Western News
Homeစစ်ရေးစစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ

စစ်တွေ ဗျိုင်းဖြူရွာက နေအိမ်များ ဖြိုဖျက်ခံနေရ

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက နေအိမ်များကို သူခိုးများနှင့် အနီးအနားကျေးရွာမှ ဒေသခံများ လာရောက် ဖြိုဖျက်ဆီးနေကြကြောင်း ဗျိုင်းဖြူရွာသားများက ပြောသည်။

မေလ နောက်ဆုံးအပတ်တွင် ရွာလုံးကျွတ် ဖမ်းသတ်ဖြတ်ခံရပြီးနောက် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ စစ်တွေမြို့ထဲ၌ ရွှေ့ပြောင်းနေထိုင်ကြရသည်။

စစ်ကောင်စီက ဗျိုင်းဖြူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျန်ရှိ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း ရွာထဲ၌ ပြန်လည်နေထိုင်ခွင့် မပေးဘဲ ကန့်သတ်ထားသည်။

ရွာထဲ လူမရှိ၍ သူခိုးများနှင့် အနီးအနားကျေးရွာက ဒေသခံများမှာ နေအိမ်များကို ဖြိုဖျက်ကာ တစစီဆွဲဖြဲယူနေကြသည်ဟု ဗျိုင်းဖြူရွာသား အမျိုးသမီးတစ်ဦးက ပြောသည်။

” အခုရွာထဲက နေအိမ်တွေ အဖြိုခံနေကြရပါတယ်။ သူတို့ လိုအပ်တာတွေ ဖြိုဖျက်ပြီး ယူနေကြတာပါ။ ဝရံတာတွေက ပွတ်လုံးတွေ ယူတယ်။ ပျဉ်ထောင်အိမ်တွေဆို သစ်တွေ ခွာယူတယ်။ အုတ်တံတိုင်းတွေ ကာထားတဲ့ အိမ်တွေဆို တံတိုင်းကို ဖြိုဖျက်ပြီး ဝင်ကြတယ်။ ခိုးတဲ့သူတွေက အနီးနားက မွတ်ဆလင်ကျေးရွာတွေ၊ ရခိုင်ကျေးရွာတွေက လူတွေပါပဲ” ဟု ပြောသည်။

ဗျိုင်းဖြူရွာသို့ ခိုးဝင်နေကြသူများမှာ ဗျိုင်းဖြူရွာအနောက်ဖက်ရှိ သံတော်လီကျေးရွာအပါအဝင် မင်းဒြားချိတ်ရွာဟောင်းနှင့် ရွှေပြည်သာရပ်ကွက်တို့မှ ပါဝင်ကြောင်း သိရသည်။

ဗျိုင်းဖြူရွာအား ဝင်ရောက်ခွင့် စစ်ကောင်စီက ကန့်သတ်ထားသော်လည်း ခိုးဝင်ကြပြီး နေအိမ်များကို ဖျက်ဆီး ယူဆောင်နေကြခြင်းကို တားဆီးရန် လိုအပ်သည်ဟု ဗျိုင်းဖြူရွာသားများက ဆိုသည်။

” ကျေးရွာသားတွေကို ဝင်ခွင့်မပေးဘူးဆိုရင် ကျေးရွာထဲခိုးဝင်ပြီး နေအိမ်ဖြိုဖျက်နေတဲ့ သူတွေ၊ အိမ်တွေက ပစ္စည်းတွေ ယူနေတဲ့သူတွေကိုလည်း အသေအချာ တားဆီးသင့်တယ်။ အခုက ရွာသားတွေမှာ ရွာကလည်း ထွက်နေကြရတယ်။ အိမ်လည်း အဖြိုခံနေရတယ်။ တိုက်ပွဲတွေကြောင့် ပျက်စီးရတာလည်းမဟုတ်ဘဲ ဒီအတိုင်းကြီးအဖျက်စီးခံနေရတဲ့ အဖြစ်မျိုးက မဖြစ်သင့်ဘူး။ အခုရွာကို စောင့်ကြည့်နေတဲ့ စစ်ကောင်စီတပ်တွေက နေအိမ်တွေကို ဖြိုဖျက်ခွင့်ပေးထားသလိုမျိုး ဖြစ်နေတယ်” ဟု ပြောသည်။

မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူရွာထဲကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့ ဝင်ရောက်လာပြီး အမျိုးသမီးအချို့အပါအဝင် အမျိုးသား ၂၀၀ ကျော်ကို ဖမ်းဆီးကာ ယင်းအထဲက ၈၀ ဦးခန့်ကို စစ်ကောင်စီက ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ခဲ့သည်။

ကျန်ရွာသားများကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားကာ ယင်းအထဲက ၅၀ ဦးခန့်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ခေါင်းစဉ်တပ်ကာ စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲထားကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular