Western News
Homeစစ်ရေးသံတွဲတိုက်ပွဲ စစ်မှုထမ်းသစ် ၁၀၀ ကျော် အပို့ခံရ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ

သံတွဲတိုက်ပွဲ စစ်မှုထမ်းသစ် ၁၀၀ ကျော် အပို့ခံရ မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ

ရခိုင်ပြည် သံတွဲတိုက်ပွဲကို စစ်မှုထမ်းသစ် အပတ်စဉ် ၁ ဆင်း တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ပို့လိုက်ပြီး AA က ငပလီမြို့ရှိ တပ်ရင်းများကို သိမ်းပိုက်ပြီးနောက် မိသားစုဝင်များနှင့် အဆက်အသွယ်သွားပြီဟု သိရသည်။

ဇွန်လ ၂၈ ရက်နေ့က တိုက်ကြီး တန်းမြင့်လေ့ကျင့်ရေးကျောင်းဆင်းသော စစ်မှုထမ်းသစ်များထဲမှ တပ်ဖွဲ့ဝင် ၁၀၀ ကျော်မှာ ဇွန်လ ၂၉ ရက်နေ့က သံတွဲတိုက်ပွဲ ရှေ့စစ်မျက်နှာပြင်သို့ အပို့ခံရကြောင်း မိသားစုဝင်များက ပြောသည်။

သံတွဲအပို့ခံရသည့် စစ်မှုထမ်းသစ် တပ်သား အစ်ကိုဖြစ်သူက ” သူက ရန်ကုန်တိုက်ကြီး အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဇွန်လ ၂၈ ရက်နေ့က သင်တန်းဆင်းသွားတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကပါ ။ အသက် ၃၁ နှစ်ပါ။ သူနောက်ဆုံးအကြိမ်ဖုန်းဆက်ခဲ့တာက ဇွန်လ ၂၉ ရက်နေ့မှာ ဖုန်းဆက်တာပါ။ ရခိုင်၊ သံတွဲဘက် ပို့လိုက်တယ်လို့ ပြောတယ်။ အဲဒီက တည်းက အဆက်အသွယ်ပြတ်သွားတာပါ” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း နှစ်ခုစလုံး ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့ကို အပြီးအပိုင်သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရမိထားကြောင်း မြေပြင်သတင်းများအရ သိရသည်။

တိုက်ကြီး တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်သား ၁၀၀ ကျော်ကို ရခိုင်စစ်မျက်နှာပြင်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ရှမ်းမြောက်သို့လည်း စစ်မှုထမ်းသစ် သင်တန်းဆင်းများကို ပို့ဆောင်ခဲ့ကြောင်း စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်များက အတည်ပြုပြောဆိုထားကြသည်။

စစ်မှုထမ်းသစ် တပ်ဖွဲ့ဝင်မိသားစုတစ်ဦးက “ကမ်းခြေမှာ အဖမ်းခံထားရတဲ့ စစ်သုံ့ပန်းတွေထဲမှာ ဘယ်ဘက်လက်မောင်း တက်တူးနဲ့ နူတ်ခမ်းကွဲနေတဲ့ ကျနော့်ညီလေးနဲ့ အရမ်းတူတဲ့ လူတစ်ဦးမြင်ရလို့ စုံစမ်းပေးစေချင်ပါတယ်။” ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် မောင်တောမြို့နယ် မကျည်း (မကျီး) ချောင်း နယ်ခြားစောင့်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သုံ့ပန်း ၃၅ ဦးကို ဖမ်းဆီးရမိကြောင်း ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ရာတွင် ၎င်း၏ ညီနှင့်တူသော တပ်ဖွဲ့ဝင်ကို တွေ့ရ၍ စုံစမ်းခိုင်းနေခြင်းဖြစ်သည်။

မကျီးချောင်းနယ်ခြားစောင့်တပ်စခန်းကို AA က ဇူလိုင်လ ၁၁ ရက် နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ်သား အလောင်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားဖြင့် သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မကျီးချောင်းနယ်ခြားစောင့်တပ်စခန်းတွင် စစ်တွေမြို့ရှိ ဒကစ လက်အောက်ခံ ခလရ ၂၆၃ တပ်ရင်းနှင့် အခြားစစ်စခန်းအချို့မှ ထွက်ပြေးလာသော တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲများ ပါဝင်ပြီး စစ်ကောင်စီတပ်သား ၃၀ ဦးခန့်မှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

အာရက္ခတပ်တော် AA သည် မောင်တောဒေသတွင် လက်ကျန် စစ်ကောင်စီတပ်စခန်းများနှင့် ထွက်ပြေးထွက်လွတ်မြောက်နေသော တပ်သားများကို လိုက်လံရှင်းလင်း တိုက်ခိုက်နေသလို သံတွဲမြို့နယ်အတွင်လည်း ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်း တိုက်ခိုက်နေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular