Western News
Homeစစ်ရေးAA ထုတ်ပြန်သော သံတွဲမြို့သိမ်းတိုက်ပွဲ

AA ထုတ်ပြန်သော သံတွဲမြို့သိမ်းတိုက်ပွဲ

(မြန်မာ့တော်လှန်ရေးသမိုင်းတွင် လေဆိပ်သိမ်းသည့်တပ် AA ဖြစ်လာ)

သံတွဲမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး စစ်ကောင်စီ၏ ခလရ ၅၅ နှင့် ကြိုကြားတိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

အစောပိုင်းတွင် ကြိုကြားတိုက်ပွဲများဖြင့် စတင်ခဲ့သော်လည်း မေလနှင့် ဇွန်လတို့တွင် နေ့စဉ်နီးပါး တိုက်ပွဲများပြင်းထန်ကာ ဇူလိုင်လ ပထမ အပတ်မှာ တိုက်ပွဲအရှိန် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပြောထားသည်။

သံတွဲမြို့နယ်နှင့် ငပလီမြို့တို့တွင် အာဏာသိမ်း စစ်ကောင်စီမှာ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းအပြင် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်း အများအပြားရှိနေသည်။

သံတွဲဒေသရှိ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများမှာ ခလရ ၂၃၅၊ ခလရ ၂၅၁၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈) နှင့် ခလရ (၂၅၉) တို့ ဖြစ်သည်။

ယင်းအပြင် ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) – လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) – နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့ နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များလည်း ပါဝင်တိုက်ခိုက်နေကြောင်း သုံ့ပန်းများပြောကြားချက်အရ သိရသည်ဟု AA က ပြောသည်။

AA ထိုးစစ်ဆင်နေသော သံတွဲမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီက ဘင်္ဂလားပင်လယ်အော် ရေပြင်ထက်ကနေ စစ်သင်္ဘော ၅ စီးပါသည့် စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော ကမ်းခြေတို့မှ လက်နက်ကြီးများ ပစ်ကူပေးနေကြောင်း သိရသည်။

ဒရုန်းတိုက်ခိုက်မှုနဲ့ လေကြောင်းပစ်ကူပေးခြင်းတို့ဖြင့်လည်း အာဏာသိမ်း စစ်ကောင်စီက AA ထိုးစစ်ကို အပြင်းအထန်ခုခံနေပြီး သံတွဲမြို့သိမ်းတိုက်ပွဲမှာ အလွန်ပြင်းထန်လျက်ရှိနေသည်။

သံတွဲမြို့သိမ်းတိုက်ပွဲမှာ တိုက်ပွဲအပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ပြီး ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲဖြစ်သည်ဟု AA က ထုတ်ပြန်ပြောဆိုထားသည်။

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန်ခုခံနေသော်လည်း အာရက္ခတပ်တော် AA က အရှိန်မြင့်ထိုးစစ်ဆင်တိုက်ခိုက်ကာ သံတွဲမြို့နယ် ငပလီမြို့က သံတွဲလေဆိပ်အနီး ခမရ ၅၆၆ တပ်ရင်းကို ဇွန်လ ၂၇ ရက်နေ့မှာ သိမ်းပိုက်ခဲ့သည်။

သံတွဲမြို့ အနီးပတ်ဝန်းကျင်က စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း AA က သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိထားကြောင်း သိရသည်။

ခမရ ၅၆၆ တပ်ရင်းကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးပြီးနောက် သံတွဲလေဆိပ်၌ တပ်စွဲထားသော တပ်ရင်းများ မကျဆုံးရှုံးစေရေးအတွက် အင်အား ၄၀၀ ခန့်ဖြင့် ခုခံခဲ့သော်လည်း AA က သံတွဲလေဆိပ်ကို ဇူလိုင်လ ၅ ရက် နံနက်ပိုင်းမှာ ထိန်းချုပ်သိမ်းပိုက်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ယင်းအပြင် လေဆိပ်အနီး သုံးထပ်တိုက်တစ်ခုမှ ခုခံနေသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီ စစ်စခန်းကိုလည်း AA က ဇူလိုင်လ ၆ ရက် နံနက် ၁၁ နာရီခန့်မှာ သိမ်းပိုက်ကာ သံတွဲလေဆိပ်ကို အပြီးအပိုင်ထိန်းချုပ်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

သံတွဲလေဆိပ်သည် ကမ္ဘာကျော် ငပလီကမ်းခြေမှာရှိပြီး မြန်မာ့တော်လှန်ရေးသမိုင်းတွင် လေဆိပ်ကိုသိမ်းသော ပထမဆုံးတော်လှန်ရေးတပ်မှာ အာရက္ခတပ်တော် AA ဖြစ်သည်ကို တွေ့ရသည်။

ကမ္ဘာလှည့်ခရီးသွားများမှာ ရန်ကုန်၊ မန္တလေးကတစ်ဆင့် ရခိုင်ပြည် သံတွဲလေဆိပ်သို့ ဆိုက်ရောက်ကာ ငပလီကမ်းခြေမှာ ရက်ကြာ အပန်းဖြေများ ပြုလုပ်ကြသည်ဟု သံတွဲဒေသခံများက ပြောဆိုကြသည်။

သံတွဲလေဆိပ်နှင့် ခမရ ၅၆၆ တပ်ရင်းတို့က စစ်ကောင်စီတပ်သား အလောင်း ၄၀၀ ကျော်နှင့် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိကာ စစ်ကောင်စီ တပ်သားအလောင်းများကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး သံတွဲမြို့နယ်တွင် တစ်ခုတည်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၅၅ တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကိုလည်း လိုက်လံရှင်းလင်းနေသည်ဟုဆိုသည်။

ခလရ ၅၅ တပ်ရင်းမှာ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းအချို့၊ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်ရင်းနှင့် အခြားအမည်မသိ တပ်ရင်းအချို့တို့ ပူးပေါင်းတိုက်ခိုက် ခုခံနေကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်က မြို့ ၁၀ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ၁၁ မြို့မြောက်အဖြစ် သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် AA က စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့များအား အရှိန်းပြင်းပြင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

တစ်ဆက်တည်းမှာလည်း အမ်းမြို့နှင့် မောင်တောမြို့ကို သိမ်းပိုက်နိုင်ရန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန်လ ၂၃ ရက်နေ့က အမ်းမြို့ တောဟိန်းတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့သလို ဇူလိုင်လ ၆ ရက်နေ့က မောင်တော နခခ ၂ နယ်ခြားစောင့်တပ်စခန်းကို AA က သိမ်းပိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular