Western News
Homeနိုင်ငံရေးလားရှိုးမြို့က စစ်ကောင်စီ၏ ကလေးစစ်သားများကို ကိုးကန့်တပ်က ဖမ်းဆီးရမိ

လားရှိုးမြို့က စစ်ကောင်စီ၏ ကလေးစစ်သားများကို ကိုးကန့်တပ်က ဖမ်းဆီးရမိ

ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ် နန်းကျိုင်းစစ်စခန်းကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီအသုံးပြုထားသော ကလေးစစ်သားများကို ဖမ်းဆီးရမိထားကြောင်း MNDAA က တရားဝင်ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံတစ်ဝှမ်း စစ်ရှုံးနေချိန် တပ်အင်အားမလုံလောက်တော့၍ အသက် ၁၈ နှစ်မပြည့်သေးသော ကလေးများကိုပါ စစ်ရေးအတွက် အသုံးပြုနေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ နန်းကျိုင်းစစ်စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့က ကိုးကန့်တပ်က သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများထဲတွင် ကလေးစစ်သား ၃ ဦးပါဝင်ကြောင်း MNDAA က ဆိုသည်။

လားရှိုးမြို့ကို သိမ်းပိုက်နိုင်ရန် MNDAA သည် စစ်ကောင်စီတပ်များ၊ စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇူလိုင်လ ၁၃ ရက်နေ့ကလည်း တိုက်ပွဲအတွင်းမှ စစ်ကောင်စီ တပ်သား ဒုတိယတပ်ခွဲမှူး အပါအဝင် သုံ့ပန်း ၃၂ ဦးကို ဖမ်းဆီးရရှိခဲ့သည်။

တိုက်ပွဲအတွင်းမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများမှာ ဒဏ်ရထား၍ ကိုးကန့်တပ် MNDAA က ဆေးဝါးကုသမှုများ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

ထို့အတူ ရှမ်းပြည်နယ်၊ သီပေါနှင့် မိုင်းရယ်မြို့နယ်အစပ် ဆင်ကျော့ကျေးရွာအုပ်စုရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၂၃ တပ်စခန်းကိုလည်း MNDAA က တိုက်ခိုက်သိမ်းယူခဲ့သည်။

ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီ၏ ခလရ-၂၃ စစ်စခန်းကို MNDAA က ဝင်ရောက်ပစ်ခတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular