရွာတွေကနေရှောင်ဖို့တွေးနေကြပြီ။ စစ်ရှောင်လို့ရောက်တာဖြင့် ဘာမှမကြာသေးဘူး ထပ်ရှောင်ကြရတော့မယ့်အခြေနေကတော့ တော်တော်ဆိုးပါတယ်” ဟုပြောသည်။

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံများမှာ ၎င်းတို့ဒေသတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားစဉ်ကလည်း နီးစပ်ရာဒေသများသို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြရမှုများရှိခဲ့ပြီး လက်ရှိတွင်လည်း မိမိဒေသတွင်းပြန်လည်နေထိုင်နိုင်မှုမရှိသူများလည်း အများအပြားရှိနေသေးသည်။

ပေါက်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှာ AA မှအပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ လေကြောင်းရေကြောင်း အသုံးပြုပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးဒဏ်ရာရမှု၊ လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုတို့ မကြာခဏရှိနေသည့် ဒေသများလည်းဖြစ်သည်။
ပုံစာ – ရခိုင်ပြည်မှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူများကို တွေ့ရစဉ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ VPN အကြောင်းပြပြီး ခြိမ်းခြောက်ငွေညစ်နေ

0

ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် စစ်ကောက်စီ လက်အောက်ခံ စစ်သားများနှင့် ရဲတပ်သားများမှာ လမ်းသွားလမ်းလာ ပြည်သူများထံမှ လက်ကိုင်ဖုန်းများကို ရှောတခင်ဝင်ယူ စစ်ဆေးပြီး VPN (Virtual Private Network) ဆော့ဝဲလ်များတွေ့လျှင် ခြိမ်းခြောက်ငွေညစ် တောင်းယူနေကြောင်း သိရသည်။
စစ်ကောင်စီက အတည်မပြုသေးသည့် ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အကြောင်းပြ၍ မြေပြင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာများ၏ ဖုန်းများကို VPN ရှိမရှိ စစ်ဆေးနေသည်။
မျက်မြင်တွေ့ရှိသူတစ်ဦးက ” အခုဆို ကျနော်တို့ ဖုန်းတောင် အပြင်မယူရဲတော့ဘူး။ လမ်းပေါ်မှာ တားပြီးစစ်တယ်။ ကားပေါ်မှာ စစ်လို့ တွေ့ရင်တော့ ဖမ်းတာတွေရှိတယ်။ ဖမ်းတာဆိုတာကလည်း သူတို့က ပိုက်ဆံတောင်းတာပေါ့။ ပြီးရင် ဆော့ဝဲလ်ဖျက်ပေးပြီး ပြန်လွှတ်ပေးတယ်” ဟု ပြောသည်။


ဖုန်းထဲတွင် VPN ဆော့ဝဲလ်ကိုတွေ့လျှင် ခြိမ်းခြောက်ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များမှာ ချင်းပြည်နယ်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ရန်ကုန်တိုင်းများတွင် ဖြစ်ပွားလျှက်ရှိနေပြီး အချို့နေရာများတွင် ရည်ရွယ်ချက်ရှိရှိ ဂိတ်ချစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်ကို သိရှိခဲ့သူတစ်ဦးက ” ဂိတ်ချပြီးကို စစ်တာ။ လူငယ်တွေကို ပိုပြီး ရစ်တယ်။ နိုင်ငံရေးနဲ့ပတ်သက်တာတွေ ရှိလားဆိုပြီး စစ်ဆေးနေတာ အဲဒီကောင်လေးကိုတော့ ဖုန်းထဲမှာ VPN ကလည်း အများကြီးတွေ့သွားတယ်။ စခန်းကိုဖမ်းပြီးခေါ်သွားတယ်” ဟု ဆိုသည်။


မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက်များကို အသုံးပြု၍ မရရှိစေရန် စစ်ကောင်စီသည် VPN ဆော့ဝဲလ်များကို မေလ ၃၀ ရက်နေ့က စတင်ဖြတ်တောက်ခဲ့ပြီး သို့သော်လည်း နည်းလမ်းအမျိုးမျိုးဖြင့် ဆက်လက်အသုံးပြုနေကြ၍ စစ်ကောင်စီသည် VPN အသုံးပြုများကို ဖမ်းဆီးနိုင်ရန် ဥပဒေတစ်ရပ် ပြဌာန်းရေး ပြင်ဆင်စီမံနေသည်။


အာဏာသိမ်း စစ်ကောင်စီသည် သတင်းသိပိုင်ခွင့်ကို ထိန်းချုပ်ရန် Facebook အပါအဝင် လူမှုကွန်ရက်အချို့ကို ပိတ်ထားသော်လည်း Facebook ကို အစားထိုး လူမှုကွန်ရက်အဖြစ် MySpace အပလီကေးရှင်းကို လွှင့်တင်ခဲ့သည်။
သို့သော်လည်း လတ်တလောမှာ စစ်ကောင်စီ၏ ဝါဒဖြန့် MySpace လူမှုကွန်ရက်စာမျက်နှာသည် ဝိုင်းဝန်းဆန့်ကျင် တိုက်ခိုက်ခံရခြင်းကြောင့် Google Play Store နှင့် Apple Store တို့တွင် မတွေ့ရတော့ပေ။
ပုံစာ – ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေးမြို့ လမ်းမပေါ်မှာ လုံခြုံရေးယူထားတဲ့ ရဲများနဲ့ စစ်တပ်တပ်ဖွဲ့ဝင်များ။ (ဓါတ်ပုံ – AP)

မတူပီမြို့ကို သိမ်းပိုက်ရန် ချင်းညီနောင် စစ်ဆင်ရေးစတင်၊ AA လည်းပါဝင်ဟု သိရ

0

ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ချင်းညီနောင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဆင်ရေးစတင်နေပြီဟု ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

မတူပီမြို့ထဲက စစ်ကောင်စီတပ်ခန်းများကို မကွေးတိုင်းအခြေစိုက် ယောတပ် YA နှင့် အခြားသော မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်ဟု ချင်းညီနောင်များက ပြောဆိုထားပြီး အာရက္ခတပ်တော် AA လည်းပါဝင် တိုက်ခိုက်ပေးနေသည်ဟု နီးစပ်သူများထံမှ သိရသည်။

လက်ရှိတွင် မတူပီမြို့အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်လျှက်ရှိပြီး ချင်းညီနောင်တော်လှန်ရေး ပူးပေါင်းတပ်က မတူပီရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းလိုက်ပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။

ချင်းပြည်ထဲက မကွီးအိမ်နူး၊ ကျင်ဒွေး၊ ဝေဘူလ၊ ရိဒ်ခေါဒါရ်၊ နှာရိန်နှင့် ဆူခွာမြို့ စသည့် မြို့များကို ချင်းညီနောင်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားပြီဖြစ်သည်။

ပုံစာ – မတူပီမြို့

စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

0

(ယင်း ၁၂ ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီခေါ်လာသူ လူတစ်စုက ဖောက်ထွင်းနေ)


ရခိုင်ပြည် စစ်တွေမြို့အနီး ကျေးရွာ ၁၂ ရွာက ရွာသားများအားလုံး တစ်ယောက်မကျန်ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အတင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် အဓမ္မပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။
မပြောင်းရွှေ့လိုသည့် ရွာသားများနှင့် အိမ်စောင့်ကျန်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးကာ ငွေပေးမှ လွှတ်ပေးခဲ့ကြောင်း ကြွီတဲရွာသားများက ပြောသည်။


” ကျမတို့ ကြွီတဲရွာမှာ မပြောင်းရွှေ့လိုတဲ့သူတွေရှိတယ်။ အိမ်ကပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ ပျောက်မှာစိုးလို့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ သူတို့တွေကို လိုက်ဖမ်းတာ။ ၁၀ ယောက်ကျော် ပါသွားတယ်။ ဒီနေ့ မနက်မှ ငွေပေးလို့ ပြန်လွှတ်လာတယ်။ တစ်ယောက် ဘယ်လောက်ခဲ့ရသလဲ မသိဘူး။ စစ်ကောင်စီက ယုတ်မာလွန်းအားကြီးတယ်။ အိမ်စောင့်နေမယ်ဆိုတာတောင် မရဘူး။ ” ဟု ပြောသည်။


ပြောင်းရွှေ့ခံရသည့် ကျေးရွာများမှာ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲ၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာများဖြစ်သည်။
စစ်ကောင်စီသည် ယင်းကျေးရွာများအားလုံးကို ဖြိုဖျက်သွားမည်ဟု ရွာသားများ အသိပေးထားပြီး ရွာသားများကိုလည်း စစ်တွေမြို့ထဲသို့ ခေါ်ယူကာ ဓားစာခံအဖြစ် ထားရှိထားကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အထိ ငါးရက်အတွင်း ပြောင်းရွှေ့ရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ပြီးနောက် ရွာသားများမှာ စစ်တွေမြို့နှင့် အခြားဘေးကင်းရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယမန်နေ့ ဇွန် ၁၃ ရက်နေ့လယ်တွင် လူမနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ ခေါ်လာသော မွတ်ဆလင်များက နေအိမ်ဖောက်ထွင်းမှုများ ပြုလုပ်ကြသည်ဟု နောက်ထပ် ကြွီတဲရွာသားတစ်ဦးက ပြောသည်။


” မနေ့က နေ့လယ်လောက်ကစပြီး လူမနေအိမ်တွေကို ဝင်ဖောက်ထွင်းတော့တာပါပဲ။ စစ်ကောင်စီတပ်တွေလည်းပါသလို စစ်ကောင်စီ ခေါ်လာတဲ့ မွတ်ဆလင်တွေလည်း ပါတယ်။ ကျမတို့မှာ ပြောင်းရွှေ့ရတယ်ဆိုပေမယ့် အိမ်က ပစ္စည်းအားလုံးကို သယ်ယူနိုင်တာမဟုတ်ဘူးလေ။ ကျွဲ၊ နွားအပါအဝင် အိမ်မွေးတိရစ္ဆာန်တွေရှိမယ်။ သယ်လို့ မနိုင်တဲ့ ဆန်၊ စပါးတွေရှိမယ်။ အိမ်ပရိဘောဂတွေရှိမယ်။ အဝတ်အစားတွေရှိမယ်။ ဒါတွေအကုန်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မွတ်ဆလင်အချို့က ဖောက်ယူကြတာ။ တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ စစ်ကောင်စီဟာ ပြည်သူများအပေါ်မှာ ဘယ်လိုမှ အလေးထားတာမရှိဘူး။ ပြည်သူပိုင်တွေကို ယူမယ်။ မရရင်ဖမ်းမယ်။ သတ်မယ်။ နှိပ်စက်မယ် ဒါပဲ သူတို့ သိတယ်။ ” ဟု ပြောသည်။


ကြွီတဲကျေးရွာကဲ့သို့ အခြားသော ပြောင်းရွှေ့ခံရသည့် ကျေးရွာများတွင်လည်း အိမ်စောင့်ကျန်ခဲ့သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးနေသည့်အပြင် နေအိမ်များအားလုံးကို ဖောက်ထွင်းနေကြောင်းနှင့် ဖမ်းဆီးခံရသည့် အိမ်စောင့်ကျန်ခဲ့သူများမှာ ငွေပေးမှ ပြန်လွတ်ကြကြောင်း သိရသည်။


ဗျိုင်းဖြူရွာကဲ့သို့ မဖြစ်ပွားစေရန်အတွက် အဆိုပါ ၁၂ ရွာက ပြည်သူများကို စစ်တွေမြို့ထဲသို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ညွှန်ကြားခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်တွေမြို့တိုက်ခိုက်ခံရချိန် ဒေသခံ ရခိုင်ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ထားနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်ဟု ရခိုင်စစ်ရေးသုံးသပ်တစ်ဦးက ပြောသည်။


” ဒီကျေးရွာတွေကတစ်ဆင့် စစ်တွေမြို့ကို စိမ့်ဝင်ပြီး ထိုးစစ်ဆင်တိုက်လာမှာကို စစ်ကောင်စီက စိုးရိမ်နေတာ။ စစ်တွေမြို့ ပတ်လည်က ကျေးရွာတွေမှာ လူတစ်ဦးတစ်ယောက်မှ မရှိရဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီက လုပ်နေတာ။ ဒါမှ စစ်ကောင်စီက အချိန်ပြည့် ဗုံးကြဲတိုက်ခိုက်လို့ရမယ်ဆိုတဲ့ သဘော။ စစ်တွေမြို့ရဲ့ အပြင်ဘက် ၁၅ မိုင်ပတ်လည်ကို ကြိုရှင်းလင်းထားတဲ့ သဘောလို့ ယူဆလို့ရတယ်။ အဲဒီ ၁၅ မိုင်ပတ်လည်ကို AA က ဘယ်လိုမှ ဝင်လာလို့မရအောင် စစ်ရေးဗျူဟာတစ်ခုပေါ့နော်။ တစ်ဖက်မှာလည်း အနီးအနားကျေးရွာတွေက ပြည်သူတွေကို စစ်တွေမြို့ထဲကို ထည့်ထားမယ်။ ဒါဆို AA ကို ဓားစာခံတွေရှိတဲ့ ပုံစံမျိုး စစ်ကောင်စီက လုပ်မယ်ပေါ့။ ဒါကြောင့် အခု မဖြစ်မနေ ပြောင်းရွှေ့ရမယ့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်မှာ မပိတ်မိစေဖို့နဲ့ တကယ်လို့ ပြောင်းရမယ်ဆိုရင်တောင် AA ထိန်းချုပ်နယ်မြေကို ပြောင်းရွှေ့စေချင်တယ်။ ” ဟု သုံးသပ်ထားသည်။


AA ကလည်း စစ်တွေမြို့ထဲက ဒေသခံပြည်သူများအပါအဝင် ကျေးရွာအသီးသီးက ပြည်သူများအနေဖြင့် စစ်တွေမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်၍ လွတ်မြောက်နယ်သို့ အမြန်ဆုံးပြောင်းရွှေ့ရန် တိုက်တွန်းထားပြီး စစ်တွေမြို့ထဲသို့ ပြောင်းရွှေ့လာပါက စစ်ကောင်စီ၏ ဓားစာခံထောင်ချောက်သို့ ရောက်ရှိသွားပြီး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ၎င်းက ဆက်လက် အကြံပြုပြောဆိုထားသည်။
စစ်တွေမြို့ထဲမှာရှိသည့် စစ်ကောင်စီ၏ ပြည်နယ်အုပ်ချုပ်ရေးယန္တရား မကျဆုံးစေရေးနှင့် မြို့တော်စစ်တွေ မကျဆုံးရှုံးစေရေးအတွက် စစ်ကောင်စီက နောက်ဆုံးစစ်ပွဲအဖြစ် ပြည်သူများကို ခုတုံးလုပ်ကာ ပြင်ဆင်နေသည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်သူများက ပြောဆိုကြသည်။
စစ်တွေမြို့ကို တိုက်ခိုက်မည်ဟု AA က ကြေညာပြီးနောက်ပိုင်း မြို့ခံအများစု မြို့ကိုစွန့်ခွာနေချိန် စစ်ကောင်စီသည် အနီးအနားကျေးရွာများက ဒေသခံပြည်သူများကို စစ်တွေမြို့ထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွပ်သွင်းနေခြင်းဖြစ်သည်။
ပုံ – AASYC

မောင်တော အလယ်သံကျော်စခန်း အသိမ်းခံရပြီးနောက် ရဲနှင့်မိသားစုဝင် ၄၀၀ ခန့်ကို AA ထိန်းသိမ်းထားဟုဆို

0

ရခိုင်ပြည် မောင်တောမြို့နယ်က အလယ်သံကျော် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ၄၀၀ ခန့်ကို AA က ထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ အလယ်သံကျော်စခန်းကို ဇွန်လ ၉ ရက်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ဇွန်လ ၉ ရက်နေ့ စတင်သိမ်းပိုက်ခံရချိန်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ စခန်းသိမ်းပိုက်ခံနေရပြီဟု အကြောင်းကြားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဇွန်လ ၁၁ ရက်နေ့ကစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို လုံးဝ ဆက်သွယ်၍မရတော့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းရင်းမြစ်က ဆိုသည်။
“နခခ ၆၊ နခခ ၉၊ နခခ ၇ စခန်း အပါအဝင် နခခ စခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ၄၀၀ နီးပါးလောက် စစ်သုံ့ပန်းဖြစ်နေတာရှိပါတယ်။ တချို့ ပြန်လည်ပြီးတော့ ဆက်သွယ်လာတယ်။ ပြန်လည် ဆက်သွယ် သတင်းပို့တာရှိတယ်။ နောက်တစ်ခါ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးစာရင်းအဖြစ် သက်ဆိုင်ရာရဲဌာနတွေဆီမှာ စာရင်းပေးထားတာလည်း ရာချီရှိတယ်။ ပျောက်ဆုံးနဲ့ အဆက်အသွယ်မရတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် ကိန်းဂဏန်းအတိအကျကတော့ လူကြီးတွေလောက်ပဲ သိမယ်” ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။
အဆက်အသွယ် ပြတ်တောက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ရာပေါင်းများစွာ ရှိသည့်အနက်မှ ၄၀၀ နီးပါးမှာ AA ၏ လက်အောက်တွင် စစ်သုံ့ပန်းများအဖြစ် ထိန်းသိမ်းခံထားရကြောင်း သိရသည်။
စစ်သုံ့ပန်းဖြစ်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့က ကျန်ရစ်သော မိသားစုဝင်များကို AA ရဲဘော်များ၏ ခွင့်ပြုချက်ဖြင့် ဆက်သွယ်အကြောင်းကြားလာမှုများရှိနေကြောင်း သိရှိရသည်။
AA ကမူ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ပြီး နခခ ၄ ၊ မောရဝတီ ၊ “နားခေါင်းတိုစခန်း” များအပါအဝင် တပ်စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်မည်ဟု သတိပေးထားသည်။
စစ်ကောင်စီတပ်ဖွဲဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် AA တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
အမ်းမြို့နယ်၊ သံတွဲမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်နေပြီး ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်ကာ ကွန်ဖန်ဒရိတ်ထက်မနိမ့်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်ကို တောင်းမယူဘဲ တိုက်ယူကာ ကိုယ်တိုင်တည်ဆောက်သွားမည်ဟု AA က ပြောဆိုထားသည်။
ပုံစာ – စစ်ကောင်စီလက်အောက်ခံ မောင်တောမြို့နယ်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)