Western News
Homeသတင်းရခိုင်ပြည်အတွင်း စစ်ရှုံးနေချိန် စစ်ကောင်စီက စစ်တွေမြို့တွင် ရန်ကာဘုရား နှစ်ဆူ တည်

ရခိုင်ပြည်အတွင်း စစ်ရှုံးနေချိန် စစ်ကောင်စီက စစ်တွေမြို့တွင် ရန်ကာဘုရား နှစ်ဆူ တည်

ရခိုင်ပြည်အတွင်း တပ်စခန်း တစ်ခုပြီးတစ်ခု တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ဆုံးရှုံးနေရချိန် အာဏာသိမ်း စစ်ကောင်စီသည် မြို့တော် စစ်တွေမြို့တွင် ရန်ကာဘုရားနှစ်ဆူ တည်နေကြောင်း ဒေသခံများက ပြောသည်။

ရန်ကာဘုရားနှစ်ဆူကို ရန်ကုန်မြို့က ကုန်တင်သင်္ဘောဖြင့် ဇူလိုင်လ ၃ ရက်နေ့က စစ်တွေမြို့သို့ ပင့်ဆောင်လာပြီး လောကာနန္ဒာဘုရားဝန်းတွင် ထပ်မံ တည်ထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ဇူလိုင် ၃ ရက်နေ့က သင်္ဘောနဲ့ပင့်လာတာ။ သင်္ဘောကနေတစ်ဆင့် ကားနဲ့ယူလာတယ်။ ၄ ရက်နေ့မှာ အနေကဇာ တင်တယ်။ လောကာနန္ဒာဘုရားမှာပဲ မြောက်ဘက် တစ်ပါး၊ တောင်ဘက် တစ်ပါး တည်ထားတယ်” ဟု ပြောသည်။

အဆိုပါ ဘုရားနှစ်ဆူကို စစ်ကောင်စီက ရန်ကာဘုရားဟု အမည်ပေးထားပြီး စစ်ရှုံးနေသော ရခိုင်ပြည်ကို ပြန်လည်ရရှိရန် စစ်ကောင်စီသည် တပ်ဖွဲ့ဝင်များအား အယုံသွင်းသည့် လုပ်ရပ်ဖြစ်သည်ဟု သုံးသပ်သူတစ်ဦးက ထောက်ပြသည်။

“စစ်တွေဟာ နိုင်ငံရေးအရ အုပ်ချုပ်ရေးပိုင်းဟာ ပျက်သုန်းသွားပြီဖြစ်တဲ့ မြို့တစ်ခုဖြစ်သလို စစ်ရေးအရလည်း ဂျောင်ပိတ်မိနေတယ်။ ဒီအချိန် ဘုရားတည်တာက ဘုရားတကာလုပ်ပြီး တပ်ဖွဲ့ဝင်တွေကို အယုံသွင်းတဲ့ သဘောမျိုးလည်းပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ရန်သူကိုကာတဲ့ သဘောမျိုးနဲ့သာ ဒီဘုရား ၂ ဆူကို တည်တယ်ဆိုရင် ဒါက ဗုဒ္ဓဘာသာတွေလုပ်တဲ့ အလုပ်မျိုးမဟုတ်ဘူး။ ဒီလိုလုပ်တာဟာ ဒေါသပါနေတဲ့အတွက် ကိုယ့်ဒေါသဟာလည်း ကိုယ့်ဆီမှာပဲ ပြန်ပူလောင်စေလိမ့်မယ်” ဟု ပြောသည်။

လောကာနန္ဒာစေတီတော်ကြီးသည် ရဲနွယ်စုရပ်ကွက်ရှိ မေယုလမ်းနှင့် သတ္တဌာနလမ်းထောင့်တွင် တည်ရှိပြီး ၁၉၉၉ ခုနှစ်၊ မတ်လ ၂ ရက်တွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်လည်းဖြစ်သည်။

စစ်ကောင်စီက တစ်ဖက်မှာ ရန်ကာဘုရားကို တည်ထားကိုးကွယ်နေပြီး စစ်တွေဒေသခံများကို နေ့စဉ်ဖမ်းဆီးခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းနှင့် တရားစွဲဆို ထောင်ချခြင်းများကို ပြုလုပ်နေသည်။

ယင်းအပြင် အရပ်လေးမျက်က ဆက်သွယ်ရေးလမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထား၍ စစ်တွေမြို့အတွင်းမှ ထွက်မရောက်ဘဲ ကျန်ရှိနေသေးသည့် ဒေသခံပြည်သူများနှင့် ဝန်ထမ်းများအုပ်စုများမှာ စားနပ်ရိက္ခာ ဖူလုံမှုမရှိဘဲ ပိတ်မိနေကြကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် ပလက်ဝအပါအဝင် ရခိုင်ပြည်အတွင်းက မြို့ ၁၀ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ဆက်လက်၍ စစ်ကောင်စီရှိမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

လက်ရှိတွင် သံတွဲမြို့နယ်တစ်ခုလုံး သိမ်းပိုက်ရရှိရန် လက်တစ်ကမ်းအလိုတွင်ရှိနေပြီး ငပလီမြို့က စစ်ကောင်စီတပ်ရင်းနှစ်ခုစလုံးကို သိမ်းပိုက်ထားပြီလည်းဖြစ်သည်။ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းပြီးပါက သံတွဲမြို့နယ်တစ်ခုလုံးအား အပြည့်အဝ AA က ထိန်းချုပ်နိုင်မည်ဖြစ်သည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular