Western News
Homeစီးပွားရေးပုဂ္ဂလိကဘဏ်အချို့တွင် စပယ်ရှယ်အကောင့်ကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေး

ပုဂ္ဂလိကဘဏ်အချို့တွင် စပယ်ရှယ်အကောင့်ကို တစ်ရက် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေး

မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်များတွင် စပယ်ရှယ်ဘဏ်အကောင့်များကို တစ်ရက်လျှင် ကြိုက်သလောက် ထုတ်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ငွေကျပ် ၁၀ သိန်းသာ ထုတ်ပေးတော့ကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပုဂ္ဂိလကဘဏ်များတွင် အကောင့်များကို ငွေထုတ်ကန့်သတ်ခဲ့ပြီးနောက် ငွေသွင်းငွေထုတ် ပိုမိုလွယ်ကူစေရန် စပယ်ရှယ် (Special Account) ဘဏ်အကောင့်များကို ထပ်မံ ဖွင့်လှစ်ပေးခဲ့သော်လည်း ယခုအခါ ကြိုက်သလောက် ငွေထုတ်၍ မရတော့ပေ။

ဗဟိုဘဏ်က သတ်မှတ်ထားသော ချေးငွေထက် ပိုလွန်၍ ချေးငွေပိုထုတ်ချေးခဲ့သည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီက ပုဂ္ဂလိက ဘဏ် ၇ ခုကို အရေးယူမည်ဟု ဇူလိုင်လ ၁ ရက်နေ့က ကြေညာခဲ့သည်။

ထိုသို့ ကြေညာပြီးနောက် ဇူလိုင်လ ၂ ရက်နေ့ကစ၍ ငွေအပ်ထားသော ပြည်သူများမှာ ဘဏ်များက ငွေထုတ်ယူမှု များပြားနေသောကြောင့် ပုဂ္ဂလိက ဘဏ်အချို့သည် ကြိုက်သလောက် ထုတ်ယူ၍ရသော စပယ်ရှယ်အကောင့်က ငွေများကို ကန့်သတ်လိုက်ခြင်းဖြစ်သည်။

” အရင်အပတ်က သိန်း ၂၀ နဲ့ သိန်း ၅၀ လောက် ထုတ်ပေးသေးတယ်။ ဒီနေ့ KBZ နဲ့ AYA မှာ ၁၀ သိန်းနဲ့ သိန်း ၂၀ ပဲ ထုတ်ပေးတော့မယ်တဲ့။ အများဆုံး သိန်း ၂၀ ပဲ။ AYA ကလည်း မူရင်းဘဏ်မဟုတ်ရင် Special Account ကိုတောင် ၁၀ သိန်းပဲ ပေးမယ်တဲ့။ အတော်ကို အခြေအနေဆိုးနေတာ။ ငွေထုတ်တဲ့သူတွေလည်း ကြိတ်ကြိတ်တိုးနေတယ်” ဟု ယနေ့ ငွေသွားရောက် ထုတ်ယူသူတစ်ဦးက ပြောသည်။

စစ်ကောင်စီက အရေးယူမည်ဟု ကြေညာထားသော ဘဏ်များမှာ ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာဘဏ်တို့ဖြစ်သည်။

စုံစမ်းချက်အရ ဘဏ်များအပေါ်လိုက်၍ AYA ဘဏ်က Special Account ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ အကြား၊ KBZ က ငွေကျပ် ၁၀ သိန်းမှ သိန်း ၂၀ အကြား၊ CB ဘဏ်က ငွေကျပ် သိန်း ၂၀ မှ သိန်း ၅၀ အကြား စသည်ဖြင့် အမျိုးမျိုးပြောင်းလဲ သတ်မှတ်နေကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ” ငွေသားလက်ကျန်ရှိမှုအပေါ် မူတည်ပြီး ငွေထုတ်သူတွေကို ငွေသားတွေ ကန့်သတ်ထုတ်ပေးနေတာဖြစ်ပါတယ်။ ငွေထုတ်သူများပြားရင်တော့ ရရှိတဲ့ ငွေပမာဏလည်း နည်းပါးမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေက ပြည်သူတွေ ငွေစုပြုံတိုးထုတ်နေတာကြောင့် ပုံမှန်အတိုင်း အသွင်းအထုတ်လုပ်ရင် ငွေပမာဏ ကန့်သတ်စရာမရှိဘူး။ ” ဟု ပြောသည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဘဏ်စနစ်ပြိုလဲစေရန်နှင့် ငွေကြေးစျေးကွက်ပျက်စီးစေရန် လူမှုကွန်ရက်များမှ တစ်ဆင့် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်နေသည်ဟု သတင်းထုတ်ပြန်သော်လည်း ပုဂ္ဂလိကဘဏ်များက ငွေသားများ ကန့်သတ်ထုတ်ပေးနေမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular