Western News
Homeစီးပွားရေးကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ကျိန္တလီဒေသခံများ ပင်လယ်ထဲ ငါးဖမ်းခွင့် စစ်ကောင်စီပိတ်ပင်

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့က ငါးဖမ်းစက်လှေများကို ပင်လယ်ထဲဆင်းခွင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့စ၍ အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပင်လယ်ထဲ ငါးရှာထွက်လျှင် တွေ့ပါက စစ်ကောင်စီ ဂိတ်များနှင့် ပင်လယ်ထဲရှိ စစ်သင်္ဘောများက ပစ်ခတ်မည်ဟု ခြိမ်းခြောက်ပိတ်ပင်ထားကြောင်း အမည်မဖော်လိုသည့် ကျိန္တလီဒေသတစ်ဦးက ပြောသည်။

” မနေ့ကစပြီး ပင်လယ်ထဲ ငါးရှာခွင့် ပိတ်ပင်လိုက်တာပါ။ ငါးဖမ်းစက်လှေတွေ ဘယ်စက်လှေမှ မထွက်ရဆိုပြီး စာထုတ်ပိတ်ပင်ထားသလို မြို့ကိုလှည့်ပတ် လော်စပီကာနဲ့ အော်ပြီးတော့ လည်း ပြောထားပါတယ်။ အဲလိုပိတ်လိုက်တော့ စားဝတ်နေရေး ထိခိုက်လာကြမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။

ကျိန္တလီမြို့၏ အဓိက လုပ်ငန်းတစ်ခုမှာ ငါးဖမ်းလုပ်ငန်းဖြစ်ပြီး မိုးရာသီကာလတွင် ပုဇွန်ရှာဖွေကြကြောင်း သိရသည်။

သံတွဲမြို့ ထိန်းချုပ်ခံရပြီးနောက် ကျိန္တလီ၊ ဂွမြို့ဘက်သို့ တိုက်ပွဲကူးစက်လာမည်ကို စိုးရိမ်၍ အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေးပြင်ဆင်သည့်အနေဖြင့် ဒေသခံများ စီးပွားရေးအား ပိတ်ပင်နေခြင်းဖြစ်သည်။

ကျိန္တလီ မြို့အဝင်အထွက်တွင် စစ်ကောင်စီက တပ်စခန်းဂိတ်များ တိုးချထားသလို ကျီန္တလီမြို့နှင့် ၃ မိုင်အကွာ ကျေးရွာများတွင်လည်း တပ်စခန်းဂိတ်များ ထိုးချထားကြောင်း စစ်ရေးသိသူတစ်ဦးက ပြောသည်။

” မြို့အဝင်အထွက်မှာ ဂိတ် ၃ ခုလောက်ကို ထိုးချထားသလို ကျိန္တလီရဲစခန်းမှာလည်း အင်အား တိုးချထားပါတယ်။ သံတွဲ-ကျိန္တလီမြို့ကြားမှာလည်း ကျေးရွာတွေမှာ လမ်းမတွေမှာ တပ်စခန်းတွေ တိုးချထားပါတယ်။ အခု ပင်လယ်ကို ထိန်းချုပ်ဖို့ ပြင်ဆင်နေတယ်။ ငါးဖမ်းလှေကို မထွက်ရဘူး။ ပင်လယ်ထဲမှာ စစ်သင်္ဘောတွေ သွားလာပြီး ကျိန္တလီနဲ့ ဂွမြို့ကို အင်အားဖြည့်မယ်ဆိုတဲ့ သဘော။ ” ဟု ပြောသည်။

သံတွဲမြို့နယ်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မောင်ရွေလေးရေတပ်ကို AA က ရှင်းလင်းနိုင်ပါက တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်ဘက်သို့ တိုက်ပွဲကူးစက်လာနိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

အာရက္ခတပ်တော် AA ကမူ ရခိုင်ပြည်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ တပ်စခန်းများရှိရာနေရာများနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များကို ပိတ်ဆို့ဝန်းရံထားပြီး အမြန်ဆုံးလက်နက်ချအညံ့ခံရန် သတိပေးထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular