Western News
Homeစီးပွားရေးရခိုင်မှာ ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်

ရခိုင်မှာ ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်

ရခိုင်ပြည်အတွင်း KBZ Pay, Wave Money နှင့် ပြင်ပငွေလွှဲလုပ်ငန်းများတွင် ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွား၍ ငွေထုတ်သူများကြား အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က ငွေထုတ်ဈေးရာခိုင်နှုန်း ၁၅ ကနေ ယခုရက်ပိုင်းအတွင်း မြင့်တက်လာကာ ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ ပေါက်ဈေးအရ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခြင်းဖြစ်သည်။

ရခိုင်ပြည်ထဲက ငွေထုတ်ဈေးမှာ စစ်ကောင်စီက ဘဏ်လုပ်ငန်းရှင်များအား ဖမ်းဆီးအရေးယူခြင်းနှင့် ဘဏ်များမှ ငွေထုတ်ယူမှုကန့်သတ်ချက်ကြောင့် ရာခိုင်နှုန်း အဆမတန် မြင့်တက်သွားခြင်းဖြစ်သည်။

ပြည်မက ဘဏ်ပြဿနာများကြောင့် ရခိုင်ပြည်ထဲက ငွေလွှဲလုပ်ငန်းများ ဈေးမြှင့်တင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ ငွေထုတ်ခဲ့သူ မာန်အောင် ဒေသခံတစ်ဦးက ပြောသည်။

“ဟိုဖက်မှာ ဘဏ်ပြဿနာပေါ်ပြီး ဘဏ်ကငွေတွေ ထုတ်မရတော့တဲ့ နောက်ပိုင်း ဒီဘက်မှာလည်း ငွေတွေထုတ်မပေးကြတော့ဘူး။ ထုတ်ပေးတဲ့ သူတွေကလည်း ၁ သိန်းကို ၂ သောင်းနီးပါးရမှပဲ ထုတ်ပေးတယ်။ ၂၀ ရာခိုင်းနှုန်းပေါ့။ အခုက အဲ့လိုမျိုးဖြစ်နေပါတယ်” ဟု ပြောသည်။

တစ်ဖက်မှာလည်း ရခိုင်ပြည် မြို့နယ်အများစုတွင် ဘဏ်လုပ်ငန်းများ လည်ပတ်ခြင်းမရှိ၍ ပြည်သူထဲရှိ ငွေကျပ်များမှာ လှည့်ပတ်လည်နေခြင်းဖြစ်ပြီး အချို့သော ငွေလွှဲလုပ်ငန်း အေးဂျင့်များမှာ လုပ်ငန်း ရပ်တန့်ထားကြောင်း သိရသည်။

မင်းပြားမြို့ရှိ ငွေလွှဲငွေထုတ် လုပ်ကိုင်သူတစ်ဦးက “ထုတ်ပေးမယ့် ငွေမရှိတာကြောင့် အလုပ်ယာယီရပ်ထားရတာပါ။ ငွေလွှဲမယ်ဆိုရင်တော့ ရတယ်။ အထုတ်ပဲ မရတာ။ ဒါ့ပေမယ့် ဒီမှာ အလွှဲဆိုတာ မရှိသလောက် ရှားပါတယ်။ ငွေထုတ်မယ့်သူတွေပဲ တန်းစီနေတာလေ” ဟုပြောသည်။

ငွေထုတ်ခ ၂၀ ရာခိုင်နှုန်း ပေးရခြင်းမှာ ရခိုင်တပြည်နယ်လုံးတွင် ဖြစ်နေသော်လည်း အဓိက မင်းပြား၊ မာန်အောင်အပြင်၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ပေါက်တော ပိုမိုဆိုးရွားနေပြီး အမ်းမြို့နယ်တွင်မူ ၅ ရာခိုင်နှုန်းခန့်ဖြင့် ထုတ်ယူ၍ရနေသေးကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း ငွေကြေးလည်ပတ်မှု ခက်ခဲနေသော်လည်း စီးပွားရေး လောဘကြီးသူများက ဘဏ်ပြဿနာကို အကြောင်းပြု၍ ငွေထုတ်ခ ဈေးနှုန်းကို အဆမတန် တောင်းယူနေခြင်းကြောင့်လည်း ငွေကျပ် တစ်သိန်းထုတ်လျှင် နှစ်သောင်းကျပ်ကို ပေးနေရခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် ဘဏ်လုပ်ငန်း လုံးဝ ရပ်တန့်သွားပြီး KBZ Pay နှင့် Wave Money က အလုပ်ဖြစ်နေကာ မှတ်ပုံပြ သို့မဟုတ် ဖုန်းနံပါတ်ဖြင့် ထုတ်ယူ၍ရသော ပြင်ပ ငွေလွှဲလုပ်ငန်းများဖြင့် လည်ပတ်နေရခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များတွင် ဘဏ်များ ဖွင့်ထားသော်လည်း မြို့အဝင်အထွက် ပိတ်ပင်ထားခြင်းနှင့် စစ်ဆေးမှုများ တင်းကျပ်ခြင်းကြောင့် ငွေထုတ်ယူ၍ မရရှိကြပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular